By Gam Seng Maw
ကမ္ဘာ့အကြီးမားဆုံး လက်ဝှေ့ကုမ္ပဏီ (World Lethwei Championship) ကနေ ဒီတပတ်တနင်္ဂနွေနေ့မှာ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ပွဲစဉ်ကောင်းကောင်းတွေနဲ့ လက်ဝှေ့ပွဲကြီးကို ကျင်းပသွားမှာပါ။
WLC အနေနဲ့ ကရင်ပြည်နယ်မှာ ပထမဆုံးကျင်းပသွားမဲ့ပွဲဖြစ်ပြီး တကယ်ကို အကြိတ်အနယ်ဖြစ်မဲ့ အဓိကပွဲစဉ်ကို ထည့်သွင်းထားပါတယ်။ အဲဒီပွဲကတော့ မြန်မာပြည်က မိုက်ရိုင်းနဲ့ Cambodia နိုင်ငံသား Morn Samet တို့ ထိုးသတ်သွားမဲ့ပွဲကောင်းပါ။ ပွဲကြီးပွဲကောင်းလို့ ပြောရတာက မိုက်ရိုင်းအနေနဲ့ ခပ်ကြမ်းကြမ်းထိုးသတ်တဲ့စတိုင်ကြောင့် မြန်မာပြည်မှာနာမည်ကြီးသလို Morn Samet ကလည်း သူ့ရဲ့ တံတောင်ရိုက်ချက်ပြင်းပြင်းတွေကြောင့် လူသိများတာကြောင့်ဒီပွဲစဉ်ကြီးက စောင့်ကြည့်ရမဲ့စိတ်လှုပ်ရှားစရာကြီးပါ။

ဒီပွဲကြီးမှာ ပွဲဆိုင်း(၈)ဆိုင်းပါဝင်သွားမှာဖြစ်ပြီး အခြားစောင့်ကြည့်ရမယ့် နောက်အဓိကပွဲစဉ်ကတော့ မြန်မာ့လက်ဝှေ့ (light welterweight) ဝိတ်တန်းချန်ပီယံကျော်ဇင်နဲ့ German-Thai လူမျိုး မွေ့ထိုင်းလက်ဝှေ့သမား Burutlek တို့ရဲ့ပွဲပါ၊ အကြိတ်အနယ်ဖြစ်လာနိုင်တဲ့ပွဲစဉ်ပါ။ ပြီးတော့ ရှုံးပွဲမရှိသေးတဲ့ စောမင်းမင်းနဲ့ လူငယ်ခြေတက် အောင်အောင်ထူး ပွဲကလည်း ကြည့်ကောင်းမယ်လို့ မျှော်လင့်လို့ရပါတယ်။ အမျိုးသမီးပွဲစဉ်အနေနဲ့ကတော့ Eh Eh (မြန်မာ) နဲ့ Huynh Ha Hu Hieu (ဗီယက်နမ်) တို့ရဲ့ပွဲဆိုင်း ပါဝင်ပါတယ်။
WLC ဥက္ကဋ္ဌဦးဇေသီဟက “ဒီပွဲကWLCအနေနဲ့ ကရင်ပြည်မှာ ပထမဆုံးအကြိမ်အနေနဲ့ကျင်းပတဲ့ပွဲပါ။ အခုဆိုရင် ကရင်ပြည်နယ်က အကောင်းဆုံးလက်ဝှေ့သမားတွေကို ကမ္ဘာကသိလာတော့မှာတော့မှာဖြစ်သလို ကျွန်တော်တို့ကလည်း ကမ္ဘာအနှံ့က အကောင်းဆုံးတိုက်ခိုက်ရေးသမားတွေကို ဒီပွဲမှာတွေ့ရမှာပါ။ ဒါကြောင့် ဒီလက်ဝှေ့ပွဲကတော့ သမိုင်းတလျှောက်မှာ အကောင်းဆုံးပွဲဖြစ်လာမှာပါ” လို့ပြောကြားထားပါတယ်။
ဒီလိုပွဲကြီးပွဲကောင်းတွေ အများကြီးနဲ့ WLC: Karen Spirit လက်ဝှေ့ပွဲကြီးကို မေလ ၅ ရက်၊တနင်္ဂနွေနေ့၊ ချစ်သူမြိုင်ပန်းခြံ၊ ဘားအံ၊ ကရင်ပြည်နယ်မှာကျင်းပသွားမှာပါ။ ပွဲကို ညနေ ၆:၃၀ကနေ Canal+ ရုပ်သံလိုင်းကနေတိုက်ရိုက် ကြည့်လို့ရမှာဖြစ်ပြီး UFC Fight Pass channel ကနေ တမ္ဘာတဝန်းကို live ပြသမှာဖြစ်ပါတယ်။
