Advertisement

By Nay Thiha

ဒါရိုက်တာ Jordan Peele ဟာ ၂၀၁၇ကသူ့ရဲ့ထိတ်လန့်သည်းဖိုရုပ်ရှင် Get Out နဲ့ကမ္ဘာတလွှားက ပရိသတ်တွေကို ခြောက်လှန့်နိုင်ခဲ့ပြီး ဒီနှစ်မှာလည်းရင်တဖိုဖိုနဲ့ကြည့်ရမယ့် နောက်ထပ်ဇာတ်ကားတကားကိုထုတ်လုပ်ပေးခဲ့တယ်။

ဒီဆောင်းပါးမှာတော့မကြည့်ရသေးတဲ့သူတွေအတွက် spoiler free ဇာတ်လမ်းအကျဉ်းအရင်ရေးပြီး ကြည့်ပြီးသွားတဲ့သူတွေကိုတော့ ဇာတ်လမ်းထဲကအကြောင်းအရာတချို့ကိုရှင်းပြချင်ပါတယ်။

Adelaide (Lupita Nyong’o) ဟာငယ်စဉ်က Santa Cruz ဆိုတဲ့ပင်လယ်ကမ်းခြေတခုပေါ်မှာ သူ့မိဘတွေနဲ့လူကွဲသွားပြီး မှန်တွေနဲ့မွမ်းမံထားတဲ့ပဉ္စလက်ခန်းမတခုထဲဝင်ကြည့်ရာကနေ သူနဲ့ချွတ်စွပ်တူတဲ့ကလေးမလေးတယောက်နဲ့တွေ့ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းအချိန်တခုကြာတဲ့အထိစကားမပြောနိုင်တော့တာမို့ မိဘတွေကစိတ်ရောဂါကုဆရာဝန်နဲ့ပြကြည့်တော့မိဘတွေနဲ့လူချင်းကွဲသွားတဲ့အတွက်အကြောက်လွန်သွားလို့ စကားမပြောနိုင်တာလို့ဆရာဝန်ကမှတ်ချက်ချတယ်။ ဒါပေမယ့်နောက်ပိုင်းမှာသာမန်လူတယောက်လိုနေနိုင်သွားပြီးသားသမီးနှစ်ယောက်နဲ့ မိသားစုဘ၀လေးပိုင်ဆိုင်လာခဲ့တယ်။

တနေ့မှာသူတို့ရဲ့နွေရာသီအပန်းဖြေအိမ်ကနေ Santa Cruz ကမ်းခြေကိုသွားလည်ကြရာက Adelaide ဟာသူငယ်ငယ်က၀င်သွားခဲ့တဲ့မှန်ပဉ္စလက်အိမ်ကိုပြန်တွေ့ခဲ့တယ်။ အဲ့ဒီနေ့ညမှာပဲသူတို့အိမ်ထဲကိုသူတို့နဲ့ ချွတ်စွတ်တူတဲ့မိသားစုတစုဝင်ရောက်လာပြီး အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်။ သူတို့ဟာ အနီရောင်ဝတ်စုံတွေဝတ်ထားပြီး ကတ်ကြေးကိုလက်နက်အဖြစ်သုံးတယ်။

သူတို့ဟာ Adelaide တို့မိသားစုကိုဖမ်းထားလိုက်တယ်။ ကိုယ်ပွားအုပ်စုမှာ Adelaide နဲ့ရုပ်တူတဲ့အမျိုးသမီး Red တယောက်တည်းကသာစကားပြောနိုင်ပြီး ပျော်ရွှင်စွာနေထိုင်ရတဲ့မိန်းကလေးတယောက်နဲ့ စိတ်ဆင်းရဲကိုယ်ဆင်းရဲစွာနေထိုင်ရတဲ့ သူမရဲ့အရိပ်အကြောင်းပုံပြင်ကိုပြောပြတယ်။ ပြီးတော့ Adelaide ရဲ့အမျိုးသား Gabe ကိုသူ့ကိုယ်ပွား Abraham ကအိမ်ပြင်ကိုဆွဲထုတ်သွားပြီး Adelaide ရဲ့သမီး Zora ကိုတော့ Red ကရှေ့ကပြေးခိုင်းပြီး သူ့ကိုယ်ပွား Umbrae ကိုနောက်ကလိုက်ခိုင်းတယ်။ သားဖြစ်သူ Jason ကိုတော့ သူ့ကိုယ်ပွား Pluto နဲ့အတင်းကစားခိုင်းပါတယ်။

ဒီရုပ်ရှင်က trailer စကြည့်ကတည်းက ခြောက်ခြားစရာကောင်းပြီး မေးခွန်းတွေနဲ့ပြည့်နေတဲ့ရုပ်ရှင်ပါ။ Trailer ကြည့်ပြီးသွားတာနဲ့ သူတို့ရဲ့ကိုယ်ပွားတွေဘယ်လိုဖြစ်ပေါ်လာတာလဲ။ သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ။ Adelaide တို့မိသားစုအသက်အန္တရာယ်ကလွတ်မြောက်နိုင်ပါ့မလား စသဖြင့်ခေါင်းထဲမှာပုစ္ဆာတွေအများကြီးပေါ်ထွက်လာတယ်။ ဒီပုစ္ဆာတွေကိုအဖြေညှိချင်တယ်ဆိုရင်တော့ ငွေရောင်ပိတ်ကားပေါ်မှာကြည့်ရှုလိုက်ပါနော်။

အခုကြည့်ပြီးသားသူတွေတော်တော်များများမရှင်းလင်းတဲ့အချက်အလက်လေးတွေအကြောင်း ပြောပြတော့မှာဖြစ်တဲ့အတွက် spoiler ပါမယ်ဆိုတဲ့အကြောင်းကြိုပြောပါရစေ။

Jeremiah 11:11

Jeremiah 11:11 ဆိုတာကတော့ဂျိမ်းစ်ဘုရင် (king James) ရဲ့သမ္မာကျမ်းစာထဲက စာပိုဒ်တပိုဒ်ဖြစ်ပြီး “ဤသို့ဖြင့်အရှင်ကမိန့်ဆိုသည် – သူတို့အပေါ်ကပ်ဘေးဒုက္ခများကျရောက်စေမည်။ တယောက်မှပြေး၍မလွတ်စေရ။ ငါ၏နာမည်ကိုအော်ဟစ်သနားခံကြပါစေ၊ ငါကားနားထောင်လိမ့်မည်မဟုတ်” လို့ဆိုလိုပါတယ်။ ဂျူးလူမျိုးတွေကအယူမှားပြီးရုပ်တုကိုးကွယ်နေကြတဲ့အတွက် ဘုရားသခင်ကမကျေနပ်ကြောင်း တမန်တော် Jeremiah ကသတိပေးပါတယ်။ ရုပ်ရှင်ထဲမှာတော့ Adelaide တို့ရဲ့မိတ်ဆွေ Kitty တို့ဟာအနေအထိုင်ပေါ့ပျက်တဲ့အတွက် ကိုယ်ပွားတွေရဲ့တိုက်ခိုက်မှုကိုမခုခံနိုင်ခဲ့တာ၊ ကိုယ့်အားကိုယ်မကိုးဘဲနည်းပညာကိုသာအားကိုးနေတဲ့အတွက် Kitty သေခါနီးအချိန်မှာရဲခေါ်တာတောင် အိမ်သုံးနည်းပညာစနစ်ကအလုပ်မဖြစ်ခဲ့ကြောင်းပြချင်တဲ့သဘောပါ။ 11:11 ဆိုတာကတော့ ရုပ်ရှင်ရဲ့အဓိကအကြောင်းအရာဖြစ်တဲ့ ကိုယ်ပွားတွေကိုကိုယ်စားပြုတဲ့နိမိတ်ပုံဖြစ်ပါတယ်။

Hands Across America

ရုပ်ရှင်စစချင်းတီဗီပေါ်မှာ Hands Across America ဆိုတဲ့အစီအစဉ်တခုလာနေတာ သတိထားမိကြမှာပါ။ အဲ့ဒီအစီအစဉ်ဟာ ၁၉၈၆ခုနှစ်ကတကယ်ရှိခဲ့တဲ့အစီအစဉ်ဖြစ်ပြီး USA for Africa ဆိုတဲ့အဖွဲ့အစည်းက ဦးဆောင်ပါတယ်။ ရည်ရွယ်ချက်ကတော့ အိမ်ခြေရာခြေမဲ့ပြီး အငတ်ဘေးသင့်နေတဲ့အမေရိကန်ပြည်သူ တွေကိုကူညီဖို့ New York ကနေ California အတွင်းနေထိုင်ကြတဲ့ ပြည်သူ ၆သန်းဆီကနေ တယောက်ကို ၁၀ဒေါ်လာခန့်အလှူငွေကောက်ခံမယ့်အစီအစဉ်ဖြစ်ပါတယ်။ ဒေါ်လာသန်း ၁၀၀ရဖို့မျှော်မှန်းခဲ့ပေမယ့် ၁၅သန်းသာရခဲ့တဲ့အတွက် အစီအစဉ်ကိုကျင်းပရတဲ့စရိတ်စကကာမိရုံသာရတာမို့ မအောင်မြင်ခဲ့ပါဘူး။

Gold Scissors

ရွှေရောင်ကတ်ကြေးတွေဟာ ကိုယ်ပွားတွေအဓိကသုံးတဲ့လက်နက်ဖြစ်ပြီး လက်နက်အများကြီးထဲကမှ ဘာလို့ကတ်ကြေးကိုမှသုံးရသလဲလို့ မေးစရာရှိပါတယ်။ EW မဂ္ဂဇင်းနဲ့အင်တာဗျူးမှာတော့ ဒါရိုက်တာ Peele ကကတ်ကြေးဆိုတာ အသွား ၂ခုပေါင်းမှတခုဖြစ်တဲ့အတွက် ဇာတ်ကောင်တွေနဲ့သူတို့ရဲ့ကိုယ်ပွားတွေရဲ့ ဆက်နွယ်မှုကိုကိုယ်စားပြုတာပါလို့ ရှင်းပြခဲ့ပါတယ်။

The Tethered

ဒီ (The Tethered) ကိုယ်ပွားတွေဟာအစိုးရကပြည်သူတွေကိုထိန်းချုပ်ဖို့သူတို့ရဲ့ DNA တွေကိုလျှို့ဝှက်မြေအောက်စခန်းတွေမှာ ပွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်ကိုယ်ပွားတွေရဲ့အသိစိတ်ကလူတွေလိုမဟုတ်တဲ့အတွက် ဒီစီမံကိန်းကမအောင်မြင်ခဲ့ပါဘူး။ ကိုယ်ပွားတွေမှာကိုယ်ပိုင်အသိစိတ်မရှိဘဲ မူရင်းပြည်သူတွေရဲ့လွှမ်းမိုးမှုခံရပြီး သူတို့ပြုမူနေထိုင်တဲ့အတိုင်းနေနေကြရတယ်။ အဲ့ဒီမှာအပြင်ကလူသားအစစ်ဖြစ်တဲ့ Adelaide ဟာငယ်စဉ်ကတည်းက သူ့ကိုယ်ပွားရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပြီး မြေအောက်စခန်းထဲမှာပိတ်လှောင်ခံခဲ့ရတယ်။ ကိုယ်ပွားက Adelaide ရဲ့နေရာဝင်ယူပြီးသူ့တဖြည်းဖြည်းနဲ့ကိုယ်ပိုင်အသိစိတ်ရလာခဲ့တယ်။ Adelaide အစစ်ကတော့ ကိုယ်ပွားတွေနဲ့သာနေခဲ့ရပြီး ပင်ပန်းဆင်းရဲစွာကြီးပြင်းလာရပါတယ်။ ဒါကြောင့် Tethered တွေကြားထဲ Red တယောက်တည်းကသာစကားပြောနိုင်တာပါ။ ဒါဟာရုပ်ရှင်ရဲ့ထင်မှတ်မထားတဲ့လှည့်ကွက်တခုဖြစ်ပြီး ကိုယ်ဇာတ်လိုက်လို့ထင်နေခဲ့တဲ့အမျိုးသမီးဟာ နောက်ဆုံးမှာဗီလိန်ဖြစ်နေတယ်ဆိုတာသိလိုက်ရတဲ့ခြောက်ခြားမှုဟာ ရုပ်ရှင်တကားလုံးမှာတွေ့ခဲ့ရတဲ့ခြောက်ခြားစရာဇာတ်ဝင်ခန်းတွေအားလုံးထက်သာလွန်ပါတယ်ခင်ဗျာ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here