By Nay Thiha
ရန်ကုန်မှာအိန္ဒိယအစားအစာ၊ ထိုင်းအစားအစာရောင်းတဲ့ဆိုင်တွေအများကြီးရှိလာပေမယ့် မြေထဲပင်လယ်အစားအစာရောင်းတဲ့ဆိုင်ကတော့ အရေအတွက်နည်းပါသေးတယ်။ မြန်မာနိုင်ငံမှာသိပ်ခေတ်မစားသေးပေမယ့် နိုင်ငံတကာမှာမြတ်မြတ်နိုးနိုးစားသောက်နေပြီဖြစ်တဲ့ မြေထဲပင်လယ်ဟင်းလျာတွေဟာ ဟင်းသီးဟင်းရွက်နဲ့အစေ့အဆန်တွေကိုအဓိကထားအသုံးပြုခြင်း၊ ပဲဆီနှမ်းဆီတွေအစား သံလွင်ဆီနဲ့ချက်ပြုတ်ခြင်းတွေကြောင့် အရသာရှိသလိုကျန်းမာရေးနဲ့ညီညွတ်တယ်လို့လူသိများပါတယ်။

ရန်ကုန်မှာမြေထဲပင်လယ်ဟန်အတိုင်းချက်ပြုတ်ထားတဲ့ဟင်းလျာတွေကိုမြည်းစမ်းစားသောက်ကြည့်ချင်သူများအတွက် န၀ဒေးလမ်းထဲက Prime Grill စားသောက်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကျနော်တို့သူငယ်ချင်းတွေရောက်သွားတော့ နေ့လယ် ၁၂နာရီကျော်လောက်ရှိပါပြီ။ ဆိုင်လေးရဲ့အပြင်အဆင် အထူးသဖြင့်မျက်နှာကျက်မှာ ချိတ်ဆွဲထားတဲ့ရောင်စုံခြယ်မီးဆိုင်းလေးတွေနဲ့ မှန်တံခါးတွေကရောက်ဖူးတဲ့စားသောက်ဆိုင်တွေနဲ့မတူဆန်းသစ်နေတယ်။ မြေထဲပင်လယ်နိုင်ငံတွေက ရိုးရာတူရိယာတေးသံတွေကို ငြိမ့်ငြိမ့်လေးဖွင့်ပေးထားတယ်။ ၃ယောက်စာနေ့လယ်စာအတွက် appetiser, main course နဲ့ dessert ဆိုပြီးမှာလိုက်ပါတယ်။ ကံကောင်းစွာနဲ့ menu ထဲမပါသေးတဲ့ ဟင်းလျာအသစ်တွေကိုပါမြည်းစမ်းခွင့်ရခဲ့တယ်။
Appetiser round မှာအရင်ဆုံးလာချတာကတော့ ကြက်သားများများနဲ့သုပ်ထားတဲ့ Caesar salad နဲ့ စားဖိုမှူးကအသစ်ထွင်ထားတဲ့ မုန်လာဥနီသုပ်ပါ။ Caesar salad က mayonnaise နဲ့သုပ်ထားတော့ ခပ်ဆိမ့်ဆိမ့်အရသာရှိပြီး ချဉ်စပ်သုပ်ထားတဲ့ဥနီသုပ်နဲ့လိုက်ဖက်ပါတယ်။
Chicken Caesar salad
Carrot salad Baba Ghanoush, Israeli & Moroccan salads
မြေထဲပင်လယ်စားသောက်ဆိုင်တဆိုင်ရောက်ရင် Baba Ghanoush နဲ့ Hummus တို့ကမစားမဖြစ်ဟင်းလျာတွေပါ။ Baba Ghanoush ကခရမ်းသီးကိုမီးဖုတ်ပြီး နှမ်းကနေရတဲ့ဟင်းခတ်အနှစ်နဲ့ ဇီယာစေ့တွေကိုနယ်ပြီးအနှစ်ရအောင်ပြုလုပ်ထားတဲ့ဟင်းလျာတမျိုးပါ။ ပုံမှန်ဆိုရင်တော့ pita ပေါင်မုန့်နဲ့တို့စားလေ့ရှိပေမယ့် ဒီမှာတော့ ခရမ်းချဉ်သီး၊ သခွားသီးစိတ်လေးတွေနဲ့သုပ်ထားတဲ့ Israeli salad၊ Moroccan beetroot salad တို့နဲ့တွဲဖက်ပေးတယ်။ မြန်မာခရမ်းသီးမီးဖုတ်ကိုကြိုက်ရင်တော့ Baba Ghanoush ကိုသဘောကျမှာပါ။ Israeli salad ကသံပုရာသီးနဲ့အချဉ်လေးသုပ်ထားပြီး beetroot salad ကတော့ဆိမ့်သက်သက်အရသာရှိတယ်။ အဲ့ဒါကလည်း menu ထဲတောင်မပါသေးတဲ့ဟင်းအသစ်လို့သိရပါတယ်။
Pita bread ဆိုတာသာမန်ပေါင်မုန့်တွေထဲအိစက်ပြီးဝါးလို့ပိုကောင်းတယ်။ Pita ကို Hummus ဆိုတဲ့စားတော်ပဲဆိမ့်ဆိမ့်လေးနဲ့တို့စားလေ့ရှိပါတယ်။ ဟင်းလျာအသစ်အနေနဲ့ထွင်ထားတဲ့ Matbucha ကိုလည်း pita bread နဲ့တွဲဖက်မြည်းစမ်းခွင့်ရခဲ့တယ်။ Matbucha ဆိုတာကတော့ခရမ်းချဉ်သီးနဲ့ငရုတ်ကောင်း၊ ဟင်းခတ်အမွှေးအကြိုင်တွေကိုအနှစ်ရအောင်မီးမျှင်းမျှင်းနဲ့ချက်ထားတဲ့ဟင်းပါ။ ဒီဟင်းအနှစ်ကတော့ ဆိမ့်ပြီးနူးညံ့တဲ့ pita bread နဲ့အလိုက်ဖက်ဆုံးပဲဗျ။ Menu ထဲမှာရပြီဆိုရင်စားကြည့်သင့်တဲ့ appetiser တခုအဖြစ်ညွှန်းချင်ပါတယ်။

Appetiser တွေပြီးသွားတော့ စွပ်ပြုတ်နဲ့ main course တွေရောက်လာတယ်။ Zucchini (သခွားဖရုံ) စွပ်ပြုတ်ကလည်း ဟင်းလျာသစ် လို့သိရတယ်။ သူကတော့ဆိမ့်ဆိမ့်ပျစ်ပျစ် အရသာရှိပြီး အနည်းငယ် အီပါတယ်။ ကျနော်တို့မှာလိုက်တဲ့ main course ၃မျိုးမှာ Turkish kebab၊ ကြက်သားကင် အစာသွပ်နဲ့၊ မော်ရိုကိုဟန်အတိုင်း ချက်ထားတဲ့ တိလားပီးယား ငါးဟင်းတို့ပါဝင်တယ်။
Turkish kebab ကကြိတ်ထားတဲ့အမဲသားကို zaatar, oregano စတဲ့ဟင်းခတ်အမွှေးအကြိုင်တွေနဲ့လုံးပြီး သစ်ကြံပိုးခေါက်သီတံနဲ့ထိုးပြီးကင်ထားတာဖြစ်ပါတယ်။ အပေါ်ကနှမ်းအနှစ်လေးဆမ်းထားတော့ ဆိမ့်မွှေးတဲ့အနံ့အရသာရှိတယ်။ သစ်ကြံပိုးခေါက်ရဲ့အမွှေးနံ့ကလည်း အမဲသားထဲစိမ့်ဝင်နေတော့ အညှီနံ့လုံးဝမရှိတော့ပါဘူး။ နူးအိတဲ့အမဲကြိတ်သားကို saffron rice (ထမင်းဝါ) နဲ့တွဲစားလိုက် Zucchini ဟင်းရည်လေးသောက်လိုက်နဲ့တော်တော်စားလို့မြိန်တယ်ဗျ။ ချဉ်စပ်အရသာ Israeli salad တပွဲလည်းပါသေးတယ်။
Turkish kebab Stuffed chicken breast Moroccan fish
Moroccan Tilapia ကတော့ခရမ်းချဉ်သီးများများနဲ့ချက်ထားတဲ့ အရိုးမပါတဲ့ငါးအသားလွှာဟင်းဖြစ်ပါတယ်။ သံပုရာသီးစိတ်လေးတွေလှီးထည့်ထားတာမို့ အအီပြေပြီးချဉ်စပ်အရသာရှိတယ်။ သူလည်းပဲ ထမင်းဝါနဲ့တွဲစားရတာပါ။ မှို၊ ဟင်းနုနွယ်တို့ကိုငရုတ်ကောင်း ထောပတ်တို့နဲ့နယ်ပြီးအစာသွပ်ထားတဲ့ ကြက်ရင်ပုံသားကင်ကတော့ ကျနော်အကြိုက်ဆုံးဟင်းလျာဖြစ်ပါတယ်။ အသားကနူးညံ့နေပြီးဟင်းနုနွယ်နဲ့မှိုက ဆိမ့်သက်သက်အရသာရှိတယ်။ သူ့ကိုနို့၊ မလိုင်၊ သံပုရာရည်တို့နဲ့လုပ်ထားတဲ့ဆော့စ်ရယ် အာလူးသုပ်ရယ်နဲ့တွဲစားရတာပါ။ Mint lemonade လေးကအအီပြေတဲ့အတွက် ဒီဟင်းလျာတွေနဲ့အလိုက်ဖက်ဆုံးဖျော်ရည်ဖြစ်ပါတယ်။
ပြီးတော့အချိုပွဲအနေနဲ့ chocolate mousse၊ Malabi နဲ့ mint tea တို့ကိုမှာလိုက်ပါတယ်။ Choco mousse ကတော့ချောကလက်အရသာခါးသက်သက်လေးနဲ့စားရတာတော်တော်ပျစ်ပျစ်နှစ်နှစ်ရှိတယ်။ Malabi ကတော့လူတော်တော်များများအတွက်အဆန်းဖြစ်နေမှာပါ။ သူကနွားနို့ပူတင်းကို rosewater (နှင်းဆီမွှေးရည်) ဆမ်းထားပြီးအပေါ်ကမြေပဲလေးတွေချေပြီးဖြူးပေးထားတာပါ။ သူက mousse လောက်အရသာမလေးဘဲ ခပ်ဆိမ့်ဆိမ့်နဲ့အနံ့လေးကမွှေးနေတယ်။ စားနေကျမဟုတ်တဲ့သူတွေ အချိုလေးတဲ့ dessert မကြိုက်တဲ့သူတွေအနေနဲ့ Malabi ကိုမြည်းစမ်းစားကြည့်သင့်ပါတယ်။
အစာပိတ်အနေနဲ့ ပူစီနံနဲ့လက်ဖက်ခြောက်နည်းနည်းခပ်ထားတဲ့ mint tea ကိုသကြားလေးနည်းနည်းနဲ့သောက်ရင်း ပြီးပြည့်စုံတဲ့မြေထဲပင်လယ်နေ့လယ်စာအတွေ့အကြုံကို အဆုံးသတ်လိုက်ပါတယ်။
Mint tea
Malabi Chocolate mousse Mint lemonade
လိပ်စာ – 18(C)၊ န၀ဒေးလမ်း၊ ဒဂုံ (၁) ကျောင်းအနီး၊ ရန်ကုန်။
ဖုန်းနံပါတ် – 09 793 808082
ဆိုင်ဖွင့်ချိန် – 10am – 10pm