Advertisement

By Nay Thiha

Myanmore ဟာမီဒီယာလုပ်ငန်းတခုဖြစ်တာနဲ့အညီ ၀န်ထမ်းတွေဟာအားလပ်ချိန်ကိုစာဖတ်ခြင်းနဲ့ ကုန်ဆုံးလေ့ရှိကြပါတယ်။ ဒီလမှာ Myanmore ၀န်ထမ်းတချို့ဖတ်နေကြတဲ့စာအုပ်တွေအကြောင်း မျှဝေချင်ပါတယ်။ စာဖတ်ပရိသတ်တွေအနေနဲ့လည်း လတ်တလောဖတ်နေတဲ့စာအုပ်တွေရှိရင် comment မှာပြောပြလို့ရသလို ကျနော်တို့ဖတ်နေတဲ့စာအုပ်တွေဖတ်ပြီးသွားပြီဆိုရင်လည်း မိမိထင်မြင်ချက်ကို comment မှာပြောပြဖို့ဖိတ်ခေါ်ပါတယ်။

Merchants of Truth by Jill Abramson

ဒီစာအုပ်ကတော့လွန်ခဲ့တဲ့နှစ်တွေအတွင်းကမ္ဘာတ၀ှမ်းကမီဒီယာတွေမှာဖြစ်ပွားခဲ့တဲ့ အပြောင်းအလဲတွေအကြောင်းရေးသားထားတာပါ။ New York Times ရဲ့ executive editor Jill Abramson ဟာ New York Times နဲ့ Washington Post တို့လို အစဉ်အလာကြီးတဲ့သတင်းစာ ၂စောင်နဲ့ BuzzFeed နဲ့ VICE တို့လိုမီဒီယာအငယ် ၂ခုကို ၁၀စုနှစ်တခုအတွင်းလေ့လာခဲ့ပြီး သစ်လွင်တဲ့ဒီဂျစ်တယ်ခေတ်မှာ အစဉ်အလာကြီးတဲ့သတင်းစာနှစ်စောင်ကျဆင်းနေချိန်မှာ မီဒီယာအသစ်နှစ်ခုကတော့အရှိန်အဟုန်နဲ့ တိုးတက်နေပုံကိုရှင်းလင်းတင်ပြထားတယ်။ ဒီလမှာဒီစာအုပ်ကိုဖတ်နေသူကတော့ Myanmore ရဲ့ managing director Andreas Sigurdsson ဖြစ်ပါတယ်။

Forrest Gump by Winston Groom

မြန်မာနိုင်ငံကလူတော်တော်များများကတော့ Forrest Gump ဆိုရင် Tom Hanks သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကိုပြေးမြင်ကြမှာပါ။ စာရေးဆရာ Winston Groom ရေးသားတဲ့ဒီဇာတ်လမ်းဟာ autism ဖြစ်နေတဲ့ကောင်လေးတယောက်ရဲ့ဘ၀ဖြတ်သန်းမှုနဲ့အတွေ့အကြုံတွေကိုရေးသားထားပြီး ဘ၀နဲ့ပတ်သက်တဲ့အတွေးအခေါ်တွေနဲ့ပြည့်နှက်နေတဲ့အတွက် ဖတ်ပြီးသွားတာနဲ့ရင်ထဲဆွေးဆွေးမြေ့မြေ့ ခံစားရသလို ဒီရောဂါဝေဒနာရှင်တွေရဲ့အကြောင်းကိုလည်းလူတွေပိုသတိထားမိစေခဲ့ပါတယ်။ Myanmore က HR manager မထက်ဝေယံမိုးကတော့လောလောဆယ်ဒီစာအုပ်ကိုလက်ကမချချင်လောက်အောင် ဖတ်ဖြစ်နေတယ်လို့ဆိုပါတယ်။

Sapiens: A Brief History of Humankind by Yuval Noah Harari

မြန်မာစာဖတ်ပရိသတ်တွေနဲ့မစိမ်းတဲ့စာအုပ်ပါ။ Myanmore က business developer Oskar Wahlback ကတော့ဒီစာအုပ်ကိုအရမ်းစိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။ လူသားမျိုးနွယ်ရဲ့ဖြစ်တည်မှု၊ ခေတ်ပြောင်းတော်လှန်ရေးကြီး ၃ခု၊ ယနေ့ခေတ်နိုင်ငံရေး စီးပွားရေး လူမှုရေးတွေဖြစ်တည်လာပုံအကြောင်း မနုဿဗေဒနဲ့ သမိုင်းရှုထောင့်တွေကနေရေးသားထားတဲ့အတွက် သုတစာအုပ်ဖြစ်ပေမယ့် ရသ၀တ္ထုဖတ်နေရသလိုစာဖတ်သူကိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ ဒီစာအုပ်ကြောင့် သမိုင်းပညာရှင် Harari ဟာကမ္ဘာတ၀ှမ်းထင်ရှားတဲ့စာရေးဆရာတယောက်ဖြစ်လာခဲ့ပြီးလူသားမျိုးနွယ်ရဲ့အနာဂတ်အကြောင်းရေးထားတဲ့ ဒုတိယတွဲ Homo Deus ကလည်းအောင်မြင်ခဲ့ပါတယ်။

Better Than Fiction 2 by Lonely Planet

ခရီးတွေထွက်ရတာဝါသနာပါတဲ့ Myanmore ရဲ့ editor ကိုမင်းရဲကျော် (aka Matt) ကတော့ Lonely Planet ရဲ့ ခရီးသွားဆောင်းပါးတွေကိုဖတ်နေပါသတဲ့။ နာမည်ကျော်ရသစာရေးဆရာတွေဖြစ်တဲ့ Dave Eggers, Jane Smiley နဲ့ Karen Joy Fowler တို့ရေးသားတဲ့ဆောင်းပါးတွေလည်းပါဝင်ပြီး နေရာအမျိုးမျိုး ရေးဟန်အမျိုးမျိုး ပြောင်းလဲသွားတာကြောင့် ဖတ်ရတာငြီးငွေ့သွားမှာမဟုတ်ပါဘူး။ ဒါကြောင့်လည်း ရသ၀တ္ထုတွေထက်ပိုကောင်းတယ်လို့ ခေါင်းစဉ်တပ်ထားတာမလွန်ပါဘူးလို့ Matt ကဆိုပါတယ်။

Saigon by Anthony Grey

၂၀ရာစုအတွင်းကပြင်သစ်ကိုလိုနီဖြစ်နေခဲ့တဲ့ Cochin-China ရဲ့မြို့တော် Saigon မှာနေနေတဲ့သူ့အဖေဆီ Joseph Sherman အလည်လာခဲ့တယ်။ လှပတဲ့ဒီနယ်မြေကိုသူမမေ့နိုင်ဘဲ ခရီးသွားတယောက်အနေနဲ့ ထပ်သွားခဲ့သလို စစ်မှုထမ်းနေတဲ့အချိန်မှာရော သတင်းထောက်အဖြစ်အလုပ်လုပ်နေတဲ့အချိန်မှာပါ ရောက်ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ကိုဖတ်နေတဲ့ Myanmore ရဲ့ sales executive ကိုရဲထက် (aka Patrick) ကတော့ ဒီဝတ္ထုကနေ ၂၀ရာစုဗီယက်နမ်မှာဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအခြေအနေ၊ ပြည်သူတွေရဲ့လူနေမှုဘ၀၊ လွတ်လပ်ရေးတိုက်ပွဲနဲ့ ပြည်တွင်းစစ်တွေအကြောင်းလေ့လာနိုင်လို့ သမိုင်းဝါသနာပါတဲ့သူအားလုံး ဖတ်သင့်တယ်လို့ညွှန်းပါတယ်။

Little Fires Everywhere by Celeste Ng

၂၀ရာစုနှောင်းပိုင်းအမေရိကန်နိုင်ငံက မိသားစုတွေအကြောင်း၊ နောက်ခံအခြေအနေချင်းမတူတဲ့အိမ်နီးချင်းတွေ ကြားဖြစ်ပွားတတ်တဲ့လူမှုရေးပြဿနာတွေနဲ့ အမေနဲ့သားသမီးတွေကြားကချစ်ခြင်းမေတ္တာ၊ မိသားစုဆက်ဆံရေးမှာဖြစ်လေ့ရှိတဲ့အဖုအထစ်လေးတွေကိုစိတ်ဝင်စားစရာဇာတ်လမ်းထဲဖော်ပြသွားတဲ့စာအုပ်ပါ။ အခုဒီဇာတ်လမ်းကို online streaming website hulu ကနေပြီး series အဖြစ်အသက်သွင်းနေပြီ လို့သိရပါတယ်။ ဒီစာအုပ်ကိုလောလောဆယ်ဖတ်နေတဲ့သူကတော့ Myanmore Plus ရဲ့ editor ကျနော် နေသီဟပဲဖြစ်ပါတယ်ခင်ဗျား။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here