By Nay Thiha
Steak on the Street ကထွေထွေထူးထူးမိတ်ဆက်ပေးစရာလိုတဲ့ဆိုင်တော့မဟုတ်ပါဘူး။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစုက ရွှေတောင်ကြားထဲကလမ်းဘေးပလက်ဖောင်းမှာ ငွေကျပ်သိန်း ၂၀ အရင်းအနှီးနဲ့ အသားကင်ဆိုင်လေးစတင်ဖွင့်လှစ်ခဲ့ရာကနေ တနှစ်အတွင်းမှာ ဆိုင်ခွဲ ၃ဆိုင်ထပ်ဖွင့်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ဇာတ်လမ်းလေးကို SOTS ပရိသတ်တွေတော်တော်များများ သိပြီးဖြစ်မှာပါ။
Steak လို့ခေါ်တဲ့အသားကင်ဆိုရင် ဆိုင်ကြီးကနားကြီးတွေမှာဈေးကြီးကြီးပေးပြီးစားရမှာပဲဆိုတဲ့အတွေးကို SOTS ကပြောင်းလဲပေးခဲ့တယ်။ ဒါကပဲသူအောင်မြင်ရတဲ့အကြောင်းအရင်းတွေထဲကတခုလို့ပြောလို့ရပါတယ်။ MYANMORE Awards 2019 မှာ KBZ ကချီးမြှင့်တဲ့ Entrepreneur of the Year ဆုအတွက်ဝင်ရောက်ယှဉ်ပြိုင်ဖို့ Myanmore Plus ရဲ့ပရိသတ်အများအပြားက SOTS ကိုအားပေးခဲ့တာကိုကြည့်ပြီး သူ့ customer အင်အားကိုသတိထားမိခဲ့ပါတယ်။ ဆုမရခဲ့ပေမယ့်လည်း ပရိသတ်အားပေးမှုအခိုင်အမာရထားတဲ့ SOTS ရဲ့ဆိုင်ခွဲတွေထဲက ပြည်သူ့ရင်ပြင်ဆိုင်ခွဲဆီသွားခဲ့ပါတယ်။

ကျနော်တို့ရောက်သွားတော့ ညနေ ၄နာရီလောက်ရှိနေပါပြီ။ ပြည်လမ်းမဘက်ဂိတ်ဝမှာရှိတာမို့ ရှာရလွယ်ပါတယ်။ အမဲမိုးခိုသားကင်တပွဲနဲ့ FA combo set တပွဲမှာလိုက်တယ်။ FA set မှာထမင်းပါပြီး အသားကတော့ဝက်ကုပ်သားကင်နဲ့ပဲရပါတယ်။
အမဲမိုးခိုသားကင်ကတော်တော်နူးညံ့ပြီး အပေါ်ကဆမ်းပေးတဲ့ဆော့စ်အရည်ကလည်း အမဲသားနဲ့လိုက်ဖက်တာကိုတွေ့ရတယ်။ တူးသွားတဲ့နေရာတွေကိုကပ်ကြေးနဲ့ညှပ်ပေးထားလို့ထင်တယ်၊ အသားကင်ကနီနီရဲရဲနဲ့စားချင်စရာပါ။ အာလူးထောင်းနဲ့မုန်လာဥနီကိုတော့ကြိုက်သလောက် ထပ်တောင်းလို့ရပါတယ်။ အာလူးထောင်းကရေခဲမုန့်လုံးလေးတွေနဲ့တူပြီးစားလို့အဆင်ပြေပေမယ့် creamy သိပ်မဖြစ်ဘဲ အနည်းငယ်ခြောက်ကပ်ကပ်နိုင်တယ်လို့ယူဆမိပါတယ်။

FA set ကတော့ထမင်းနဲ့ဝက်ကုပ်သားကင်ကို coleslaw ရယ် ဘာလချောင်ကြော်ရယ်နဲ့တွဲဖက်ပေးတယ်။ Coleslaw ကတော့ mayonnaise နဲ့ပါးပါးလှီးထားတဲ့ဂေါ်ဖီတွေကိုရောသုပ်ထားတာဖြစ်ပြီး သူ့ကိုလည်းကြိုက်သလောက်ထပ်ယူလို့ရပါတယ်။ ကျနော်ကတော့ဘာလချောင်ကြော်နဲ့ coleslaw ကို ထမင်း၊ ၀က်ကုပ်သားကင်တို့နဲ့တွဲထားတာသိပ်မလိုက်ဖက်ဘူးလို့ထင်တယ်။ ကျနော့်မိတ်ဆွေကတော့ ဘာလချောင်ကြော်ကအအီပြေတယ်လို့ပြောပါတယ်။ ဒီကိစ္စကတော့ကိုယ့်အကြိုက်သူ့အကြိုက် ကွဲပြားနိုင်ပါတယ်။
ပြီးတော့အစာပိတ်အနေနဲ့ဝက်အူချောင်းအစပ်တပွဲမှာလိုက်ပါတယ်။ ၀က်အူချောင်းကအနည်းငယ် ပူစပ်တဲ့အရသာရှိပေမယ့် အချဉ်တွေနဲ့တွဲစားတဲ့အခါမူလအရသာပျက်သွားပြီး အချဉ်အရသာကပဲလွှမ်းသွားတာသတိထားမိတယ်။ ဒါကြောင့်ငရုတ်ကောင်းလေးဖြူးပြီးစားတာက ပိုအဆင်ပြေပါလိမ့်မယ်။ အကင်တွေနဲ့တွဲစားလို့ကောင်းတဲ့ဆလပ်ရွက်၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းတွေကတော့ ကိုယ်တိုင်ယူစနစ်နဲ့ကြိုက်သလောက်ယူလို့ရပါတယ်။ ငရုတ်သီးစိမ်းကိုတော့သတိထားနော်၊ တော်တော်စပ်တယ်ဗျ။
အစားအသောက်ကအရသာကောင်းတယ်၊ ၀န်ထမ်းတွေကလည်းဖော်ရွေပါတယ်။ ဒါပေမယ့် လမ်းပေါ်မှာဖွင့်ထားတဲ့ဆိုင်လည်းဖြစ်၊ အနီးအနားမှာမြက်ခင်းပြင်နဲ့အတူ ဆိုင်ကအမှိုက်တွေပစ်တဲ့နေရာလည်း ရှိနေလို့လားတော့မသိဘူး ယင်ကောင်လေးတွေ ပိုးကောင်လေးတွေတော့ လာတတ်တယ်ဗျ။ လမ်းပေါ်မှာဖွင့်တဲ့ဆိုင်ဖြစ်တဲ့အတွက် ဒီလိုအင်းဆက်လေးတွေလာတတ်တာသဘာဝပါပဲ။ သိပ်ဆိုးဆိုးဝါးဝါးမဟုတ်ပေမယ့် အခုထက်ပိုကောင်းအောင်ပြုပြင်နိုင်ဖို့ထောက်ပြခြင်းဖြစ်ပါတယ်။ ဆလပ်ရွက်၊ ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူတွေကိုတော့ အုပ်ဆောင်းလေးနဲ့ထားတာ သပ်ရပ်သန့်ရှင်းလို့သဘောကျပါတယ်။
နောက်ပြီးတော့ Coca Cola, Sprite တို့လိုသံဘူးနဲ့အအေးတွေကိုပလတ်စတစ်ပိုက်နဲ့ချပေးတာ ရှောင်လို့ရတဲ့အချက်ပါ။ ခုနောက်ပိုင်းမြန်မာနိုင်ငံရောက်နိုင်ငံခြားသားတွေကြားမှာ StrawsSuck လှုပ်ရှားမှု နဲ့အတူပိုက်တွေကိုဆန့်ကျင်တဲ့ဓလေ့ထွန်းကားလာတာကြောင့် ပလတ်စတစ်ပိုက်တွေလုံးဝစွန့်လွှတ်ပြီး customer တွေကိုဖန်ခွက် ဒါမှမဟုတ် သံဘူးထဲကတိုက်ရိုက်သောက်သုံးစေတဲ့အလေ့အကျင့် ခေတ်စားလာတယ်။ SOTS အနေနဲ့လည်းဒီလမ်းကြောင်းအတိုင်းလိုက်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ပလတ်စတစ်ပိုက်တွေလျှော့ချရေးမှာတတပ်တအားပါဝင်လို့ရပါတယ်။
လိပ်စာ – ပြည်သူ့ရင်ပြင် (ပြည်လမ်းဂိတ်ဝ)၊ ရန်ကုန်။
ဖုန်းနံပါတ် – 09 777 999296
ဆိုင်ဖွင့်ချိန် – မနက် ၁၁မှ ည ၁၀နာရီထိ။