Advertisement

By Nay Thiha

ဘဲကင်ဆိုတာမြန်မာလူမျိုးတွေနှစ်နှစ်သက်သက်စားကြတဲ့အစားအစာတခုပါ။ တရုတ်အစားအစာရောင်းတဲ့ဆိုင်တိုင်းလိုလိုမှာဘဲကင်ရတတ်ပေမယ့် ဘဲကင်တိုင်းစားမကောင်းတတ်ပါဘူး။ Homay တရုတ်အစားစာဆိုင်ကပီကင်းဘဲကင်အကြောင်းရန်ကုန်မှာကြားဖူးနေတာတော့ကြာပါပြီ။ ဒါပေမယ့်အရင်ကရန်ကင်းမှာဖွင့်ထားတာဆိုတော့ မြို့ထဲမှာနေတဲ့ကျနော့်အိမ်နဲ့ဝေးတာကြောင့် သွားမစားဖြစ်ခဲ့ဘူး။ အခုမြို့ထဲက Urban Asia Center မြေညီထပ်ကိုပြောင်းရွှေ့လာတော့မှ ကျနော့်သူငယ်ချင်းတွေနဲ့နေ့လယ်စာသွားစားဖြစ်ခဲ့ပါတယ်။

ကျနော်တို့သူငယ်ချင်း ၄ယောက်ရောက်သွားတော့နေ့လယ် ၁၁ခွဲလောက်ရှိပါပြီ။ အရင်ဆုံးမှာလိုက်တာကတော့ နာမည်ကြီးပီကင်းဘဲကင်ပါ။ သူကကျနော်တို့စားနေကျဘဲကင်တွေလို သူ့ချည်းသက်သက်စားရတာမဟုတ်ဘဲ ရေနွေးငွေ့နဲ့ပေါင်းထားတဲ့ဂျုံပြား၊ ခြစ်ထားတဲ့သခွားသီးနဲ့ ကြက်သွန်မြိတ်လေးတွေရယ်၊ ဆော့စ်ရယ်ပါတဲ့သေတ္တာလေးနဲ့တည်ခင်းပေးတယ်။ ချက်ချင်းမစားဖြစ်သေးဘဲ စကားတွေပြော ဓာတ်ပုံတွေရိုက်နေတာအချိန်အတော်ကြာသွားပေမယ့် သေတ္တာထဲကစားစရာတွေကအေးမသွားဘူးဗျ။ အဲ့ဒါနဲ့စပ်စုကြည့်တော့သေတ္တာရဲ့အောက်မှာ ရေနွေးထည့်ထားတယ်။ အဲ့ဒီကရေနွေးငွေ့လေးတွေဟာ အပေါ်ကအစားအစာထည့်ထားတဲ့ ဗန်းကနေတဆင့်တက်လာတာကြောင့် အစားအစာတွေကအကြာကြီးနွေးနေတာပါ။

ဘဲကင်ကအရိုးမပါဘူး။ အဆီမပါဘဲ နီရဲနေတဲ့အရေခွံကကြွပ်ပြီး အသားကနူးညံ့တယ်။ သူကဂျုံပြားအိအိလေးပေါ်မှာအသားကိုတင်၊ ဆော့စ်လေးဆမ်း၊ သခွားသီးနဲ့ကြက်သွန်မြိတ်လေး နည်းနည်းဖြူးပြီး ထုပ်စားရတာပါ။ ဆော့စ်ကအသက်ဗျ။ ချိုငံငံအရသာရှိတဲ့ဒီဆော့စ်ဟာ အသားကင်ဆိုင်တွေမှာစားနေကျဆော့စ်ထက်ပိုပျစ်ပြီး အနံ့ကလည်းပိုမွှေးတယ်။

ဘဲကင်နဲ့ဂျုံပြားစားပြီးတော့ထမင်းပွဲသေး ၂ပွဲမှာလိုက်ပြီး ဟင်းပွဲတွေကြည့်ကြည့်တယ်။ ပထမဆုံးမျက်လုံးထဲရောက်လာတာကတော့ မာကာအိုအခေါက်ကင်ပါ။ ဒါပေမယ့် ၀က်သားလည်းစားချင် ထမင်းနဲ့တွဲစားဖို့ဟင်းအနှစ်လည်းလိုချင်တာကြောင့် ၀က်သုံးထပ်သားပေါင်းကိုပဲမှာလိုက်ပါတယ်။ ပြီးတော့ မှိုနဲ့မုန်ညှင်းကိုခရုဆီနဲ့ကြော်ထားတဲ့ ယူဆာဟင်း၊ စီချွမ်းကြက်သားအစပ်ပေါင်းနဲ့ ငါးကြံမဆိုင်ဟင်းရည်တွေဆက်မှာပါတယ်။ အအေးကိုတော့ Hong Kong Ice Milk Tea မှာလိုက်ပါတယ်။

ဝက်သုံးထပ်သားပေါင်းကအနှစ်ကချိုတယ်၊ အသားနဲ့အဆီအခေါက်ကပါးစပ်ထဲရောက်တာနဲ့ပျော်သွားတဲ့ နူးညံ့မှုမျိုးဗျ။ အသားတုံးတွေအောက်မှာခင်းထားတဲ့ကြံမဆိုင်ဖတ်ချဉ်ချဉ်လေးက အအီပြေစေပါတယ်။ စီချွမ်းကြက်သားပေါင်းကတော့စီချွမ်းဟင်းတွေရဲ့ထုံးစံအတိုင်းအထုံစေ့လေးတွေပါတယ်။ အထုံစေ့မကြိုက်ဘူးဆိုရင်ဝန်ထမ်းတွေကိုပြောလို့ရပါတယ်။ ကျနော်တို့ကတော့မာလာရှမ်းကောစားနေကျဆိုတော့ အထုံစေ့ကြိုက်တယ်။ အသားချည်းချက်ထားတဲ့ကြက်သားပေါင်းဟာထုံထုံစပ်စပ်အရသာရှိပါတယ်။ ငါးကြင်းနဲ့ချက်ထားတဲ့ကြံမဆိုင်ဟင်းရည်ချဉ်စပ်ကတော့အအီပြေတဲ့အတွက် ချိုအီတဲ့တရုတ်ဟင်းလျာတွေနဲ့အတွဲအစပ်မိပါတယ်။ အရိုးတွေပါလို့နည်းနည်းတော့သတိထားပြီးသောက်ရတယ်ဗျ။ အသားချည်းပဲထည့်ချက်ရင်တော့ ပိုကောင်းမယ်ထင်ပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ကျနော်တို့ ၄ယောက်စားတာ tax နဲ့ service charges အပါအ၀င် ၆၀၀၀၀လောက်ကျပါတယ် (နောက်ဆုံးကဘောက်ချာဓာတ်ပုံကိုကြည့်ကြည့်ပါ)။ ဈေးနှုန်းအားဖြင့်မနိမ့်ဘူးလို့ပြောနိုင်ပေမယ့် ထူးခြားတဲ့ပီကင်းဘဲကင်နဲ့တရုတ်စာကောင်းကောင်းလေးတွေ စားချင်ရင်တော့စားပျော်ပါတယ်။ နောက်ပြီးဒီတခေါက်ကပီကင်းဘဲကင်ချည်းပဲ ၁၆၀၀၀လောက်ကျသွားတာလည်းပါတယ်။ ကျနော်ကတော့ Homay ကိုနောက်တခေါက်ရောက်ဖြစ်ဦးမှာပါ။ အဲ့ဒီအခါကျရင်တော့ မာကာအိုအခေါက်ကင်ကိုစားဖြစ်အောင်စားကြည့်ပါဦးမယ်။

လိပ်စာ – G11၊ မြေညီထပ်၊ Urban Asia Center၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် – 09 259 257 887/ 09 972 793 023/ 09 773 994 299
ဆိုင်ဖွင့်ချိန် – 11:00 AM – 10:00 PM

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here