Nay Thiha
HBO ရဲ့ အပိုင်း ၅ပိုင်းပါတဲ့ miniseries Chernobyl (ချာနိုဘေး) ဟာအခု social media မှာနာမည်ကြီးနေပါတယ်။ ၁၉၈၆ခုနှစ် Soviet Union က Ukraine နိုင်ငံ Pripyat မြို့မှာဖြစ်ပွားခဲ့တဲ့ Chernobyl နူကလိယဓာတ်ပေါင်းဖိုပေါက်ကွဲမှုကို documentary ဆန်ဆန်ရိုက်ကူးထားတဲ့ဒီဇာတ်လမ်းတွဲဟာ အချက်အလက်အများစုကမှန်ကန်ပေမယ့် စိတ်ကူးယဉ်ဖန်တီးထားတဲ့ဇာတ်ကောင်တွေ အချက်အလက်တွေနဲ့မကင်းပါဘူး။ ဒီဆောင်းပါးမှာဇာတ်လမ်းတွဲထဲကဘယ်အချက်အလက်တွေက မှန်ကန်လဲ၊ ဘယ်အချက်တွေကတော့ဖြင့် စိတ်ကူးယဉ်လဲဆိုတာပြောပြချင်ပါတယ်။ မကြည့်ရသေးတဲ့သူတွေအတွက်တော့ SPOILER တွေပါနိုင်တယ်ဆိုတာသတိပေးလိုက်ပါရစေနော်။
အချက်အလက် ၁။ ။Chernobyl မှာလောင်တဲ့မီးကထုတ်လွှတ်တဲ့ဓာတ်ရောင်ခြည်ဟာ ဟီရိုရှီးမားနူကလိယဗုံးကျဲအပြီးထွက်တဲ့ဓာတ်ရောင်ခြည်ထက် ၂ဆပိုတယ်

သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးအဖွဲ့အစည်း Greenpeace ကအကြီးတန်းနူကလိယစွမ်းအင်ကျွမ်းကျင်သူ Jan Haverkamp ကတော့ ဒီအချက်ဟာမဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ဖြစ်ရပ်နှစ်ခုကထွက်တဲ့ ဓာတ်ရောင်ခြည်ပမာဏကိုနှိုင်းယှဉ်ဖို့မဆိုထားနဲ့၊ တိုင်းတာဖို့တောင်မလွယ်ကူတဲ့အတွက်ကြောင့်ပါ။
ဟီရိုရှီးမားဗုံးပေါက်ကွဲမှုမှာဓာတ်ရောင်ခြည်သက်ရောက်မှုကိုတိုက်ရိုက်ခံစားကြရပါတယ်။ နူကလိယဗုံးပေါက်ကွဲတဲ့အခါလူတဦးချင်းစီအပေါ်သက်ရောက်တဲ့ဓာတ်ရောင်ခြယ်ပမာဏဟာ ပေါက်ကွဲမှုနဲ့ထိုသူရှိနေတဲ့အကွာအဝေးပေါ်မူတည်ပြီးကွဲပြားပါတယ်။ Chernobyl မှာတော့ ရေဒီယိုသတ္တိကြွဒြပ်ထုတွေလေထဲရောက်ကုန်တဲ့အတွက် လူတယောက်ပေါ်သက်ရောက်တဲ့ဓာတ်ရောင်ခြည် ပမာဏဟာအချိန်ကိုလိုက်ပြီးကွဲပြားပါတယ်။
အချက်အလက် ၂။ ။ဆိုဗီယက်ခေါင်းဆောင်တွေဟာဓာတ်ရောက်ခြည်သင့်နေတဲ့နေရာကို စက်ရုပ်တွေနဲ့သန့်ရှင်းဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့တာကြောင့် လူသားကိုသာအသုံးပြုခဲ့ရတယ်

ဒီအချက်ကတော့မှန်ပါတယ်။
၁၉၉၀ခုနှစ်မှာကျင်းပခဲ့တဲ့ညီလာခံတခုမှာ ဓာတ်ပေါင်းဖိုပျက်ကိုရှင်းလင်းရတဲ့တာဝန်ယူခဲ့တဲ့ Yuri Semiolenko ဟာသူတို့အနေနဲ့မူလကအဝေးထိန်းစနစ်သုံးစက်ရုပ်တွေနဲ့ရှင်းလင်းဖို့ကြိုးစားခဲ့ပေမယ့် စက်ရုပ်တွေဟာဓာတ်ရောင်ခြည်ဒဏ်ကိုမခံနိုင်တာကြောင့်လူသားတွေကိုသာအသုံးပြုခဲ့ရကြောင်းဝန်ခံခဲ့တယ်။ အမေရိကန်တို့ရဲ့နည်းပညာမြင့်စက်ရုပ်တွေကကူညီနိုင်ပေမယ့် ဆိုဗီယက်နဲ့ဆက်ဆံရေးအဆင်မပြေတာကြောင့် မော်စကိုခေါင်းဆောင်တွေကအကူအညီမတောင်းခဲ့ပါဘူး။
အချက်အလက် ၃။ ။ဆိုဗီယက်နူကလိယရူပဗေဒပညာရှင် Ulana Khomyuk ဟာဓာတ်ပေါင်းဖိုသန့်ရှင်းရေးကိုစီစဉ်ခဲ့တယ်

လက်တွေ့မှာတော့ Khomyuk ဟာဓာတ်ပေါင်းဖိုသန့်ရှင်းရေးမှာပါဝင်ခဲ့တဲ့ဆိုဗီယက်သိပ္ပံပညာရှင် ပေါင်းများစွာကိုကိုယ်စားပြုတဲ့ဇာတ်ကောင်သာဖြစ်ပြီး အပြင်မှာတကယ်မရှိခဲ့ပါဘူး။ ထိုခေတ်ကဆိုဗီယက်ပြည်ထောင်စုမှာ အမျိုးသမီးသိပ္ပံပညာပါရဂူတွေအများအပြားရှိခဲ့တဲ့အတွက် ထိုအမျိုးသမီးတွေကိုကိုယ်စားပြုတဲ့အနေနဲ့အမျိုးသမီးဇာတ်ကောင်တယောက်ကိုအရေးကြီးတဲ့နေရာမှာထည့်သွင်းခဲ့တာလို့ဒီဇာတ်လမ်းတွဲကို ဇာတ်ညွှန်းရေးသားထုတ်လုပ်ခဲ့တဲ့ Craig Mazin ကဆိုပါတယ်။
Chernobyl ဖြစ်ရပ်ကိုဦးဆောင်စုံစမ်းခဲ့တဲ့ပညာရှင် Valery Legasov ကတော့အပြင်မှာတကယ်ရှိခဲ့တာပါ။ ဇာတ်လမ်းတွဲအစမှာပြခဲ့တဲ့အတိုင်း ၁၉၈၈မှာသူ့ကိုယ်တွေ့ဖြစ်ရပ်တွေကိုအသံသွင်းဝန်ခံခဲ့ပြီးနောက် သူ့ကိုယ်သူဆွဲကြိုးချသတ်သေခဲ့ပါတယ်။
အချက်အလက် ၄။ ။ဓာတုအဆိပ်တွေပျံ့နှံ့မှာစိုးလို့ဓာတ်ရောင်ခြည်သင့်ဒေသက လေလွင့်တိရစ္ဆာန်တွေကိုပစ်ခတ်ရှင်းလင်းရတယ်

ဓာတ်ပေါင်းဖိုပေါက်ကွဲမှုအပြီး ၃၆နာရီအကြာမှာ Pripyat မြို့သူမြို့သားတွေအနေနဲ့ မိနစ် ၅၀အတွင်း အထုပ်အပိုးပြင်ပြီးမြို့ကိုစွန့်ခွာခဲ့ရပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေကိုလည်းထားခဲ့ရတယ်။ ဒါကြောင့် Chernobyl တားမြစ်နယ်မြေထဲမှာ အိမ်မွေးခွေး ၃၀၀ခန့်ကျန်ခဲ့ပြီး စစ်သားတွေကပစ်ခတ်သတ်ဖြတ်ကြရပါတယ်။ ဒါပေမယ့်ဓာတုအဆိပ်သင့်ပြီးအိမ်မွေးခွေးတော်တော်များများငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးကြရတာများပါတယ်။
အချက်အလက် ၅။ ။ပေါက်ကွဲမှုအပြီးဓာတ်ပေါင်းဖိုအရည်ပျော်ကျမှုကြောင့်မြေအောက်ရေထဲ ဓာတုအဆိပ်များပျော်ဝင်ပြီးဥရောပနိုင်ငံအများအပြားလူနေထိုင်၍မရအောင်ပျက်စီးသွားမယ်

ဒီအချက်ကတော့စိတ်ကူးယဉ်ပါ။ ဓာတ်ပေါင်းဖိုပေါက်ကွဲမှုအပြီး ကော်ရီယံဒြပ်ထုအရည်ပျော်မှုကြောင့် မြေအောက်ရေထိခိုက်နိုင်တယ်ဆိုပေမယ့် ကော်ရီယံအရည်ပျော်ခြင်းဟာတပြေးညီဖြစ်ပွားလေ့မရှိတဲ့အတွက် ဥရောပတိုက်တခုလုံးပျံ့နှံ့သွားမယ်ဆိုတာအနုမာနယူဆချက်သာဖြစ်ကြောင်း Jan Haverkamp ကဆိုပါတယ်။
ဇာတ်လမ်းထဲမှာ Khomyuk ပြောခဲ့သလို ဒုတိယပေါက်ကွဲမှုဟာ ၂ မီဂါတန်ကနေ ၄မီဂါတန်အထိ ပြင်းထန်လိမ့်မယ်ဆိုတာကလည်း ချဲ့ကားမှုသာဖြစ်တယ်လို့ Haverkamp ကပြောပါတယ်။
အချက်အလက် ၆။ ။ရေဒီယိုဓာတ်သင့်လို့မီးသတ်သမားလေးသေဆုံးပြီး ကိုယ်ဝန်သည်ဇနီးသည်ကျန်ခဲ့တယ်

ဒါကတော့တကယ်ဖြစ်ပွားခဲ့တဲ့ကြေကွဲဖွယ်ဇာတ်လမ်းပါ။ မီးသတ်သမား Vasily Ignatenko နဲ့ကိုယ်ဝန်သည်ဇနီး Lyudmilla တို့ဟာမူလက Belarus ကိုပြောင်းနေဖို့စီစဉ်နေကြတာပါ။ ဒါပေမယ့်သူတို့မသွားခင်ညမှာပဲ ပေါက်ကွဲမှုဖြစ်သွားတဲ့အတွက် Vasily ဟာတာဝန်အရမီးသွားငြှိမ်းရပြီးနောက် သူတို့မိသားစုဘ၀လေးလည်း ပျက်စီးခဲ့ရပါတယ်။
Chernobyl ဖြစ်ရပ်ကိုမျက်မြင်ကြုံတွေ့ခဲ့သူတွေနဲ့ကျန်ရစ်သူမိသားစုတွေကိုမေးမြန်းပြုစုထားတဲ့ Voices from Chernobyl ဆိုတဲ့စာအုပ်ထဲမှာ Lyudmilla ကသူ့အနေနဲ့ကိုယ်ဝန်ရှိနေတာကိုမပြောဘဲခင်ပွန်းသည်တက်နေတဲ့ ဆေးရုံကိုသွားခဲ့ကြောင်း၊ ငိုတာနဲ့ဆေးရုံထဲကကန်ထုတ်မယ်လို့လည်းဆေးရုံတာဝန်ရှိသူတွေ ပြောတာခံခဲ့ရကြောင်း Lyudmilla ကဆိုခဲ့ပါတယ်။ အပြင်မှာလည်းသူမရဲ့ကလေးဟာမွေးပြီး ၄နာရီအကြာမှာပဲ ဓာတုအဆိပ်သင့်မှုကြောင့်သေဆုံးခဲ့ပါတယ်။
အချက်အလက် ၇။ ။ဓာတ်ပေါင်းဖိုထဲရဟတ်ယာဉ်ပျက်ကျခြင်း

ဒီအဖြစ်အပျက်ကတော့စိတ်ကူးယဉ်သက်သက်လို့ပြောလို့မရပါဘူး။ ဓာတ်ပေါင်းဖိုမီးကိုငြှိမ်းသတ်ဖို့ ကြိုးစားနေရင်း ရဟတ်ယာဉ်တစီးပျက်ကျခဲ့ဖူးပေမယ့် ဇာတ်လမ်းထဲမှာပြထားသလိုပေါက်ကွဲမှုပြီးပြီးချင်း ဖြစ်ပွားခဲ့တာမဟုတ်ဘဲ နှစ်ပတ်ခန့်ကြာမှဖြစ်ပွားခဲ့တာပါ။
Craig Mazin ကဒီကိစ္စနဲ့ပတ်သက်ပြီး “ကျနော့်အနေနဲ့ဒီရဟတ်ယာဉ်မှူးတွေရဲ့စွန့်စားအနစ်နာခံမှုကို သိသာအောင်ပြချင်တယ်။ ဒါကြောင့်အချိန်ကိုရွှေ့လိုက်တာပါ” လို့ Men’s Health ကိုပြောခဲ့ပါတယ်။ Jan Haverkamp ကတော့ရဟတ်ယာဉ်ဟာ ကရိန်းတခုနဲ့ငြိသွားလို့ပျက်ကျခဲ့တာလို့သုံးသပ်ပါတယ်။
ကိုးကားစာရင်း။ ။businessinsider.com
theguardian.com
stuff.co.nz