By Alec Wilmot
မြန်မာပေါ့ဂီတလောကရဲ့ထွန်းသစ်စကြယ်ပွင့် ဆန်းသူအောင်ဟာအရှက်အကြောက်ကြီးပြီး သိမ်မွေ့သူပါ။ မန္တလေးဇာတိဖြစ်ပြီး ကချင်လူမျိုးမိခင်နဲ့တရုတ်လူမျိုးဖခင်တို့ကဆင်းသက်လာပါတယ်။ သူ့အသက် ၅နှစ်လောက်ကတည်းကသီချင်းဆိုရတာနှစ်သက်ခဲ့ပြီး ဘုရားရှိခိုးကျောင်းကဓမ္မတေးအဖွဲ့ဝင်အဖြစ် ပါဝင်သီဆိုခဲ့တယ်လို့ဆိုပါတယ်။ ပြီးတော့အိမ်မှာတယောက်တည်းဝါသနာအရသီချင်းဆိုခဲ့ပါသေးတယ်။ ဂီတလုပ်ငန်းနဲ့ပတ်သက်လို့ကြီးကြီးမားမားစိတ်ကူးထားတာမရှိခဲ့ဘဲ လူငယ်ပီပီ YouTube မှာသူပြန်လည် သီဆိုထားတဲ့မြန်မာပေါ့သီချင်းတွေကိုတင်လေ့ရှိပါသတဲ့။

သူ့အိမ်ထဲမှာပဲလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ရိုက်ကူးထားတဲ့ဗီဒီယိုလေးတွေဟာ ပြည်သူတွေကြားမှာအသင့်အတင့်နာမည်ကြီး လာခဲ့ပါတယ်။ Online ပေါ်ကပရိသတ်တွေရဲ့ အားပေးမှုကြောင့် MRTV-4 ကထုတ်လွှင့်ပြီး Samsung ကစီစဉ်တဲ့ Galaxy Star သီချင်းဆိုပြိုင်ပွဲမှာပါဝင် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ သူပါဝင်ခဲ့တဲ့ ၂၀၁၇ပြိုင်ပွဲမှာ ဒုတိယနေရာရခဲ့ပြီး online ပရိသတ်တွေရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တယ်။ ပြိုင်ပွဲကဒိုင်လူကြီးတွေရဲ့ အကြံဥာဏ်တွေကိုလည်းရခဲ့ပါသေးတယ်။
“တီဗီမှာဖျော်ဖြေရတဲ့အခါ အကြီးမားဆုံးစိန်ခေါ်မှုကတော့ ကပြရတာပါပဲ။ ပြည်သူတွေက ကကွက်ကောင်းကောင်းတွေကို ကြည့်ချင်ကြတာလေ။ ကျွန်တော်ကကောင်းကောင်းမလေ့ကျင့်မိခဲ့ဘူး” ဆန်းသူအောင်ကသူ့အတွေ့အကြုံကိုရှင်းပြပါတယ်။
သူကမြန်မာအချစ်သီချင်းအေးအေးလေးတွေကို acoustic guitar နဲ့တီးခတ်သီဆိုရတာကိုနှစ်သက်ကြောင်း ပြောပါတယ်။ ဒါပေမယ့်ရှေ့ဆက်မယ့်ဂီတလမ်းကြောင်းအတွက် ပရိသတ်တွေရှေ့ဖျော်ဖြေရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့အရင်တည်ဆောက်ရဦးမယ်လို့ဆိုပါတယ်။ ပြိုင်ပွဲအပြီးကိုယ်ဝါသနာပါတဲ့အတိုင်း သီချင်းဗီဒီယိုတွေတင်တဲ့အလုပ်ကိုပဲဆက်လုပ်နေခဲ့ပြီး ၂၀၁၈ခုနှစ်မှာ ကိုရီးယားမီဒီယာအေဂျင်စီ One Entertainment ရဲ့အလုပ်ကမ်းလှမ်းမှုကိုရခဲ့ပါတယ်။ ပြီးတော့ပထမဆုံးအယ်လ်ဘမ် Keys ကိုထုတ်လုပ်နိုင်ခဲ့တယ်။
“ကျွန်တော်ပထမဆုံးအခွေထုတ်တယ်ဆိုတာလည်းသိရော အမေ့မှာဝမ်းသာလွန်းလို့မျက်ရည်တောင် ကျတယ်ဗျ။ သူကကျွန်တော့်ကိုအရမ်းအားပေးတာ။ အဆိုတော်အများစုကသီချင်းဆိုတဲ့အခါ သူတို့မိဘတွေခွင့်မပြုလို့အခက်အခဲကြုံရတာမျိုးရှိတယ်လေ။ ကျွန်တော့်မိဘတွေကတော့သီချင်းဆိုတာ ခွင့်ပြုပါတယ်။”

အေဂျင်စီဟာဆန်းသူအောင်ရဲ့သီချင်းတွေကို ကိုရီးယားနိုင်ငံကဂီတ၀န်ဆောင်မှု app တွေဖြစ်တဲ့ Bugs နဲ့ Melon တို့အပြင် iTunes မှာပါတင်ပေးခဲ့တယ်။ သူကအခုဆိုရင် ကိုရီးယားလိုရော အင်္ဂလိပ်လိုပါသီချင်းဆိုနိုင်ဖို့ လေ့ကျင့်နေပါတယ်။ ဒါ့အပြင်အကပညာကိုပါဖြည်းဖြည်းချင်း သင်ယူနေတယ်လို့သိရတယ်။ သူ့ပထမဆုံး single သီချင်း Holding Me Back ကို ဖေဖော်ဝါရီ ၁၈ရက်နေ့မှာ ကိုရီးယားနဲ့အင်္ဂလိပ်ဘာသာစကားတွေနဲ့ ထုတ်လွှင့်ခဲ့ပါတယ်။
မြန်မာ၊ ကိုရီးယား၊ အင်္ဂလိပ် ၃ဘာသာနဲ့အယ်လ်ဘမ်ထပ်ထုတ်ဖို့ စီစဉ်နေပြီး ပေါ့သီချင်းတွေနဲ့ သီချင်းအေးအေးလေးတွေ ပါဝင်သွားမယ်လို့သိရတယ်။ ဘာသာစကားသင်ခန်းစာတွေ၊ သီချင်းသွင်းရတာတွေနဲ့ အလုပ်အရမ်းများပေမယ့် အားလပ်ချိန်မှာဂစ်တာတီးရင်း ရုပ်ရှင်ရုံမှာဟာသ ကားတွေကြည့်ရင်း အပန်းဖြေတတ်တယ်လို့ဆိုပါတယ်။ ဖုန်းနဲ့ Clash of Clans ကစားတတ်တယ်လို့လည်း ရှက်ပြုံးလေးနဲ့ပြောပါသေးတယ်။
“ရှေ့ဆက်ဘာလုပ်မလဲဆိုတာကိုတော့မပြောပြတတ်သေးဘူး။ ဘာသာစကားအမျိုးမျိုးနဲ့ဆိုထားတဲ့ သီချင်းခွေကို မြန်မာပရိသတ်တွေဘယ်လိုမြင်လဲဆိုတာတော့အရမ်းသိချင်ပါတယ်။ ဒါကအသစ်တစ်ခုပဲလေ” လို့ဆိုပါတယ်။
Translated by Nay Thiha
၂၀၁၈က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့က ဆမ်ဂမ်မှာ ဆန်းသူအောင်ရဲ့ဖျော်ဖြေမှုကိုကြည့်ရှုနိုင်ပါတယ်။