By Sithu Han
ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလား(၃)ကြိမ်ဆက် စံချိန်တင်အောင်မြင်မှုနဲ့ ရာသီပိတ်သိမ်းခဲ့ပေမယ့် ရာသီကုန်ပြီး မကြာခင်မှာပဲ အသင်းရဲ့အဓိကအရေးပါသူတွေဖြစ်တဲ့နည်းပြဇီဒန်းနဲ့ အဓိက တိုက်စစ်မှူး ရော်နယ်ဒိုကို ထွက်ခွာခွင့်ပြုခဲ့ချိန်မှာ ပရိတ်သတ်တွေရဲ့ဝေဖန်မှုကို အကြီးအကျယ်ခံခဲ့ရတာသတိထားမိခဲ့ကြမှာပါ။ ပြီးခဲ့တဲ့ရာသီတွေမှာ စံချိန်တင်အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ရီးယဲလ်အနေနဲ့ အဓိကအရေး ပါသူ နှစ်ယောက်ကို ထွက်ခွာခွင့်ပြုခဲ့ပေမယ့် အောင်မြင်မှုလမ်းကြောင်းအပေါ် ဆက်လက်လျှောက်လှမ်းနိုင်မယ်လို့ အသင်းဥက္ကဌပီရက်ဇ်ဟာ တွေးဆခဲ့ပုံပါပဲ။
ဒါပေမယ့် ရီးယဲလ်ဟာ နည်းပြဇီဒန်းနေရာ အစားထိုးခန့်အပ်မှုက စတင်ပြီး အလွဲအမှားတွေနဲ့ ကြုံတွေ့ခဲ့ ရပါတယ်။ ရီးယဲလ်ဟာ အသင်းနည်းပြသစ်နေရာအတွက် ကမ္ဘာ့ဖလားအတွက် ပြင်ဆင်နေတဲ့ စပိန်နည်းပြ လိုပတ်တယ်ဂီကို တရားမဝင်ခန့်အပ်ခဲ့တာကြောင့် စပိန်အသင်းနဲ့ ပရိတ်သတ်တွေရဲ့ ငြိုငြင်မှုကို ထပ်မံကြုံ တွေ့ခဲ့ရပါတယ်။ ရီးယဲလ်နဲ့ တရားမဝင်သဘောတူညီမှုရယူခဲ့တာကြာင့် စပိန်အသင်းကထုတ်ပယ်ခံခဲ့ရတဲ့ လိုပတ်တယ်ဂီဟာ ရီးယဲလ်ကိုရလဒ်ကောင်းအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ လိုပတ်တယ်ဂီ နေရာမှာ ရီးယဲလ်(ဘီ) အသင်းနည်းပြ ဆိုလာရီကို ထပ်မံခန့်အပ်ခဲ့ပါတယ်။
ဒါပေမယ့် နည်းပြသစ်ဆိုလာရီလက်ထက်မှာလည်း ရီးယဲလ်ရဲ့ ရလဒ်ဆိုးတွေကရပ်တန့်သွားခြင်းမရှိပါဘူး။ ရီးယဲလ်အတွက် ပိုမိုအထိနာစေခဲ့တာကတော့ မကြာသေးခင်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့မှာ မမျှော်လင့်ပဲ အေဂျက်အသင်းကို (၁-၄)ဂိုးနဲ့ အရေးနိမ့်ပြီး ချန်ပီယံလိဂ်ဖလား ကာကွယ်နိုင်ခွင့် လက်လွတ်ခဲ့ရတာပါ။
ဒီလိုရလဒ်ဆိုးရွားနေတဲ့ အခြေအနေမျိုးမှာ ရီးယဲလ်အသင်းဟာ အသင်းနဲ့ပရိတ်သတ်တွေအတွက် စိတ်ကျေနပ်နိုင်စေမယ့် ခန့်အပ်မှုတစ်ခုကို ဒီနေ့မှာပဲ ကြေငြာခဲ့ပါတယ်။ ဒါကတော့ နည်းပြဇီဒန်းကို အသင်းနည်းပြအဖြစ်ပြန်လည်ခန့်အပ်တဲ့ သတင်းပါ။ နည်းပြဇီဒန်းဟာ ရီးယဲလ်အသင်းက ထွက်ခွာခဲ့ပြီးနောက် ဥရောပထိပ်သီးအသင်းအများအပြားရဲ့ကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့် အသင်းဟောင်းကိုပဲကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
နည်းပြဇီဒန်းက “အသင်းက ထွက်ခွာခဲ့တဲ့အချိန်ဟာ သင့်တော်တဲ့အချိန်ပါ။ အဲ့ဒီချိန်ကတည်းက ကမ်လှမ်းမှု တွေရှိပေမယ့် ရီးယဲလ်မှာနေဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဆုဖလားအားလုံးကို သိမ်းပိုက်နိုင်တဲ့ အသင်းအနေနဲ့ အပြောင်းအလဲလုပ်ဖို့ လိုအပ်တယ်လို့ ယူဆခဲ့တာကြောင့် အသင်းက ထွက်ခွာခဲ့တာပါ။ အသင်းဥက္ကဌ ပြန်ခေါ်ခဲ့တာကြောင့် ကျွန်တော် ဒီနေရာမှာ ရှိနေတာပါ။ အသင်းကို ပြန်လာရတာ ပျော်သလို ပရိတ်သတ်အများအပြားက အသင်းကိုချစ်တာကြောင့် တာဝန်ကြီးမားပါတယ်။
ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ ချန်ပီယံလိဂ်ဆွတ်ခူးခဲ့ပေမယ့် ဒီရာသီမှာတော့ လာလီဂါမှာ မျှော်လင့်ချက်မရှိတော့သလို ချန်ပီယံလိဂ်ကနေလည်း ထွက်ခွာခဲ့ရပါတယ်။ ကျွန်တော်တို့ အခြေအနေတွေကို ပြောင်းလဲရမှာဖြစ်ပြီး လက်ရှိမှာ ကျွန်တော်တို့ ဆွေးနွေးပြီး အစီအစဉ်ချဖို့ အချိန်ရှိပါတယ်။ လိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားနေပါတယ်။ ဒါပမေယ့် ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်ဟာ အသင်းကို ဒီလိဂ်မှာပဲ ကိုင်တွယ်ခဲ့ သူပါ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
နည်းပြဇီဒန်းဟာ လက်ရှိမှာ အသင်းရဲ့အဓိကတိုက်စစ်မှူး ရော်နယ်ဒို မရှိတော့ပေမယ့် လက်ရှိစုဖွဲ့မှုနဲ့ အသင်းရဲ့ရလဒ်ပိုင်းကိုအာရုံစိုက်သွားမှာဖြစ်ပြီး လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်ကောင်းရန် အဓိကပြင်ဆင်သွားဖို့ရှိ နေပါတယ်။ လက်ရှိရာသီ ကုန်ဆုံးခါနီးမှာတော့ ရီးယဲလ်အသင်းမှာ အပြောင်းအလဲ ကြီးကြီး မားမား မြင်တွေ့ရဖို့မရှိပေမယ့် လာမယ့်အပြောင်းအရွေ့ဈေးကွက်မှာတော့ အသင်းအတွက် ခြေစွမ်း ပြနိုင်မယ့် ကစားသမားတွေ ဖြည့်တင်းသွားဖို့ ရှိနေပါတယ်။
၂၀၁၈-၁၉ ဘောလုံးရာသီ ကုန်ဆုံးခါနီးမှာတော့ နည်းပြဇီဒန်းရဲ့ ရီးယဲလ်အသင်းကို တစ်ကျော့ပြန်တာဝန်ယူ ကိုင်တွယ်မှုနဲ့အတူ ရလဒ်ကောင်းတွေ ပြန်လည်မြင်တွေ့ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။ လာမယ့်အပြောင်း အရွှေ့ဈေးကွက်မှာလည်း ရီးယဲလ်ဟာ လိုအပ်ချက်တွေရှိနေတဲ့ အသင်းတိုက်စစ်နေရာမှာ ထိပ်တန်းကစားသမားတွေ အားဖြည့်ဖို့ရှိနေပါတယ်။ တစ်ကျော့ပြန်နည်းပြဇီဒန်းအနေနဲ့ ရီးယဲလ်အသင်းကို နောက်ထပ် ဆုဖလားစံချိန်သစ် တွေ ရရှိအောင် စွမ်းဆောင်နိုင်မလား၊ ဥရောပချန်ပီယံအသင်းတွေကြားထဲ ကြယ်စင်စုတွေကို ထပ်မံတောက်ပလာအောင် ပြန်လည်အသက်သွင်းနိုင်မလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာပါ။