By Nay Thiha
Shazam! ဟာ DCEU ရဲ့နောက်ထပ်အောင်ပွဲတခုလို့ပြောနိုင်ပါတယ်။ တာထွက်သိပ်မကောင်းခဲ့တဲ့ DC ရုပ်ရှင်တွေဟာ Wonder Woman ကစပြီးပရိသတ်တွေနဲ့ဝေဖန်ရေးဆရာတွေရဲ့အားပေးမှုစရခဲ့တယ်။ Aquaman ကိုတော့ပရိသတ်တွေနှစ်သက်ခဲ့ပေမယ့် ဝေဖန်ရေးတွေကတော့အကောင်းအဆိုးရောနေတာ တွေ့ရပါတယ်။ Shazam! ကိုတော့ပရိသတ်တွေကော ဝေဖန်ရေးသမားတွေကပါအကြိုက်တွေ့ခဲ့ပါတယ်။
တကယ်လည်း Shazam! ဟာ Batman နဲ့ Superman တို့လောက်မရင့်ကျက်ပေမယ့်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ရုပ်ရှင်ပါ။ ကလေးငယ်တယောက်နဲ့သူ့ရဲ့မိသားစုတို့ကြားကချစ်ခြင်းမေတ္တာကို အဓိကထားရိုက်ပြသွားတာကလူတိုင်းနားလည်ခံစားနိုင်တဲ့အတွက် ပရိသတ်တွေအကြိုက်တွေ့သွားတာလည်း ဖြစ်ပါတယ်။ ထုံးစံအတိုင်းဇာတ်လမ်းအကျဉ်းနဲ့ တချို့အချက်အလက်လေးတွေရှင်းပြသွားပါ့မယ်။

Billy Batson ဟာ သူ့အမေနဲ့ငယ်ငယ်လေးထဲကကွဲသွားခဲ့တာဖြစ်ပြီး မိဘမဲ့ကလေးတွေကိုစောင့်ရှောက်ပေးတဲ့ မိသားစုတွေနဲ့တွေ့ခဲ့ပေမယ့်လည်း သူ့အမေကိုပဲရှာနေမိတယ်။ သူ့ကို Victor နဲ့ Rosa Vazquez တို့မောင်နှံက ခေါ်ယူမွေးစားခဲ့တယ်။ သူတို့အိမ်မှာသူ့လိုပဲမိဘမဲ့ကလေး ၅ယောက်ရှိပါသေးတယ်။
တနေ့မှာ Billy ဟာသူ့အိမ်ကမိဘမဲ့ကလေးတယောက်ဖြစ်တဲ့ Freddie ကိုအနိုင်ကျင့်တဲ့သူတွေဆီက ကာကွယ်ရာကနေ bully တွေလက်ထဲကလွတ်အောင်ပြေးပြီးရထားတစင်းပေါ်တက်စီးလိုက်တယ်။ အဲ့ဒီရထားဟာ ရှေးဟောင်းမှော်ဆရာကြီး Shazam နေထိုင်ရာ Rock of Eternity ဆိုတဲ့တခြားကမ္ဘာက ဘုရားကျောင်းဆီရောက်သွားတယ်။ Shazam ဟာလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက မကောင်းမှုတွေကို တွန်းလှန်ဖို့ လက်ရွေးစင်စစ်သည်တော်တယောက်ရွေးချယ်ခဲ့ပေမယ့် အဲ့ဒီလူကစိတ်ဓာတ်ပျက်ပြားပြီး အကုသိုလ်တရား ၇ပါးကိုကမ္ဘာမြေပေါ်ဆွဲခေါ်လာခဲ့တယ်။ Shazam ဟာသူ့အစွမ်းတွေကိုဆက်ခံဖို့ စိတ်သဘောထားဖြူစင်တဲ့သူတယောက်ကိုရှာနေခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။
တိုတိုပြောရရင် Shazam ဟာသူ့တန်ခိုးတွေကို Billy ဆီလွှဲပြောင်းပေးလိုက်ပြီးသေဆုံးသွားတယ်။ Billy အနေနဲ့ Shazam လို့အော်လိုက်တာနဲ့ သူ့ရဲ့တန်ခိုးတွေရသွားပြီး လူကြီးတယောက်ခန္ဓာကိုယ်ပုံပြောင်းသွားပါတယ်။

၁၉၇၄ခုနှစ်မှာ Thaddeus Sivana ဆိုတဲ့ကောင်လေးဟာလည်း Rock of Eternity ဆီရောက်ဖူးပြီး Shazam ရဲ့ရွေးချယ်မှုကိုမခံခဲ့ရပါဘူး။ သူအသက်ကြီးလာတဲ့အခါ သူ့လိုပဲ Rock of Eternity ဆီရောက်သွားပေမယ့် Shazam ရဲ့ငြင်းပယ်ခြင်းခံခဲ့ရတဲ့သူတွေအကြောင်းလေ့လာရင်း အဲ့ဒီနေရာကိုပြန်ရောက်သွားခဲ့တယ်။ သူဟာ မှော်ဆရာကြီး Shazam ဖမ်းဆီးထားတဲ့အကုသိုလ် ၇ပါးကိုလွှတ်ပေးလိုက်တယ်။ သူ့ကိုယ်ထဲအကုသိုလ် ၇ပါးဝင်ပူးနေတဲ့အချိန်မှာ တန်ခိုးစွမ်းအားအမျိုးမျိုးသုံးနိုင်စွမ်းလည်းရသွားပါတယ်။
အဲ့ဒီနောက်မှာတော့အားလုံးမှန်းဆထားတဲ့အတိုင်းပဲ Shazam ဟာသူ့စွမ်းအားတွေကိုလေ့ကျင့်ပြီး Doctor Sivana ရဲ့ရန်ကိုတွန်းလှန်တဲ့ဇာတ်လမ်းပါ။ ဒါကိုတော့ငွေရောင်ပိတ်ကားမှာပဲဆက်လက်ကြည့်ရှု ကြရအောင်နော်။ အခုတချို့နားလည်ရခက်တဲ့အချက်အလက်လေးတွေနဲ့ Black Adam နဲ့ပတ်သက်တဲ့ fan theory တွေအကြောင်းရှင်းပြချင်ပါတယ်။
Shazam ဆိုတာ

တကယ်တော့ဒီနာမည်ဟာ Shazam ရဲ့စွမ်းအင်အရင်းအမြစ်ဖြစ်တဲ့ နတ်ဘုရား ၆ပါးရဲ့နာမည်တွေရဲ့ ရှေ့ဆုံးအက္ခရာတွေစုထားတာပါ။ ဒါပေမယ့်ဒီပုဂ္ဂိုလ်တွေအားလုံးကနတ်ဒေ၀ါတွေမဟုတ်ကြဘဲ ဒဏ္ဍာရီထဲကတန်ခိုးရှင်တွေလို့သာပြောရပါမယ်။
S ကသမ္မာကျမ်းစာထဲက Solomon ဘုရင်ကိုကိုယ်စားပြုပြီး သူဟာဘုရားရှင်ဆီက ဥာဏ်ပညာအမျှော်အမြင် ကိုရခဲ့တာမို့ ခရစ်ယာန်သမိုင်းမှာဥာဏ်ပညာအကြွယ်ဝဆုံးသူတယောက်ဖြစ်ပါတယ်။ Shazam မှာဘယ်အရာကိုမဆိုတခါမြင်ရုံနဲ့မှတ်မိနိုင်တဲ့ photographic memory ရှိပြီး သင်ထားသမျှကိုလည်း မှတ်မိနိုင်တဲ့အစွမ်းရှိပါတယ်။ ဒါ့အပြင်တိုက်ပွဲတွေမှာရန်သူရဲ့အားနည်းချက်ကိုရှာဖွေပြီး သူအသာစီးရအောင်တွက်ချက်နိုင်စွမ်းလည်းရှိပါတယ်။
H ကဂရိနတ်ဘုရားငယ် Hercules ကိုကိုယ်စားပြုပြီး သူ့အစွမ်းရထားတဲ့ Shazam ဟာ Hercules လိုခွန်အားရှိပြီးနဲ့ရုပ်ပိုင်းဆိုင်ရာထိုးနှက်ချက်တွေကိုခံနိုင်ရည်ရှိတယ်။
A ကဂရိဒဏ္ဍာရီထဲက Titan တယောက်ဖြစ်တဲ့ Atlas ကလာတာပါ။ သူဟာ Zeus ရဲ့အပြစ်ပေးမှုကြောင့် မိုးကောင်းကင်ကိုပုခုံးပေါ်ထမ်းထားရသူဖြစ်ပြီး သူ့အစွမ်းကြောင့် Shazam ဟာအလွန်သက်လုံကောင်းမွန်ပြီး ငတ်မွတ်ဆာလောင်မှုဒဏ်တွေကိုခံနိုင်ရည်ရှိပါတယ်။
Z ကတော့ဂရိနတ်ဘုရားတို့ရဲ့ခေါင်ချုပ် Zeus ကိုကိုယ်စားပြုပြီး Shazam ဟာ Zeus လိုပဲလျှပ်စစ်နဲ့မိုးကြိုး စွမ်းအားတွေကိုထိန်းချုပ်အသုံးပြုနိုင်တယ်။ ရုပ်ပြထဲမှာတော့ Zeus ရဲ့အစွမ်းကြောင့် Shazam ကို အောက်လမ်းမှော်ပညာနဲ့ကျိန်စာတွေမသက်ရောက်နိုင်ပါဘူး။
A ကဂရိသူရဲကောင်း Achilles ဖြစ်ပြီး Shazam ကိုရဲစွမ်းသတ္တိနဲ့စွန့်လွှတ်အနစ်နာခံတဲ့စိတ်ထားပေးပါတယ်။ ဒါ့အပြင် Shazam ဟာဇွဲနပဲအလွန်ကောင်းပြီး အခက်အခဲတွေကိုလွယ်လွယ်နဲ့လက်မလျှော့တတ်တဲ့စိတ် လည်းရှိပါတယ်။
M ကတော့ရောမနတ်ဘုရား Mercury ကိုကိုယ်စားပြုပြီး သူ့ရဲ့အစွမ်းပိုင်ဆိုင်ထားတဲ့ Shazam ဟာအလွန်လျင်မြန်စွာလှုပ်ရှားနိုင်သလို ပျံသန်းနိုင်စွမ်းလည်းရှိပါတယ်။
အကုသိုလ် ၇ပါး

ရမက် (Lust)၊ ဒေါသ (Wrath)၊ အစားကျူးခြင်း (Gluttony)၊ ၀န်တိုမှု (Envy)၊ လောဘ (Greed)၊ ပျင်းရိမှု (Sloth) နဲ့ မာန (Pride) တို့ဟာ လူသားတွေကိုစိတ်ဓာတ်ပျက်ပြားစေဖို့အစဉ်အမြဲဆွဲဆောင်လျက်ရှိတယ်လို့ ခရစ်ယာန်ဘာသာဝင်တွေကယူဆပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဒီအကုသိုလ်တရား ၇ပါးဟာနတ်မိစ္ဆာတွေ ပုံစံရှိပြီး သူတို့ပူးကပ်လိုက်တဲ့လူတွေကိုတန်ခိုးစွမ်းအားတွေပေးတယ်။ ဒါပေမယ့်သူတို့အားလုံးထွက်ခွာသွားပြီ ဆိုရင်လည်း အဲ့ဒီလူမှာစွမ်းအားတွေကင်းမဲ့သွားတော့တယ်။
(နောက်စာပိုဒ် ၂ပိုဒ်မှာ SPOILER ပါတယ်နော်)
Mister Mind

Post credit scene မှာ Dr Sivana ဟာ Shazam တို့ကိုရှုံးနိမ့်သွားပြီးထောင်ထဲမှာ Rock of Eternity ဆီသွားတဲ့စာလုံးတွေကို ရေးနေရင်းသူ့ကိုလာတွေ့တဲ့ပိုးတုံးလုံးလေးကိုတွေ့မိကြမှာပါ။ အဲ့ဒီကောင်လေးဟာ တခြားကမ္ဘာကလာတဲ့ဂြိုဟ်သားဖြစ်ပြီး စိတ်ချင်းဆက်သွယ်နိုင်တဲ့အစွမ်းရှိသလို အလွန်ခိုင်မာတဲ့ပိုးချည်မျှင် တွေကိုစက္ကန့်ပိုင်းအတွင်းရက်လုပ်နိုင်စွမ်းလည်းရှိပါတယ်။
Mister Mind ဟာ DCEU အတွက်အဓိကကျတဲ့ villain တယောက်လည်းဖြစ်လာနိုင်ပါတယ်။ သူတို့မျိုးရိုးဂြိုဟ်သားတွေဟာအလွန်အသက်ရှည်ကြပြီး ပိုးတုံးလုံးအဖြစ်နဲ့နှစ်ပေါင်းများစွာနေထိုင်ရပါတယ်။ Metamorphosis ဖြစ်သွားတဲ့အခါကျရင်တော့ နတ်ဘုရားတယောက်လိုစွမ်းအားတွေပိုင်ဆိုင်လာတယ်။ Sivana ငယ်စဉ်က Rock of Eternity ဆီရောက်သွားတဲ့အချိန်မှာ Shazam က သူ့ကိုဖန်ဘူးလေးထဲ ထည့်ပိတ်ထားတာကိုတွေ့ရမှာပါ။ အကုသိုလ် ၇ပါးလွတ်မြောက်သွားတဲ့အခါ Shazam ရဲ့တန်ခိုးတွေလျော့ကျသွားချိန်မှာ လွတ်မြောက်သွားတာဖြစ်နိုင်ပါတယ်။
Shazam Family

Billy ဟာမှော်ဆရာကြီးရဲ့တောင်ဝှေးကို Dr Sivana ဆီကလုယူပြီးသူနဲ့အတူနေတဲ့မွေးစားမောင်နှမတွေနဲ့ Shazam ရဲ့စွမ်းအားတွေကိုမျှဝေယူရာကနေ Shazam Family ဖြစ်လာပါတယ်။ Shazam Family ဟာ ပရိသတ်တွေထင်မှတ်မထားတဲ့ဇာတ်ကွက်တခုပါ။
Black Adam ဘယ်လိုပါဝင်လာမလဲ

Online ပေါ်ကပရိသတ်တွေရဲ့ခန့်မှန်းချက်အရ မှော်ဆရာကြီး Shazam ရဲ့ပထမလက်ရွေးစင်သူရဲကောင်း Teth-Adam ဟာ Shazam လို့အော်လိုက်တာနဲ့ အီဂျစ်နတ်ဘုရား ၆ပါးရဲ့တန်ခိုးတွေရရှိပါတယ်။ သူဟာ Shazam ရဲ့ရန်သူအသစ်ဖြစ်လာနိုင်ပြီး Dwayne “The Rock” Johnson သရုပ်ဆောင်ထားတဲ့ Black Adam ရုပ်ရှင်ဟာ သူ့ရဲ့ဖြစ်တည်မှုနဲ့ လမ်းမှားရောက်သွားပုံကိုအခြေခံထားလိမ့်မယ်လို့ယူဆရပါတယ်။