By Nay Thiha
Pokémon ဆိုတာ ၉၀ခုနှစ်ဖွားတွေအတွက်တော့ စိမ်းတဲ့နာမည်တခုမဟုတ်ပါဘူး။ Game Boy ဂိမ်း၊ တီဗီဇာတ်လမ်းကအစ trading card တွေအထိ နေရာယူခဲ့တဲ့ကလေးဘ၀ကသူရဲကောင်းဖြစ်ပါတယ်။
Pokémon ရဲ့သက်တမ်း ၂၄နှစ်အတွင်းမှာပထမဆုံးအကြိမ်အဖြစ် live-action ရုပ်ရှင်ထွက်ရှိလာတော့ မျှော်လင့်ချက်တွေကြီးခဲ့သလို စိုးရိမ်စိတ်တွေလည်းရှိခဲ့တယ်။ အဓိကစိုးရိမ်စိတ်ကတော့ ကလေးတိုင်းလိုလိုအကြိုက်တွေ့ခဲ့တဲ့ဇာတ်ကောင်လေးတွေကိုသက်ရှိဘ၀မှာပုံဖော်တဲ့အခါ ကာတွန်းကားထဲကပုံစံနဲ့တူပါ့မလားဆိုတာပါပဲ။
ပထမဆုံး trailer ထွက်ရှိလာတော့ Pikachu အပါအ၀င် Pokémon တော်တော်များများကို သားမွေးတွေထည့်ပေးထားတာမြင်ရလို့ Netizen တော်တော်များများသဘောမတွေ့ခဲ့ကြဘူး။ ဒါပေမယ့် CGI ဖန်တီးသူတွေကကာတွန်းကားထဲကလို ပြောင်ချောကြီးထားထားတာလက်တွေ့မကျဘူး၊ အမွေးပါမှတကယ့်တိရစ္ဆာန်လေးတွေနဲ့တူမယ်လို့ ပြန်လည်ချေပခဲ့တယ်။ ကျနော်လည်း အမွေးထည့်ထားတဲ့ပုံစံကိုသဘောကျတယ်။ Mister Mime နဲ့ Mewtwo တို့လိုအကောင်တွေကိုတော့ အရေပြားပုံစံနဲ့သာပုံဖော်ထားပါတယ်။

အခုဆောင်းပါးမှာတော့ Pokémon: Detective Pikachu ဇာတ်လမ်းကျောရိုးနဲ့ Pokémon တွေကိုဘယ်လိုပုံဖော်ခဲ့သလဲဆိုတဲ့အကြောင်းပြောပြချင်တယ်။
Tim Goodman ဆိုတဲ့ ၂၁နှစ်အရွယ်ကောင်လေးဟာ မိတဆိုးလေးဖြစ်ပြီးဖခင်ဖြစ်သူနဲ့လည်း တမြို့စီနေနေရပါတယ်။ တနေ့မှာစုံထောက်အလုပ်နဲ့အသက်မွေးတဲ့သူ့အဖေကားအက်ဆီးဒင့်တခုကြောင့် သေဆုံးသွားတဲ့အကြောင်းသိရတယ်။ သူ့ဖခင် Harry နေထိုင်ခဲ့တဲ့ Ryme City ကိုသွားပြီး Harry ကျန်ခဲ့တဲ့ပစ္စည်းတွေကိုသွားယူရင်း စကားပြောတတ်တဲ့ Pikachu လေးတကောင်နဲ့သွားတွေ့တယ်။ သူဟာ Harry ရဲ့ Pokémon ဖြစ်ပြီးအတိတ်မေ့နေတဲ့စုံထောက်ဖြစ်ကြောင်း Harry ရဲ့သေဆုံးမှုကိုမသင်္ကာလို့အတူတူ ထောက်လှမ်းကြဖို့ Tim ကိုပြောတယ်။
Tim ဟာ Harry ရဲ့ပစ္စည်းတွေကိုကြည့်နေရင်း ဓာတ်ခွဲခန်းသုံးဖန်ပုလင်းလေးတခုကိုဖွင့်ကြည့်လိုက်ရာက ခရမ်းရောင်အငွေ့တွေထွက်လာတယ်။ အဲ့ဒီအငွေ့တွေကိုတိုက်ခန်းနားက Aipom တွေရှူမိရာက အရမ်းဒေါသကြီးလာပြီး Tim တို့ကိုတိုက်ခိုက်ပါတော့တယ်။ ဒါပေမယ့်အချိန်တခုကြာတဲ့အခါ ဆေးပြယ်သွားပြီး Aipom တွေနဂိုစိတ်ပြန်ဝင်လာတယ်။

အဲ့ဒီအချိန်မှာပဲ Ryme City ကိုတည်ထောင်ခဲ့တဲ့ သူဌေးကြီး Howard Clifford ဟာ Tim ကိုဆက်သွယ်ပြီး Harry နဲ့အလုပ်တွဲလုပ်ဖူးကြောင်း၊ Harry ကိုလူလုပ် Pokémon တကောင်ဖြစ်သူ Mewtwo ကဖမ်းသွားကြောင်း CCTV video ပြတယ်။ ပြီးတော့သူ့သားဖြစ်သူ Roger က Pokémon တွေကိုမုန်းတာနဲ့ Ryme City နဲ့သူ့ကုမ္ပဏီကိုအပိုင်သိမ်းဖို့ကြံနေကြောင်းပြောပါတယ်။ အဲ့ဒီမှာ Tim နဲ့ Pikachu ဟာ သတင်းထောက် Lucy နဲ့သူမရဲ့ partner Psyduck တို့နဲ့အတူ Harry မသေခင်ကစုံစမ်းနေခဲ့တဲ့ Pokémon တွေကိုစမ်းသပ်တဲ့ ဓာတ်ခွဲခန်းဆီသွားပြီးသဲလွန်စတခုခုတွေ့လိုတွေ့ငြားရှာကြည့်တုန်း ဖန်ပေါင်းချောင်တွေထဲပိတ်ထားတဲ့ Greninja တွေလွတ်လာပြီး Tim တို့ကိုတိုက်ခိုက်ခဲ့တယ်။
Pokémon တွေကိုအသိစိတ်လွတ်သွားပြီးဒေါသကြီးလာစေတဲ့ခရမ်းရောင်ဓာတ်ငွေ့တွေကို ဘယ်သူက ဘာအတွက်ဖန်တီးထားတာလဲ၊ Tim တို့အတွက် Mewtwo ကရန်သူလားမိတ်ဆွေလား၊ Harry တကယ်သေသွားခဲ့တာလား စတဲ့မေးခွန်းတွေကိုတော့ငွေရောင်ပိတ်ကားပေါ်မှာပဲအဖြေရှာပါတော့နော်။
အခုဒီရုပ်ရှင်ရဲ့ visual effect supervisor Erik Nordby နဲ့ TIME Magazine တို့စကားပြောထားတာတွေကို ပြောပြချင်ပါတယ်။ Nordby တို့အဖွဲ့အနေနဲ့ Pokémon ကာတွန်းဇာတ်ကောင်တွေကို လက်တွေ့ကျကျပုံဖော်တဲ့အခါ ခန္ဓာကိုယ်ဖွဲ့စည်းမှုတွေကိုရေးဆွဲတည်ဆောက်ရတာအကြီးဆုံးစိန်ခေါ်မှု လို့ပြောတယ်။ တချို့ Pokemon တွေကမျက်လုံးအရမ်းကြီးနေတာမျိုး ခန္ဓာကိုယ်နဲ့ခြေလက်တွေ အချိုးမညီတာမျိုးရှိတဲ့အတွက် လက်တွေ့ကျကျပြန်ဆွဲရတာခက်ခဲပါတယ်။

Nordby တို့ဟာ ရုပ်ရှင်ထဲထည့်ပြဖို့ Pokémon ၆၅ကောင်ကိုရွေးလိုက်ပြီး တိရစ္ဆာန်ရုံတွေသွားလေ့လာရင်း သတ္တဗေဒပညာရှင်တွေနဲ့ဆွေးနွေးရင်း တကယ့်တိရစ္ဆာန်တွေရဲ့ခန္ဓာကိုယ်တွေကိုအခြေခံပြီး Pokémon တွေကိုရုပ်လုံးသွင်းပါတယ်။ တကောင်ချင်းစီကိုအရိုးငြမ်းစနစ်နဲ့ကြွက်သားစိုင်တွေကအစ ရေးဆွဲပုံဖော်ရပါတယ်။
လက်တွေ့ဘ၀ကတိရစ္ဆာန်တွေကိုအခြေခံပြီးရေးဆွဲထားတဲ့ Pokémon တချို့အကြောင်းကိုပြောရမယ်ဆိုရင် Bulbursaur ကိုခွေးဘီလူးလေးတွေရဲ့ပုံစံအတိုင်း ခန္ဓာကိုယ်အပေါ်ပိုင်းလေးလေးပင်ပင်နဲ့လမ်းလျှောက်တဲ့ပုံမျိုး သရုပ်ဖော်တယ်။ Pikachu ကိုစဆွဲတော့ယုန်ကိုအခြေခံဆွဲတာဖြစ်ပေမယ့် နောက်ပိုင်းမှာ အိတ်ပါတဲ့သွေးသတ္တ၀ါ (ကိုအာလာ၊ သားပိုက်ကောင်စသည်) တို့ရဲ့ကိုယ်ဟန်တွေပါလာသလို လည်ဆံမွေးဖွားဖွားရှိတဲ့ marmoset မျောက်ရဲ့ပုံစံတွေကိုလည်းမှီးထားတယ်လို့သိရတယ်။

မိခင်ကုမ္ပဏီဖြစ်တဲ့ The Pokémon Company အနေနဲ့ကလည်းသူတို့ဇာတ်ကောင်လေးတွေရဲ့ ချစ်စရာဟန်ပန်ပျောက်သွားမှာစိုးတဲ့အတွက် သဘာဝကျတဲ့လက်သည်းခြေသည်းနဲ့ မျက်တောင်မွှေးတွေမထည့်ဖို့ပြောပါတယ်။ သဘာဝကျတဲ့တိရစ္ဆာန်ပုံနဲ့ကာတွန်းဇာတ်ကောင်လေးတွေရဲ့ ချစ်စရာပုံစံကိုကြားချဖို့ Pokémon Company နဲ့ Nordby တို့တော်တော်ကြိုးစားခဲ့ရတယ်။ ဥပမာ Jigglypuff ကိုကာတွန်းဇာတ်ကောင်ပုံစံအတိုင်းနဖူးပေါ်မှာဆံပင်အခွေလေးကျတဲ့ပုံစံပေါက်အောင် သားမွေးကမပါမဖြစ်ထည့်ဆွဲဖို့လိုအပ်လာပါတယ်။
ကာတွန်းကားထဲက Pokémon တွေနဲ့တထစ်ချတူတာမျိုးမဟုတ်ပေမယ့် live action ရုပ်ရှင်ထဲက Pokémon တွေဟာကျနော့်ကိုစိတ်မပျက်စေခဲ့ပါဘူး။ Detective Pikachu ဟာငယ်ငယ်က Pokémon ကိုစွဲလမ်းခဲ့ဖူးသူအားလုံးလိုလိုအကြိုက်တွေ့မယ့် ကြည့်ပျော်တဲ့ရုပ်ရှင်ကားတကားလို့ပဲပြောချင်ပါတယ်။