Advertisement

By Nay Thiha

ဂန္ထ၀င်ကာတွန်းကားတွေကို လူသရုပ်ဆောင်တွေ သက်ရှိနဲ့မခြားတူညီတဲ့ CGI တွေနဲ့ပြန်ပြီး ရိုက်ကူးပုံဖော်ထားတဲ့ Disney ရဲ့ Dumbo ဟာ box office မှာထိပ်ဆုံးနေရာကိုယူနိုင်ခဲ့ပေမယ့် မျှော်လင့်ထားသလောက်မအောင်မြင်ခဲ့ပါဘူး။

အမေရိကန်ပြည်ထောင်စုမှာရုံတင်ပြီးပထမအပတ်အတွင်း ဒေါ်လာ သန်း ၅၀ရလိမ့်မယ်လို့ ရုပ်ရှင်လုပ်ငန်းအတွင်းကပညာရှင်တွေခန့်မှန်းခဲ့ကြပေမယ့် လက်တွေ့မှာတော့ ၄၅သန်းသာရရှိခဲ့ပါတယ်။ သူ့အရင်က Disney live-action remake တွေဖြစ်တဲ့ Cinderella, Maleficent, Jungle Book နဲ့ Beauty and the Beast တို့လောက်မအောင်မြင်ခဲ့ပါဘူး။ တချို့ဝေဖန်ရေးသမားတွေကတော့ ယနေ့ခေတ်ကလေးတွေအနေနဲ့ မူရင်းဇာတ်လမ်း Dumbo (၁၉၄၁) နဲ့အနည်းငယ်စိမ်းနေတဲ့အတွက် remake ကိုသိပ်စိတ်မ၀င်စားကြတာဖြစ်နိုင်ကြောင်းဆိုပါတယ်။ Tim Burton ရဲ့တင်ဆက်မှုဟာ အရမ်းရင့်ကျက်လွန်းတဲ့အတွက် ကလေးငယ်တွေနားလည်ခံစားနိုင်ဖို့မလွယ်ဘူးလို့ပြောကြတဲ့သူတွေလည်း ရှိပါတယ်။ ကျနော်ကတော့ Dumbo ဟာကလေးတွေထက် လူငယ်တွေလူကြီးတွေအတွက်ပိုသင့်တော်တယ် လို့မြင်တယ်။ ကျနော်ကိုယ်တိုင်လည်း Dumbo ကိုစိတ်ထဲဘ၀င်မကျတာတချို့ရှိပေမယ့် ခြုံပြောရရင်တော့သဘောကျပါတယ်။

ဇာတ်လမ်းကမူရင်းကာတွန်းရုပ်ရှင်ကနေသိသိသာသာခွဲထွက်သွားတယ်။ အခုဇာတ်လမ်းမှာ ဇာတ်ကောင်သစ်တွေလည်းအများကြီးပါလာပါတယ်။ အထင်ရှားဆုံးက မူရင်းကာတွန်းကားထဲမှာ Dumbo ကိုစောင့်ရှောက်အားပေးခဲ့တဲ့ကြွက်ကလေး Timothy နေရာမှာ Milly နဲ့ Joe တို့မောင်နှမက အစားဝင်လာတာပါ။ Timothy ကိုအမှတ်ရတဲ့အနေနဲ့ ဆပ်ကပ်ထဲကကြွက်ကလေးတကောင်ကို အနီရောင်တီးဝိုင်းခေါင်းဆောင်ဝတ်စုံလေးဝတ်ပေးထားတာကိုတွေ့ရပါတယ်။

၁၉၁၉ မှာဇာတ်အိမ်တည်ထားတဲ့ဒီရုပ်ရှင်မှာ Holt (Colin Farrell) ဟာပထမကမ္ဘာစစ်ပြန်တယောက်ဖြစ်ပြီး မူလက Medici Circus ကမြင်းစီးသရုပ်ဆောင်တယောက်ပါ။ သူ့အမျိုးသမီးကစစ်အတွင်းမှာ ကွယ်လွန်သွားခဲ့ပြီးနောက် မိတဆိုးဖြစ်နေတဲ့ကလေး ၂ယောက် (Milly နဲ့ Joe) တို့ကိုစောင့်ရှောက်နေရသူ ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်းစစ်အတွင်း လက်တဘက်ဆုံးရှုံးလိုက်ရပါတယ်။ ဆပ်ကပ်အဖွဲ့ဟာငွေကြေးအကြပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့အတွက် Holt ရဲ့မြင်းတွေကိုရောင်းလိုက်ရပြီး သူ့ကိုဆင်တွေကိုစောင့်ရှောက်သန့်ရှင်းရေးလုပ်ဖို့တာဝန်ပေးပါတယ်။

မွေးကတည်းကနားရွက်ကြီးမတန်တဆကြီးနေတဲ့ Dumbo ဟာဆပ်ကပ်ထဲမှာဝင်ရောက်ဖျော်ဖြေခဲ့ပေမယ့် ပရိသတ်တွေရဲ့လှောင်ပြောင်သရော်ခြင်းကိုသာခံခဲ့ရတယ်။ Dumbo ဆိုတဲ့နာမည်ကိုရခဲ့ပုံကလည်း မူရင်းကာတွန်းဇာတ်လမ်းနဲ့ကွဲပြားတယ်။ ကာတွန်းကားထဲမှာဆပ်ကပ်ထဲကဆင်မကြီးတွေက သူ့ကို dumb ဖြစ်တယ်ဆိုတဲ့သဘောနဲ့ Dumbo (အူကြောင်ကြားလေး) လို့ပြောင်လှောင်ခေါ်ရာကနေ နာမည်တွင်သွားတာပါ။ အခုရုပ်ရှင်မှာတော့ဆပ်ကပ်ထဲမှာ ဆင်ပေါက်လေးကိုကလေးပုံစံဝတ်ပေးပြီး တွန်းလှည်းထဲတွန်းသွားတဲ့ပြကွက်ထည့်သွင်းထားပါတယ်။ ဆင်ကလေးရဲ့နားရွက်ကြီးတွေကိုမြင်တော့ ပရိသတ်တွေလှောင်ပြောင်သရော်ကြရာကနေ ရုတ်ရုတ်သဲသဲဖြစ်သွားပြီးသူ့တွန်းလှည်းအပေါ်ကဆိုင်းဘုတ်မှာ Dear Baby Jumbo လို့ရေးထားတဲ့စာလုံးလေးတွေမှာ J ကပြုတ်သွားပြီး အပေါ်က D ကအောက်ကို ပြုတ်ကျလာတော့ Dumbo ဆိုတဲ့စာသားဖြစ်သွားတယ်။ ပရိသတ်တွေကအဲ့ဒါကိုမြင်ပြီး Dumbo လို့ဝိုင်းအော်ကြပါတယ်။ Jumbo လို့ခေါ်တဲ့သူ့အမေကိုဆပ်ကပ်ပိုင်ရှင်က ပြန်ရောင်းလိုက်တော့ သူ့အမေနာမည်နဲ့တွဲပြီး Baby Jumbo လို့ခေါ်နေရင်အမေကိုအမြဲလွမ်းနေလိမ့်မယ်ဆိုပြီး Milly က Dumbo လို့ပြောင်းခေါ်ရာကနေ နာမည်တွင်သွားတာပါ။

မူရင်းကာတွန်းဇာတ်လမ်းထဲက Baby Mine သီချင်းဟာကျနော့်စိတ်ကိုလှုပ်ခတ်အောင်လုပ်နိုင်တုန်းပါပဲ။ ရထားတွဲထဲမှာ Jumbo ကိုပိတ်လှောင်ထားတဲ့အချိန် သံတိုင်တွေကြားကနေသူ့သားလေး Dumbo ကိုနှာမောင်းနဲ့ပွေ့ဖက်နေတဲ့အချိန်မှာ ဆပ်ကပ်ထဲကအမျိုးသမီးတယောက်က Baby Mine သီချင်းကို မယ်ဒလင်လေးနဲ့ဆိုတာတကယ်စိတ်မကောင်းဖြစ်ရတယ်။ လူတွေကိုဖျော်ဖြေဖို့အတွက် တိရစ္ဆာန်လေးတွေမှာ အနှောင်အဖွဲ့နဲ့နေရ မိခင်နဲ့ကလေးတကွဲတပြားဖြစ်ရတဲ့အခြေအနေကိုကြည့်ပြီး ဆပ်ကပ်ထဲမှာတိရစ္ဆာန်တွေကို အသုံးတော်ခံစေတဲ့ဓလေ့ကိုဆန့်ကျင်ဖို့အသံတခုဖြစ်ကောင်းရဲ့လို့တွေးမိတယ်။

ဒါပေမယ့်တိရစ္ဆာန်တွေရဲ့အခန်းကဏ္ဍဟာဒီလောက်နဲ့တင်ပြီးသွားပါတယ်။ ကျန်တာက Dumbo ကိုသူ့မိခင်နဲ့ပြန်ဆုံခွင့်ပေးဖို့ Milly တို့ကြိုးစားကြပုံ၊ ဖျော်ဖြေရေးလုပ်ငန်းရှင်သူဌေးကြီး Vandevere အကျင့်ယုတ်ပုံ၊ ဆပ်ကပ်ထဲမှာဖျော်ဖြေပုံတွေအကြောင်းပါပဲ။ ဇာတ်ကောင်တွေကများလွန်းတော့ တယောက်ချင်းစီထင်ရှားကြွတက်မလာသလို Eva Green ရဲ့ဇာတ်ကောင်ကလည်း လုပ်ကွက်သိပ်ရှိပါဘူး။ တိရစ္ဆာန်အခွင့်အရေးနဲ့ပတ်သက်ပြီး ဒီထက်ပိုလေးနက်တဲ့ဇာတ်ကွက်မျိုးတွေလည်းမပါဘူး။ Dumbo ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိပျံသန်းနိုင်အောင်သတ္တိမွေးတဲ့ဖြစ်စဉ်ကလည်း အခုထက်ပိုပြီးခိုင်မာသင့်တယ်လို့ထင်တယ်။ (Spoiler ဖြစ်မှာစိုးလို့မပြောတော့ပါ)

အချုပ်ပြောရရင်တော့ Dumbo ဟာကလေးတွေအတွက်ဆိုရင်တော့ ၀မ်းနည်းစရာ ပျင်းစရာကောင်းနေနိုင်ပါတယ်။ ဒါပေမယ့် လူငယ်တွေနဲ့ မူလ Dumbo ကာတွန်းကားကိုနှစ်သက်သူတွေကတော့ သဘောကျမှာပါ။ မျက်ရည်လွယ်တဲ့သူတွေဆို Dumbo တို့သားအမိရဲ့ဒုက္ခကိုကြည့်ပြီးရုံထဲမှာငိုမိနိုင်လို့ တစ်ရှူးတထုပ်တော့ဆောင်သွားဖို့လိုမယ်နော်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here