Nay Thiha
ရန်ကုန်မှာဂျပန်အစားအစာတွေနဲ့ပတ်သက်လို့ ဆူရှိ၊ ဆာရှိမိတွေကနာမည်ကြီးပါတယ်။ ဒါပေမယ့် Teppanyaki (တပ်ပန်ယာကိ) ကလည်းဂျပန်အစားအစာကြိုက်တယ်ဆိုရင် စားကြည့်သင့်တဲ့အစားအစာတခုပါ။
ဂျပန်ဘာသာစကားနဲ့ဆို teppan ဆိုတာသံပူပြားကိုခေါ်တာဖြစ်ပြီး yaki ကတော့ ကင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်သံပူပြားအကင်လို့အနီးစပ်ဆုံးမြန်မာမှုပြုနိုင်တယ်။ ဒီဟင်းလျာဖြစ်ပေါ်လာပုံကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၅ခုနှစ်ဝန်းကျင်ကဂျပန်ပြည်မှာ စားဖိုမှူးတွေကအနောက်တိုင်းရိုးရာအသားကင်တွေကို မီးသွေးနဲ့မကင်ဘဲ သံပူပြားပေါ်မှာကင်ပြီးရောင်းချရာကနေ teppanyaki ရယ်လို့ဖြစ်လာတာပါ။ ဒီဟင်းလျာကိုပြင်ဆင်ရာမှာ စားဖိုမှူးရဲ့ဓားကိုင်စွမ်းရည်၊ ဆီနဲ့မီးကိုလိုသလိုထိန်းချုပ်ပြီးအသားကိုနူးညံ့အောင်ကင်ရတဲ့ပညာတွေကို မြင်တွေ့နိုင်တယ်။ ဂျပန်မှာဆိုရင်တော့နိုင်ငံခြားသားတွေဟာ စားဖိုမှူးတွေရဲ့ညာ teppanyaki ကိုနှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ရှိပါတယ်။
Urban Asia Center မြေညီထပ်က 38 Street Station Teppanyaki လို့ခေါ်တဲ့စားသောက်ဆိုင်လေးက နေ့လယ်ခင်းဆိုအနီးအနားကရုံးဝန်ထမ်းတွေနဲ့စည်ကားနေလေ့ရှိတယ်။ ကျနော်တို့ရောက်သွားတော့ နေ့လယ် ၁၂ကျော်ကျော်လောက်ရှိပြီ။ အသားကင်တာ၊ အစားအစာတွေပြင်ဆင်တာတွေကြည့်ချင်လို့ စားပွဲမှာမထိုင်တော့ဘဲ စားဖိုမှူးရှေ့ကကောင်တာမှာပဲထိုင်ဖြစ်ပါတယ်။ သူ့ဆိုင်ကအထူးဟင်းပွဲဖြစ်တဲ့ သြစတြေးလျအမဲနံသားကင်၊ သုံးထပ်သားကင်၊ ကျားပုစွန်ကင်နဲ့ ဒေါ်လီငါးကင်တို့ကို မှာလိုက်တယ်။ ဟင်းပွဲတွေမှာပြီးတာနဲ့စားဖိုမှူးကဓားကိုင်ပြီး လက်စွမ်းပြတော့တာပဲဗျ။
ပထမဆုံးအရိုးမပါတဲ့ ဒေါ်လီငါးအသားလွှာကိုသံပူပြားပေါ်တင်တဲ့ ငါးအသားကအရမ်းနူးညံ့တာကြောင့် သံပူပြားပေါ်မကြာခဏဟိုဘက်ဒီဘက်လှန်ပေးရတယ်။ ပန်းရောင်လေးသန်းသွားတာနဲ့ သံပူပြားပေါ်ကမယူလိုက်ပြီး မြေပန်းကန်ပြားပေါ်တင်တယ်။ ပြီးတော့အပေါ်ကပဲငံပြာရည်ဆော့စ်လေးနဲ့ ကြက်သွန်ဖြူကြော်၊ ကြက်သွန်မြိတ်တို့နဲ့လုပ်ထားတဲ့ garnish ကိုဖြူးပေးပါတယ်။ ငါးအသားကအိစက်ပြီးချိုနေတယ်။ ဆော့စ်နဲ့ garnish ကြောင့်မအီဘဲ ချိုငံငံအရသာလေးကထမင်းနဲ့တွဲစားလို့ကောင်းပါတယ်။

ပြီးတော့ကျားပုစွန်အလှည့်။ သူကတော့တပွဲမှာ ပုစွန်ကြီး ၄ကောင်ပါပါတယ်။ ပြင်ဆင်ရတာတော့မြန်တယ်ဗျ။ ပုစွန်တွေကိုသံပူပြားပေါ် အနီရောင်သန်းတဲ့အထိဟိုဘက်ဒီဘက်လှိမ့်လိုက်တာနဲ့အဆင်သင့်ဖြစ်သွားပါပြီ။ နောက်တော့ခပ်ပါးပါးလှီးထားတဲ့ဝက်သုံးထပ်သားပြားလေးတွေကိုသံပူပြားပေါ်ကင်တယ်။ ဒီနေရာမှာအချိန်အဆကအရမ်းအရေးကြီးတယ်ဗျ။ အကြာကြီးထားမိရင်အသားတွေကျွမ်းသွားပြီး သံပူပြားပေါ်ကပ်ကုန်မယ်။ ခဏလေးကင်ပြီးပြန်ယူလိုက်ရင်လည်း အသားတွေမနူးတော့ဘူး။ ကျနော်တို့စားကြည့်တော့အဆီနဲ့အသားကအိစက်ပြီး အခေါက်ကတထုပ်ထုပ်နဲ့ဝါးလို့ကောင်းတဲ့အနေအထားပါ။
ပြီးတော့သြစတြေးလျကလာတဲ့အမဲနံကပ်သားကင်ကိုပြင်ဆင်တယ်။ ဒီဆိုင်မှာကပြည်တွင်းအမဲသား၊ ဂျပန်နဲ့သြစတြေးလျကတင်သွင်းတဲ့အမဲသားဆိုပြီး အမဲသား ၃မျိုးရှိတယ်လို့ပြောတယ်ဗျ။ ကျနော်တို့လည်းကွဲပြားခြားနားချက်ကိုသိချင်တာနဲ့ ပြည်တွင်းအမဲသားတပွဲကိုပါထပ်မှာလိုက်ပါတယ်။ သြစတြေးလျအမဲသားကတော့အတုံးကြီးပြီးအသားထူပေမယ့် ပါးစပ်ထဲမှာတင်ပျော်သွားတဲ့ melt in your mouth နူးညံ့မှုမျိုးပါ။ ဒီဟင်းပွဲကိုဓာတ်ပုံရိုက်နေတုန်း စားဖိုမှူးကနောက်ထပ်ဟင်းပွဲတခုကိုပြင်ဆင်ဖို့ သံပူပြားပေါ်ဆီလောင်းပြီးမီးခြစ်လေးနဲ့ခြစ်လိုက်တာနဲ့ကြုံတော့အခုမြင်ရတဲ့ပုံထွက်လာပါတယ်။

ပြည်တွင်းအမဲသားကိုတော့ခပ်ပါးပါးလှီးထားတယ်ဗျ။ အသားပြားကိုသံပူပေါ်မှာလှီးတဲ့စားဖိုမှူးရဲ့ ဓားကိုင်စွမ်းရည်ကိုမြင်ခွင့်ရခဲ့တယ်။ စားကြည့်တော့ခပ်ပါးပါးလှီးထားပေမယ့် သြစတြေးလျအမဲသားလောက် နူးညံ့မှုမရှိတာကိုတွေ့ရပါတယ်။ ဒါကတော့ပြည်တွင်းအမဲသားတွေမှာတွေ့ရလေ့ရှိတဲ့ပုံမှန်နူးညံ့မှုအနေအထား ဖြစ်လို့အပြစ်ပြောစရာတော့မဟုတ်ပါဘူး။ သူ့ထက်နူးညံ့တာကိုစားချင်ရင်တော့ သူ့ထက်ဈေးများတဲ့ သြစတြေးလျအမဲသားကိုမှာယူလိုက်ပါ။ နောက်တခါကျရင်တော့ဂျပန်အမဲသားကိုစားကြည့်ဖို့စိတ်ကူးပါတယ်။

ဈေးနှုန်းတွေအနေနဲ့ကြည့်ရင်တော့ ၄၀၀၀၀န်းကျင်ကနေ ၁၀၀၀၀ကျော်အထိရှိတဲ့အတွက် ရွေးချယ်စရာတော့များပါတယ်။ နေ့လယ်စာဟင်းလျာတွေမှာယူရင် ထမင်းနဲ့စွပ်ပြုတ်တခွက်ပါပေးပါတယ်။ အကင်ကြိုက်ပေမယ့်မီးသွေးညှော်နံ့ မခံနိုင်ဘူးဆိုရင်တော့ ဂျပန်စတိုင်သံပူပြားကင်လေးတွေကို မြည်းစမ်းကြည့်လိုက်ပါဦး။
လိပ်စာ။ ။မြေညီထပ်၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်။ ။09 797 979249
ဆိုင်ဖွင့်ချိန်။ ။10am – 10pm