Advertisement

By Nay Thiha

သင်္ကြန်ကိုအိမ်မှာနေရင်းဖြတ်သန်းမယ့်သူတွေအတွက် Netflix မှာဒီလအတွင်းအသစ်ထွက်တဲ့ original ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေအကြောင်းပြောပြချင်ပါတယ်။

Unicorn Store

Captain Marvel မှာအတူတွဲသရုပ်ဆောင်ခဲ့တဲ့ Brie Larson နဲ့ Samuel L Jackson တို့ထပ်တွေ့ကြတဲ့ ရုပ်ရှင်ပါ။ ဒီကားကို Larson ကဒါရိုက်တာအဖြစ်ရိုက်ကူးထားတာဖြစ်ပြီး ဟာသဇာတ်မြူးလေးပါပဲ။ Larson ရဲ့ဇာတ်ကောင် Kit ဟာပန်းချီလောကထဲဝင်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့တာမို့ သူ့မိဘအိမ်ပဲပြန်ပြီး ရုံးအလုပ်ပဲဝင်လုပ်နေရပါတယ်။ တနေ့မှာ Salesman (Jackson) လို့ခေါ်တဲ့သူတယောက်သူ့ကိုလာတွေ့ပြီး ၀ယ်သူတွေလိုအပ်တဲ့အရာမှန်သမျှရောင်းချပေးမယ့် The Store အကြောင်းပြောပြပါတယ်။ အဲ့ဒီမှာတော့ Kit ဟာသူငယ်ငယ်လေးထဲကလိုချင်ခဲ့တဲ့ ဒဏ္ဍာရီထဲကယူနီကောင်းမြင်းလေးကိုဝယ်ယူနိုင်ဖို့ကြိုးစားပါတော့တယ်။ ဒီရုပ်ရှင်လေးဟာကလေးဘ၀နဲ့လူကြီးဘ၀ကြားကခြားနားမှုတွေနဲ့ ငယ်စဉ်ကတည်းကမက်ခဲ့တဲ့စိတ်ကူးယဉ် အိပ်မက်တွေအကြောင်း ပေါ့ပေါ့ပါးပါးလေးတင်ဆက်ထားတာမို့ ကြည့်ပျော်တဲ့ဇာတ်ကားတကားပါ။

Trailer link: https://www.netflix.com/mm/title/81034317

The Silence

ရုပ်ရှင်ဝါသနာအိုးတွေအနေနဲ့မနှစ်က Netflix ရဲ့ရုပ်ရှင် Birdbox ကိုမကြည့်ဖူးရင်တောင်ကြားဖူးကြမှာပါ။ အခုလည်းအဲ့ဒီရုပ်ရှင်ဇာတ်လမ်းနဲ့ဆင်တူတဲ့ဇာတ်ကားတကားကိုထုတ်လုပ်လိုက်ပါတယ်။ ဒီရုပ်ရှင်ဟာလူသားတွေကိုအသံနဲ့လိုက်ပြီးဖမ်းဆီးသတ်ဖြတ်တဲ့ရှေးဟောင်းမကောင်းဆိုးရွားတွေကြောင့် လူသားမျိုးနွယ်ဘေးဒုက္ခကြုံနေတဲ့အချိန်မှာ နားမကြားတဲ့ကောင်မလေး Ally နဲ့သူ့မိသားစုဟာ လုံခြုံစိတ်ချရမယ့်နေရာလေးတနေရာကိုရှာဖွေကြတဲ့ဇာတ်လမ်းပါ။ မင်းသားကြီး Stanley Tucci လည်းပါဝင်ထားပါတယ်။ ထိတ်လန့်သည်းဖိုဇာတ်ကားတကားဖြစ်ပြီး သင်ဟာ Birdbox ကိုအကြိုက်တွေ့ခဲ့တယ်ဆိုရင် ဒီကားကိုလည်းသဘောကျမှာပါ။

Trailer link: https://www.netflix.com/mm/title/81021447

The Perfect Date

ကောလိပ်အတွက်ပိုက်ဆံရှာဖို့ Brooks Rattigan ဟာ app တခုတီထွင်ပြီး ကောင်မလေးတွေအတွက်ပွဲတက်ရည်းစားအဖြစ်အငှားလိုက်တဲ့ဝန်ဆောင်မှုကိုစတင်ခဲ့ပါတယ်။ သူ့အလုပ်အဆင်ပြေလာပြီးအပိုဝင်ငွေတွေရှာနိုင်လာပေမယ့် ကောင်မလေးတယောက်ကို တကယ်ချစ်မိသွားတဲ့အခါမှာတော့ သူ့ကိုယ်သူပြန်ဆန်းစစ်ဖို့အကြောင်းဖန်လာပါတယ်။ To All the Boys I’ve Loved Before မှာမိန်းကလေးပရိသတ်အခိုင်အမာရခဲ့တဲ့တက်သစ်စသရုပ်ဆောင် Noah Centineo ရဲ့အချစ်ဇာတ်မြူးကားလေးကိုစောင့်ကြည့်ကြပါဦးနော်။

Trailer link: https://www.netflix.com/mm/title/81019888

Ultraman (Season 1)

ကမ္ဘာမြေကနေ Ultraman ထွက်ခွာသွားအပြီး နှစ်ပေါင်းများစွာအကြာမှာသူ့ရဲ့သားဖြစ်သူဟာ အဖေရဲ့စွမ်းအင်တွေကိုအမွေဆက်ခံပြီး ကမ္ဘာကြီးကိုဂြိုဟ်သားရန်စွယ်အသစ်တွေကနေကာကွယ်ရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ မူလ Ultraman ဇာတ်လမ်းတွဲကိုနှစ်သက်သူတွေအနေနဲ့ဒီ animated series ကိုလည်းနှစ်သက်ကြမှာပါ။

Trailer link: https://www.netflix.com/mm/title/80231373

Quicksand (Season 1)

ဆွီဒင်ဘာသာစကားပြောဒီဇာတ်လမ်းတွဲဟာ ရာဇ၀တ်မှုအခြေခံဇာတ်လမ်းဖြစ်ပြီး ဆွီဒင်ကလူချမ်းသာရပ်ကွက်တခုကကျောင်းတကျောင်းမှာသေနတ်ပစ်ခတ်အကြမ်းဖက်မှုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီရာဇ၀တ်မှုအတွက် ဆယ်ကျော်သက်ကောင်မလေး Maja ဟာလူသတ်မှုနဲ့စွဲချက်အတင်ခံရတယ်။ ဒီကြေကွဲဖွယ်ဖြစ်ရပ်အကြောင်းကွင်းဆက်တွေဆက်စပ်ကြည့်လိုက်တဲ့အခါမှာတော့ ထင်မထားတဲ့အဖြစ်အပျက်တွေကိုတွေ့လာရပါတယ်။

Trailer link: https://www.netflix.com/mm/title/80211703

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here