Advertisement

By Nay Thiha

ခုတလော Facebook မှာ “ဘူးသီး” တောဓလေ့ထမင်းဆိုင်ရဲ့ ဒူးရင်းသီးဒံပေါက်ဟာ Avengers: Endgame ပြီးရင်လူပြောသူပြောအများဆုံးအကြောင်းအရာလို့ဆိုရမှာပါ။ ဒီထူးခြားတဲ့အတွဲအစပ်ကို စမ်းသပ်စားသုံးကြည့်ချင်တဲ့သူတွေရှိသလို ရာသီဥတုပူလို့ဆိုပြီးစိုးရိမ်ကြတဲ့သူတွေလည်းရှိပါတယ်။ အမြင်နှစ်မျိုးကွဲနေပေမယ့် ဒီဒူးရင်းသီးဒံပေါက်ကိုစိတ်ဝင်စားကြတာချင်းတော့တူညီမှာပါ။

မေ ၁ရက်နေ့က ဘိုကလေးဈေးလမ်းထဲက ဘူးသီးစားသောက်ဆိုင်မှာ မီဒီယာတွေကိုဒူးရင်းသီးဒံပေါက်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒူးရင်းသီးအနှစ် ၂၀ရာခိုင်နှုန်းကို အာလူး၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း စတဲ့ဟင်းသီးဟင်းရွက်တွေနဲ့အိန္ဒိယစတိုင်ချက်ပြီးမှ ဒံပေါက်ထမင်းနဲ့မြေအိုးထဲထည့်ပြီးပြန်ပေါင်းထားတာလို့ စားဖိုမှူးဦးအောင်လင်းကဆိုပါတယ်။

“ကျနော်တို့ menu သစ်စဉ်းစားကြတဲ့အခါ ရာသီစာလည်းဖြစ်လူကြိုက်လည်းများတဲ့ဒူးရင်းသီးကို ဒံပေါက်နဲ့တွဲစပ်ကြည့်ဖို့စိတ်ကူးရခဲ့တယ်။ Online မှာကတော့တော်တော်ပြန့်သွားတယ်။ ဒူးရင်းသီးကလည်းတက်တယ်၊ ဒံပေါက်ကလည်းတက်တယ်ဆိုတော့။ ဒါပေမယ့်ကျနော်တို့က ဒူးရင်းသီး ၂၀ရာခိုင်နှုန်းလောက်ကိုပဲ ဟင်းသီးဟင်းရွက်တွေနဲ့ချက်ပြီးဒူးရင်းသီး flavour (အနံ့) လောက်ပဲယူတာပါ” လို့သူကဆိုပါတယ်။

“ဒံပေါက်ကလည်း အိန္ဒိယဆိုင်တွေမှာရလေ့ရှိတဲ့ဒံပေါက်တွေလိုအနံ့သိပ်မပြင်းဘဲ spice (ဟင်းခတ်အမွှေးအကြိုင်) တွေလျှော့ထားပါတယ်။ အနီးစပ်ဆုံးပြောရရင် စင်ကာပူမှာရောင်းတဲ့ဒံပေါက်နဲ့တူတယ်။”

မြေအိုးလေးထဲထည့်ထားတဲ့ဒူးရင်းသီးဒံပေါက်ကိုအပေါ်ကနံပြားအချပ်လေးနဲ့အုပ်ထားတယ်။ အဲ့ဒီနံပြားကလည်း စားလို့ရပါတယ်။ အရံအနေနဲ့သရက်သီးသနပ်နဲ့ချဉ်ပေါင်ရည်ပါတယ်။ အရသာကသိပ်အီလွန်းခြင်းမရှိဘဲ ဒူးရင်းသီးနံ့သင်းပြီးစားလို့ကောင်းပါတယ်။ ပုံမှန်မဆလာအမွှေးအကြိုင်များများနဲ့ဒံပေါက်ကိုကြိုက်တဲ့သူတွေ ကတော့ပျော့တယ်လို့ထင်ကြမှာပါ။ ဒါပေမယ့်ဒူးရင်းသီးလိုအနံ့ပြင်းတဲ့ဟင်းအနှစ်နဲ့ပေါင်းစပ်ဖို့ဆိုရင် ဒံပေါက်ထမင်းကအခုလိုပျော့မှ အနေတော်လောက်သွားကျမှာပါ။ ဒူးရင်းသီးလည်းကြိုက်တယ်၊ ကျန်းမာရေးကောင်းပြီး နှလုံးသွေးကြောရောဂါနဲ့သွေးတိုးရောဂါတွေလည်းမရှိဘူးဆိုရင်တော့ စမ်းသပ်စားသုံးကြည့်သင့်ပါတယ်။ တပွဲကို ၇၂၀၀ကျသင့်ပါတယ်။

နောက်ထပ်မြည်းစမ်းခွင့်ရခဲ့တဲ့ဒံပေါက်တွေကတော့ ပိန္နဲသီးမြေအိုးဒံပေါက်နဲ့ ကက္ကတစ်မြေအိုးဒံပေါက်ပါ။ ပိန္နဲသီးဒံပေါက်ကပိန္နဲသီးစိမ်းအသားလေးတွေကိုဒံပေါက်ထမင်းနဲ့ရောချက်ထားတာဖြစ်ပါတယ်။ ပိန္နဲသီးသားလေးတွေကထူပြီးနူးအိနေတော့ အမှတ်တမဲ့ဝါးလိုက်ရင်ကြက်သားဖတ်ကိုဝါးရသလိုပါပဲ။ ပိန္နဲသီးနံ့သင်းပြီး အရသာကချိုတဲ့ဘက်သွားပါတယ်။ သူကတော့ တပွဲ ၄၅၀၀ကျပ်ပါ။ ကက္ကတစ်ဒံပေါက်ကတော့ ကက္ကတစ်ငါးကိုဒိန်ချဉ်နဲ့နှပ်ပြီး ချက်ထားတဲ့အတွက် အသားကနူးအိပြီးအနံ့အရသာတော်တော်ကောင်းတယ်။ အသားဒံပေါက်ကိုရိုးနေတဲ့သူတွေအတွက်ကတော့ ငါးဒံပေါက်ကရွေးချယ်စရာတခုဖြစ်မှာပါ။ ဒံပေါက် ၃မျိုးထဲမှာကျနော့်အကြိုက်ဆုံးလည်းဖြစ်တဲ့ဒီဒံပေါက်ကတော့ တပွဲ ၅၂၀၀ကျပ်ဖြစ်ပါတယ်။ ပြီးတော့အအီပြေမင်းဂွတ်သီးဆိုဒါတိုက်ပါတယ်။

ဒံပေါက်တွေအပြင်ဘူးသီးရဲ့ဟင်းလျာအသစ်တွေကိုလည်း မြည်းစမ်းခွင့်ရခဲ့ပါတယ်။ ကြက်လက်ဖက်ကတော့ မြန်မာကြက်ကိုလက်ဖက်အသားနဲ့နှပ်ပြီးချက်ထားတာပါ။ သူကတော့ခါးစိမ့်စိမ့်အရသာရှိပြီး မြန်မာကြက်ပီပီနူးညံ့ပြီးချိုနေတယ်။ ဒူးရင်းသီးဒံပေါက်ထမင်းနဲ့တွဲစားကြည့်တဲ့အခါ ထူးထူးခြားခြား လိုက်ဖက်နေတာတွေ့ရတယ်။ နောက်ဟင်းတပွဲက၀က်ချဉ်ပေါင်ပါ။ ၀က်သားချက်တဲ့အခါချဉ်ပေါင်ဟင်းကို ဟင်းရံအနေနဲ့စားတာထက် ရောချက်လိုက်တော့ ၀က်ရဲ့အီတဲ့အရသာလျော့သွားပြီးချဉ်ပြုံးပြုံးနဲ့ခံတွင်းပိုကောင်းသွားတယ်။

ပြီးတော့ငရုတ်အနှစ်၊ မဆလာ၊ ကြက်သွန်ဖြူတို့နဲ့ချက်ထားတဲ့ကြက်မော်လမြိုင်ချက်နဲ့ ၀က်သားနဲ့ကြက်သွန်ဖြူဥကြီးကို ပဲငံပြာရည်နဲ့နှပ်ချက်ထားတဲ့ဝက်တောင်ပဟင်းတို့ကိုလည်း မြည်းစမ်းခွင့်ရခဲ့ပါသေးတယ်။

ဒူးရင်းသီးကြိုက်သူပီပီ နွေရာသီမကုန်သေးခင် ဒူးရင်းသီးမြေအိုးဒံပေါက်ကိုသွားစားဖြစ်ဦးမှာပါ။ ကြက်သား၊ ဆိတ်သားတွေနဲ့ဖောက်တဲ့ဒံပေါက်တွေကိုရိုးအီနေပြီဆိုရင်တော့ ကက္ကတစ်မြေအိုးဒံပေါက်ကို မြည်းစမ်းကြည့်စေချင်ပါတယ်။ ဒံပေါက်မကြိုက်ဘူးဆိုရင်လည်း ထမင်းဖြူနဲ့ကြက်လက်ဖက်ဟင်းဟာ စားမြိန်တဲ့နေ့လယ်စာထမင်းပွဲလေးဖြစ်နေမှာပါ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here