Singapore Tourism Board (STB) ဟာ MRTV-4 နှင့်ပူးပေါင်းပြီး ချစ်ခြင်းတရားတို့ရှိရာ အမည်ရ အပိုင်း ၂၀ ပါ ဒရာမာဇာတ်လမ်းတွဲကြီးကို ဒီနှစ်သင်္ကြန်အမီပြသနိုင်ဖို့ဆောင်ရွက်နေကြောင်းသိရပါတယ်။ STB နှင့် MRTV-4 တို့က၎င်းဒရာမာဇာတ်လမ်းတွဲကြီးကို မတ်လ ၉ရက်နေ့က JCGV Junction City မှာ တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။
၎င်းဇာတ်လမ်းတွဲကို MRTV-4 ရုပ်သံလိုင်းတွင် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့အထိ တနင်္လာမှ သောကြာအထိ ရက်များအတွင်း ည ၇ နာရီအချိန်မှာပြသသွားဖို့စီစဉ်ထားပါတယ်။ ၎င်းဇာတ်လမ်းတွဲကို စင်ကာပူမှာတစ်စိတ်တစ်ပိုင်း ဇာတ်အိမ်တည် ရိုက်ကူးထားပါတယ်။
စားဖိုမှူးတယောက်ဖြစ်ဖို့ကြိုးစားနေတဲ့ မြတ်မိုးဆွေ (ကောင်းမြတ်စံ) ဟာစင်ကာပူကအမျိုးအစား စုံလင်လှတဲ့ အစားအသောက်တွေနဲ့ သူ့ပတ်ဝန်းကျင်က foodie တွေကနေတဆင့်ဟင်းချက်နည်း ပညာကိုလေ့လာပါတယ်။ သူဟာကမ္ဘာ့အဆင့်မီ အစားအသောက်ဆိုင်ရာသင်တန်းကျောင်း At-Sunrice GlobalChef Academy မှာလေ့ကျင့်သင်ယူနေပါတယ်။ သက်သက်ဇော် (ဆောင်းဝတ်ရည်မေ) ကတော့ဓာတ်ပုံပညာရှင်ဖြစ်ဖို့လေ့လာနေသူဖြစ်ပြီး Garden by the Bay မှာရှိတဲ့ Supertrees များမှသည် အမျိုးစုံလင်လှတဲ့မျိုးနွယ်စုများစုရုံးနေထိုင်ရာနေရာများအထိ ပါဝင်တဲ့စင်ကာပူရဲ့မြို့ပြမြင်ကွင်းမှတဆင့် သူမရဲ့အမြင်နဲ့စိတ်ကူးစိတ်သန်းကိုပြသဖို့ကြိုးစားနေပါ တယ်။ သူတို့နှစ်ယောက်ဟာအိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ကြိုးစားရင်းချစ်ကျွမ်းဝင်သွား ကြပုံကိုရှုစားကြရမှာပါ။
ချစ်ခြင်းတရားတို့ရှိရာ ဇာတ်လမ်းတွဲရဲ့နောက်ခံတေးသီချင်းကို နာမည်ကြီးမြန်မာအဆိုတော်တစ်ဦး ဖြစ်သည့်အပြင် STB ၏ key opinion leader လည်းဖြစ်သော ဟဲလေးနှင့် နာမည်ကြီး စင်ကာပူရက်ပ်ပါ THELIONCITYBOY တို့မှအတူသီဆိုထားပါတယ်။ ဟဲလေးနှင့် THELIONCITYBOY တို့ဟာလေးလကြာကာလအတွင်း စာသားနှင့်သံစဉ်တို့ကိုပူးပေါင်း ဖန်တီးရေးသားခဲ့ပြီး Music Video ကို စင်ကာပူတွင်ရိုက်ကူးခဲ့ပါတယ်။ အရင်နှစ်ကကျင်းပခဲ့တဲ့ Singapore Festival 2018 တွင် ပထမဆုံး ထုတ်ဖော်ပြသခဲ့သည့် Music Video ဟာနေရာစုံသို့ ပျံ့နှံ့သွားခဲ့ပြီး Facebook ပေါ်တွင် အကြိမ် ၂၇၀၀၀၀ ကြည့်ရှုခြင်းခံခဲ့ရပါတယ်။

Photos credit: STB