By Min Ye Kyaw
လုံချည်ဝတ်ရတာဂျင်းဘောင်းဘီတွေဝတ်ရတာထက်ပိုပြီးပေါ့ပေါ့ပါးပါးနဲ့သက်တောင့်သက်သာရှိပါတယ်။ အထူးသဖြင့်မြန်မာနိုင်ငံရောက်နေတဲ့နိုင်ငံခြားသားတွေလုံချည်ဝတ်ကြတဲ့အခါအမြင်ဆန်းပြီးကြည့်လို့ကောင်းတယ်။ မြန်မာ့လုံချည်ဈေးကွက်မှာအမှတ်တံဆိပ်တွေအများကြီးရှိပေမယ့် တနိုင်ငံလုံးကိုလုံချည်ဖြန့်ချီရောင်းချပေးနေတဲ့ UKK နဲ့တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
UKK ကိုဦးဆောင်ပဲ့ကိုင်နေတဲ့ ကိုကျော်ရဲဟိန်းဟာအသက် ၂၅နှစ်သာရှိသေးပြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးသမားတယောက်လည်းဖြစ်တယ်။ UKK ဟာမြန်မာ့ရိုးရာဝတ်စုံကိုကိုယ်စားပြုတဲ့ အမှတ်တံဆိပ်တခုပါ။ သူဟာအမြတ်လိုချင်တဲ့စိတ်၊ ကျော်ကြားချင်တဲ့စိတ်နဲ့ဒီအလုပ်ကိုလုပ်နေတာမဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းချင်တဲ့စိတ်နဲ့လုပ်ကိုင်နေသူပါ။ ကမ္ဘာ့နိုင်ငံအသီးသီးက ရိုးရာဝတ်စုံတွေမှာ ဗမာ့လုံချည်လောက်လက်တွေ့ကျတဲ့အ၀တ်အစားမျိုးရှားတယ်လို့ ကိုကျော်ရဲဟိန်းကဆိုတယ်။ မဏိပူရနဲ့ မြန်မာနိုင်ငံအထက်ပိုင်းကမီဇိုးရမ်းဒေသ၊ အရှေ့မြောက်အိန္ဒိယတွေမှာအ၀တ်များတဲ့ဆရောင်နဲ့ဆင်တူတဲ့ လုံချည်ဟာတီရှပ်၊ ရှပ်အင်္ကျီစတဲ့အင်္ကျီမျိုးစုံနဲ့လိုက်ဖက်တဲ့အထည်ဖြစ်ပါတယ်။ တချို့တွေကတော့ အိမ်နေရင်းဆိုစွပ်ကျယ်နဲ့လည်းဝတ်လေ့ရှိတယ်။

ကိုကျော်ရဲဟိန်းရဲ့ဖခင်ဦးကျော်ကျော်ဟာတချိန်ကအရည်အသွေးမြင့်လုံချည်အမှတ်တံဆိပ်အမျိုးမျိုးဖြန့်ချီသူပါ။ ဦးကျော်ကျော်ဟာသူ့နာမည်ကိုအစွဲပြုပြီးလုပ်ငန်းကို UKK လို့ပေးခဲ့ခြင်းဖြစ်ပါတယ်။ UKK ဟာလုံချည်ဖြန့်ချီရုံသာမကဘဲ သူ့ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ပါလုံချည်ထုတ်လုပ်နိုင်အောင်ကြိုးစားခဲ့တယ်။ UKK ဟာအမရပူရမြို့မှာရက်ကန်းပညာရှင် ၄၀၀ကျော်နဲ့လုံချည်တွေရက်လုပ်ပြီးတနိုင်ငံလုံးဖြန့်ချီလျက်ရှိပါတယ်။ ကိုကျော်ရဲဟိန်းရဲ့မိသားစုပိုင်စက်ရုံလည်ပတ်နေတာနှစ်ပေါင်း ၁၅၀ကျော်ပါပြီ။ ဒါပေမယ့်ဒီဘက်ခေတ်မှာ အနောက်တိုင်းယဉ်ကျေးမှုစိမ့်ဝင်ပျံ့ပွားလာခြင်းကြောင့် မြန်မာနိုင်ငံမှာလုံချည်ဝတ်တဲ့အလေ့အထ လျော့ကျလာခဲ့ပါတယ်။ ပြည်သူလူထု အထူးသဖြင့် လူငယ်တွေကြားမှာဘောင်းဘီနဲ့စကတ်ဝတ်တဲ့ အလေ့အထခေတ်စားလာတာ ကိုကျော်ရဲဟိန်းကသတိထားမိတယ်။
ပြည်တွင်းလုံချည်ဈေးကွက်ကိုပြည်ပကဈေးပေါပြီးအရည်အသွေးနိမ့်တဲ့အထည်တွေဝင်ရောက်လာခြင်းကလည်း စိန်ခေါ်မှုတခုပါ။ မြန်မာ့ရိုးရာလုံချည်ရက်လုပ်တဲ့လုပ်ငန်းဟာအချိန်နဲ့စီမံခန့်ခွဲမှုများစွာလိုအပ်ပြီး ကျွမ်းကျင်မှုရှိဖို့လည်းအရေးကြီးတယ်လို့ ကိုကျော်ရဲဟိန်းကရှင်းပြတယ်။ “အရည်အသွေးကိုအမြဲတမ်းထိန်းသိမ်းမြှင့်တင်နေဖို့လိုအပ်တယ်။ ဒါကြောင့်လည်းကျနော့်အဖေက ကိုယ်ပိုင်အမှတ်တံဆိပ်တခုစတင်ဖို့စိတ်ကူးရခဲ့တာပါ” လို့သူကဆိုတယ်။
ဒီဂျစ်တယ်ခေတ်မှာအရည်အသွေးကောင်းတဲ့ကုန်ပစ္စည်းဖြစ်နေရုံနဲ့မလုံလောက်ပါဘူး။ လူငယ်တွေနဲ့ရင်းနှီးမှုရစေဖို့အတွက် UKK Facebook page မှာနောက်ဆုံးပေါ်ဒီဇိုင်းနဲ့ လှုပ်ရှားမှုတွေကိုမှန်မှန်တင်ပေးလေ့ရှိတယ်။ အခုဆိုရင် ဒီ Facebook page မှာ follower ၂၁၀၀၀ကျော်ရှိနေပါပြီ။ UKK ဟာပြည်ပနည်းပညာတွေမသုံးဘဲမိသားစုအဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ ရက်ကန်းပညာကိုသာသုံးပြီး မြန်မာ့ရိုးရာအမွေအနှစ်ကိုထိန်းသိမ်းလျက်ရှိပါတယ်။ ကိုကျော်ရဲဟိန်းဟာမြန်မာ့ဖက်ရှင်ရပ်ဝန်းမှာ လုံချည်ကိုအဓိကအ၀တ်အစားဖြစ်စေချင်တယ်။ ၄၀ဒီဂရီလောက်ရောက်အောင်ပူတဲ့ရာသီဥတုမှာ ဂျင်းထည်အထူကြီးတွေဝတ်တာထက်စာရင် လုံချည်ဝတ်ရတာပိုပြီးသက်တောင့်သက်သာရှိပါတယ်။
“ခုနောက်ပိုင်းကျနော်တို့ရိုးရာဝတ်စုံကိုပွဲလမ်းအခမ်းအနားတွေမှာသာဝတ်ကြတာသတိထားမိတယ်ဗျ။ ကျနော်တို့ရိုးရာလုံချည်ဟာနေ့စဉ်ဝတ်လို့ရတဲ့အထည်တခုဆိုတာပြချင်တယ်။ ကျနော်တို့ရောင်းနေတာကုန်စည်မဟုတ်ပါဘူး၊ ရိုးရာနေထိုင်မှုပုံစံတခုပါ” လို့ ကိုကျော်ရဲဟိန်းကဆိုပါတယ်။

ဈေးကွက်ထဲမှာလုံချည်တွေကိုပလတ်စတစ်အိတ်နဲ့ထုပ်ပိုးလေ့ရှိကြပေမယ့် ကိုကျော်ရဲဟိန်းကတော့ ပတ်ဝန်းကျင်နဲ့သင့်လျော်ပြီး သဘာဝအလျောက်ဆွေးမြည့်ပျက်စီးနိုင်တဲ့စက္ကူကိုသာတွင်တွင်ကျယ်ကျယ် အသုံးပြုထုပ်ပိုးပါတယ်။
“ကျနော်တို့ဘာသာဖန်တီးတယ်၊ တည်ဆောက်တယ်။ ကျနော်တို့အမှတ်တံဆိပ်ကိုအတတ်နိုင်ဆုံး သဘာဝပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင်ကြိုးစားထားပါတယ်။”
UKK အမှတ်တံဆိပ်လုံချည်တွေကို ကမာရွတ်မြို့နယ်၊ ဦးဝိစာရလမ်းပေါ်ကအရောင်းဆိုင်မှာဝယ်ယူရရှိနိုင်သလို shop.com.mm ကနေလည်းမှာယူနိုင်ပါတယ်။ အရောင်းဆိုင်မှာဆိုရင်တော့လုံချည်အပြင် ရှပ်အင်္ကျီ၊ ဂျာကင်၊ အိတ်တွေကိုပါဝယ်ယူရရှိနိုင်တယ်။ ဒါ့အပြင် UKK ဟာအကောင်းဆုံးမြန်မာ့လုံချည်အမှတ်တံဆိပ်တခုအဖြစ် နိုင်ငံတကာမှာရပ်တည်နိုင်ဖို့ အရှေ့တောင်အာရှနဲ့ဥရောပကိုတင်ပို့မယ့်အစီအစဉ်လည်းရှိပါတယ်။ သူ့ရဲ့အထည်အလိပ်စက်ရုံကလည်းဘဏ်နဲ့စီးပွားရေးလုပ်ငန်းတွေအတွက် ယူနီဖောင်းတွေကိုအကြီးအကျယ်ချုပ်လုပ်ပေးနေသလို လက်ဆွဲအိတ်၊ ခန်းဆီးစနဲ့ ကူရှင်တွေကိုပါထုတ်လုပ်ပေးနေပါတယ်။
UKK ရဲ့ရည်ရွယ်ချက်ကတော့ရိုးရာယဉ်ကျေးမှုနဲ့နေ့စဉ်ဘ၀နေထိုင်မှုပုံစံကိုပေါင်းစည်းရင်း ဈေးကွက်တွင်းမှာအတုမရှိတဲ့အမှတ်တံဆိပ်တခုဖြစ်အောင်တည်ဆောက်ဖို့ပါ။ ယဉ်ကျေးမှုနဲ့ရိုးရာကိုထိန်းသိမ်းဖို့မြန်မာ့ရိုးရာဆင်ယင်ထုံးဖွဲ့မှုပြပွဲတွေကိုလည်း ခင်းကျင်းပြသဖို့အစီအစဉ်ရှိပါတယ်။
“ကျနော်တို့ရဲ့ရိုးရာဝတ်စုံတွေကိုဝယ်ယူရင်သဘောကျရစေ့မယ်လို့အာမခံနိုင်တယ်” လို့ပြုံးရင်းပြောပါတယ်။ ကိုကျော်ရဲဟိန်းဟာကြယ် ၃ပွင့်အဆင့်ရှိတဲ့နိုင်ငံတကာဟိုတယ်တခုကိုလည်း ရန်ကုန်မှာဖွင့်လှစ်ထားပြီး UKK အရောင်းခန်းမရဲ့ဘေးမှာရုံးခန်းတခန်းဖွင့်ဖို့လည်းစီစဉ်နေပါတယ်။