Advertisement

Audi ကထုတ်လုပ်လိုက်တဲ့ A8 မော်ဒယ်သစ်ဟာမောင်းရတာသက်သောင့်သက်သာဖြစ်ရုံတင်မကဘဲ အဆင့်မြင့်ကွန်ပျူတာနဲ့အာရုံခံနည်းပညာတွေလည်းပါဝင်ပါတယ်။ ဥပမာ လုံခြုံရေးစနစ်အတွက် ပြင်ပမှာတပ်ဆင်ထားတဲ့အာရုံခံစနစ်တွေချည်းပဲ ၂၄ခုပါတယ်။ zFAS လို့အမည်ပေးထားတဲ့ကွန်ပျူတာစနစ်ဟာ ဒေတာတွေအားလုံးကိုစုပေါင်းထိန်းသိမ်းထားနိုင်ပြီး A8 မော်ဒယ်အဟောင်းမှာရှိတဲ့ကွန်ပျူတာအားလုံးရဲ့ processing power ထက်စွမ်းအင်မြင့်မားတယ်လို့ Audi ကဆိုတယ်။ ဒါပေမယ့် Audi ရဲ့ဇိမ်ခံဆီဒင်ကားသစ် A8 မှာအထင်ကြီးလောက်စရာနည်းပညာသစ်တွေအများကြီးပါပါသေးတယ်။

အဆင့်မြင့်ဆိုင်းထိန်းစနစ်

ဒီဆိုင်းထိန်းစနစ် (active suspension) ရဲ့ထောင့်တစ်ခုစီမှာလျှပ်စစ်စွမ်းအင်သုံးအင်ဂျင်နှိုးစက်ကိုတပ်ဆင်ထားတယ်။ ဒါကြောင့်ဘီးတစ်ခုစီကိုလွတ်လွတ်လပ်လပ်နှိမ့်နိုင်မြင့်နိုင်စွမ်းရှိတယ်။ ဒီစနစ်ဟာတခြားသောကားတွေဖြစ်တဲ့ Bentley Bentayga၊ Porsche Panamera/Cayenne တို့လိုပဲ anti-roll၊ anti-pitch၊ နဲ့ anti-dive function တွေကိုလုပ်နိုင်တဲ့အပြင် လမ်းတလျှောက်အနိမ့်အမြင့်တွေဖြစ်လာတဲ့အခါကြိုအာရုံခံပြီး ဆိုင်းထိန်းစနစ်ကိုအနိမ့်အမြင့်ပြုလုပ်ပေးနိုင်တာကြောင့် ကားမောင်းရတာပိုပြီးငြင်သာပါတယ်။

လမ်းရဲ့အခြေအနေကို ရှေ့မှာတပ်ဆင်ထားတဲ့ 18fps ကင်မရာနဲ့ကြည့်ပါတယ်။ ဒီစနစ်ကိုအဖွင့်အပိတ်လုပ်ပြီး ခလုတ်ကန်သင်းတွေခင်းထားတဲ့လမ်းပေါ်မှာအစမ်းမောင်းကြည့်တဲ့အခါ ရလဒ်ကတော်တော်သိသာပါတယ်။ စနစ်ကိုပိတ်ထားတဲ့အခါ ကားပေါ်မှာလိုက်ပါသူတွေအနေနဲ့ကားဆောင့်တာကိုခံစားရပြီး စနစ်ကိုဖွင့်ပြီးမောင်းတဲ့အခါကားကိုယ်ထည်ကခလုတ်ကန်သင်းတွေရှိတဲ့နေရာမှာလိုအပ်သလို အလိုက်သင့်အနိမ့်အမြင့်လုပ်ပေးတဲ့အတွက်စီးနင်းရတာငြိမ့်ငြိမ့်ညောင်းညောင်းရှိတာကိုခံစားမိပါတယ်။

ပြီးတော့ကားတံခါးဖွင့်လိုက်ပြီးအတက်အဆင်းလုပ်တဲ့အခါ ဆိုင်းထိန်းစနစ်ဟာ ၁ ဒဿမ ၆လက်မ လောက်မြင့်သွားပြီး တံခါးပိတ်ပြီး ၁၀စက္ကန့်အကြာမှပြန်ကျသွားပါတယ်။ ရည်ရွယ်ချက်ကတော့ ပုံမှန်အမြင့်အတိုင်းလိုက်ပါစီးနင်းနေတဲ့သူတွေအတွက် ကားပေါ်အတက်အဆင်းလုပ်ရလွယ်ကူအောင်ပါ။ ကားပါကင်ထိုးထားပြီးအင်ဂျင်ပိတ်ထားပြီးတဲ့အချိန်မှာ ဒီလို ၃ကြိမ်အတက်အဆင်းလုပ်လို့ရပြီး ၃ကြိမ်ပြည့်ရင်တော့ဘတ်ထရီချွေတာဖို့ဒီ function ခဏပိတ်သွားပါတယ်။

၄၈ဗို့လ်လျှပ်စစ်စနစ်

A8 ဟာ ၄၈ဗို့လ်လျှပ်စစ်စနစ်ပါတဲ့ Audi ရဲ့ဒုတိယကားဖြစ်ပါတယ်။ ပထမကားက Europe’s SQ7 performance crossover ဖြစ်ပြီး လျှပ်စစ်စွမ်းအင်သုံးတာဘိုဖိအားမြှင့်စက်ကိုမောင်းနှင်ဖို့ အားပိုသုံးရပါတယ်။ A8 မှာတော့ဆိုင်းထိန်းစနစ်ရဲ့အင်ဂျင်နှိုးစက်ကိုစွမ်းအင်ပေးဖို့နဲ့ mild-hybrid starter-generator အတွက်ဒီလျှပ်စစ်ဓာတ်အားပေးစနစ်ကိုလိုအပ်ပါတယ်။ ဒီဘတ်ထရီမှာတစ်နာရီကို 10amp ထုတ်ပေးနိုင်တဲ့ lithium-ion ကိုသုံးထားပြီးကားရဲ့နောက်မှာတပ်ဆင်ထားတယ်။ ဒါပေမယ့်ကားရဲ့လျှပ်စစ်ဓာတ်အားပေးစနစ်အများစုမှာ သမားရိုးကျ ၁၂ဗို့လ်ဘတ်ထရီသုံးထားပြီး ကိုယ်ထည်မှာတပ်ဆင်ထားတယ်။ DC-DC converter ကစနစ် ၂ခုကိုချိတ်ဆက်ပေးထားတယ်။ ကားရဲ့စနစ်တစ်ခုလုံးကို ၄၈ဗို့လ်နဲ့မောင်းနှင်ဖို့တော့လိုပါသေးတယ်။ ကားရဲ့မီးသီး၊ အာရုံခံစနစ်၊ မှန်တံခါး၊ ကွန်ပျူတာမျက်နှာပြင်စတဲ့စနစ်တွေအားလုံးက ၁၂ဗို့လ်ဘတ်ထရီနဲ့မောင်းနှင်ဖို့တည်ဆောက်ထားတဲ့ အတွက်ကြောင့်လို့ Audi ကအင်ဂျင်နီယာတွေကဆိုတယ်။

လက်ရေးကိုမှတ်သားထားနိုင်မှု

၈ ဒဿမ ၆လက်မရှိတဲ့ကွန်ပျူတာမျက်နှာပြင်ဟာ ပုံမှန်ဆိုရင်တော့ကားအတွင်းအပူအအေးထိန်းညှိဖို့ သုံးတာပါ။ ဒါပေမယ့်စာလုံးတွေနဲ့ကိန်းဂဏန်းတွေရေးဖို့ virtual keyboard အနေနဲ့လည်းသုံးနိုင်ပါသေးတယ်။ ဆိုပါတော့ Munich လို့ရေးပြီးကိုယ်သွားချင်တဲ့ မြူးနစ်မြို့ဆီလမ်းညွှန်စနစ်နဲ့သွားနိုင်တယ်။ Audi ရဲ့မျက်နှာပြင်ဟာ iPad အပေါ်မှာရေးသားနေရသလိုညက်ညောပါတယ်။

ဘေးတစောင်းတိုက်ခံရမှုအရှိန်ကိုလျှော့ချပြီးစီးနင်းသူများအားကာကွယ်ပေးခြင်း

ကားဘေးကိုဖိအားတခုခုတွန်းထိုးသက်ရောက်ပြီဆိုတာနဲ့ Audi A8 ရဲ့အဆင့်မြင့်ဆိုင်းထိန်းစနစ်ဟာ ၃ ဒဿမ ၁လက်မလောက်မြှင့်လိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ Audi ရဲ့ကားတံခါးအောက်ပိုင်းကိုသာ ဖိအားသက်ရောက်စေဖို့ပါ။ ဘာကြောင့်လဲဆိုတော့ကားတံခါးအောက်ပိုင်းက ကားတံခါးထက်ပိုမာကျောတဲ့အတွက် သက်ရောက်မှုဒဏ်ကိုပိုခံနိုင်ရည်ရှိပါတယ်။ ဥပမာ SUV လိုကားမျိုးကတိုက်ပြီဆိုရင် ဒီစနစ်ဟာကားပေါ်ပါလာသူတွေကိုကာကွယ်ပေးနိုင်တယ်။ ဒီစနစ်ကတစ်နာရီ ၃၇မိုင်အမြန်နှုန်းအထိအလုပ်လုပ်ပါတယ်။

လျှပ်စစ်ဓာတ်နဲ့အပြည့်အ၀အလုပ်လုပ်တဲ့ကားတံခါးလက်ကိုင်

A8 ရဲ့တံခါးလက်ကိုင်တွေဟာလျှပ်စစ်ဓာတ်နဲ့အပြည့်အ၀အလုပ်လုပ်တဲ့အတွက်ဖြည်းဖြည်းလေးကိုင်ဖွင့်ရုံနဲ့ တံခါးကပွင့်ပါတယ်။ ဒါ့အပြင် ဒီတံခါးလက်ကိုင်တွေဟာလုံခြုံရေးစနစ်အဖြစ်လည်း အသုံးတော်ခံနိုင်ပါသေးတယ်။ ပြီးတော့ကားဘတ်ထရီကုန်သွားတဲ့အခါ ကားတံခါးဘယ်လိုဖွင့်မလဲလို့တွေးပူစရာမလိုပါဘူး။ ဒရိုင်ဘာထိုင်ခုံဘေးကတံခါးတွေနဲ့ ကားကိုယ်ထည်တံခါးတွေမှာ အရံအနေနဲ့သော့ပေါက်တွေရှိပါတယ်။

တံခါးအဖွင့်လုံခြုံရေးစနစ်

အနောက်ကနေစက်ဘီးတို့ ကားတို့ကျော်တက်လာတဲ့အခါ ကိုယ်တံခါးဖွင့်လိုက်တာနဲ့ကြုံရင် နှစ်ဦးနှစ်ဘက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါပေမယ့် A8 မှာကားတံခါးနောက်ဘက်ကိုထောက်လှမ်းနိုင်တဲ့ အာရုံခံစနစ်တွေရှိတာမို့တခုခုချဉ်းကပ်လာတာနဲ့ကားမှန်တွေကနေမီးတွေလင်းလာသလို ကားတံခါးကလည်းမီးအနီရောင်ပွင့်လာပါတယ်။ ပြီးတော့လျှပ်စစ်စွမ်းအင်သုံးကားတံခါးလက်ကိုင်ကို ဖွင့်လိုက်တာနဲ့ A8 ဟာ ၀ ဒဿမ ၈စက္ကန့်စောင့်မှာဖြစ်ပြီး အနီးအနားမှာဖြတ်သွားဖြတ်လာတွေရှင်းသွားပြီဆိုမှ ပွင့်ပါတယ်။

Audi Q7 မှာလည်းကားတံခါးအဖွင့်သတိပေးတဲ့စနစ်ရှိပေမယ့် A8 ကတော့ကားတွေနဲ့ရှုပ်နေတဲ့လမ်းမပေါ်မှာ တံခါးဖွင့်ဆင်းတဲ့အခါကာကွယ်ပေးတဲ့စနစ်ပါတဲ့ပထမဆုံးကားဖြစ်ပါတယ်။ ကားတံခါး ၄ခုစလုံးမှာဒီစနစ်ပါဝင်ပြီး အင်ဂျင်သတ်ပြီး ၂မိနစ်ကြာတဲ့အထိအလုပ်လုပ်ပါတယ်။

ကြိုးမဲ့ဖုန်းအားသွင်းစနစ်

ခေတ်ပေါ်ကားတော်တော်များများမှာဒီစနစ်ပါဝင်ပေမယ့် Audi A8 ရဲ့ကြိုးမဲ့အားသွင်းစက်ကတော့ ကားရဲ့ခေါင်မိုးမှာတပ်ထားတဲ့အင်တင်နာကနေတဆင့် ဖုန်း signal ကိုပါမြှင့်တင်ပေးပါတယ်။

ဘီး ၄ဘီးလုံးထိန်းချုပ်မောင်းနှင်နိုင်ခြင်း

နောက်ဘီးကိုထိန်းချုပ်တဲ့စနစ်ဟာအသစ်အဆန်းတော့မဟုတ်ပေမယ့် A8 ရဲ့စွမ်းဆောင်မှုက အထင်ကြီးလောက်တယ်။ ဥပမာ နောက်ဘီးတွေဟာရှေ့ဘီးတွေရဲ့ဆန့်ကျင်ဘက်လားရာဆီ ၅ဒီဂရီလောက်အထိချာကနဲလှည့်ပေးနိုင်ပါတယ်။ ဒါဟာတခြားပြိုင်ဘက်ကားတွေထက်သာလွန်တယ်။ Variable-ratio steering နဲ့လည်းပေါင်းစပ်ထားတဲ့အတွက် ပါကင်ထိုးတဲ့အခါလက်နဲ့စတီယာရင်ခွေကိုကိုင်ပြီး ထိုးရတဲ့အကြိမ်တွေလည်းနည်းသွားမှာပါ။ ကားအင်ဂျင်သတ်လိုက်တဲ့အခါမှာတော့ ဘီးတွေဟာနဂိုနေရာပြန်ရောက်သွားပါတယ်။

ကားပိတ်ဆို့နေတဲ့လမ်းပေါ်အလိုအလျောက်ထိန်းချုပ်မောင်းနှင်နိုင်ခြင်း

ကားပိတ်ဆို့နေတဲ့လမ်းပေါ်မှာထိန်းချုပ်ပေးတဲ့စနစ် (Traffic Jam Pilot) ဟာလမ်းပေါ်မှာကားတွေနဲ့ ပြည့်ကျပ်နေတဲ့အခါ အမြန်နှုန်း တစ်နာရီ ၃၇မိုင်အောက်ရောက်သွားပြီဆိုရင် ၀င်ထိန်းချုပ်ပေးပါတယ်။ တခြားကားတွေထက်သာလွန်တာက ဒီ TJP စနစ်ဟာကားလမ်းရှင်းသွားတာနဲ့ သူ့အလိုအလျောက် အရှိန်တင်ပြီးမောင်းပေးတာပါပဲ။ ဒါကြောင့်အချိန်ပြည့်အာရုံစိုက်နေစရာမလိုတော့ဘူး။ ကားဘော်ဒီရုံတွေနဲ့ ၀ပ်ရှော့တွေမှာဆိုရင်လည်းလူမပါဘဲအလိုအလျောက်ပါကင်ထိုးနိုင်မယ့်စနစ်ကို Audi ကမိတ်ဆက်သွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

အဆင့်မြင့် ၃ဘက်မြင်ကင်မရာစနစ်

၃၆၀ဒီဂရီလှည့်ပြီးရိုက်နိုင်တဲ့ကင်မရာဆိုတာအထူးအဆန်းတော့မဟုတ်တော့ပါဘူး။ ဒါပေမယ့် Audi ဟာပါးနပ်တဲ့ပုံရိပ်ဖန်တီးမှုစနစ်ကိုထည့်သွင်းထားလို့ ကားပြင်ပမှာတပ်ထားတဲ့ကင်မရာလေး ၄ခုကနေ ကိုယ့်ကားရဲ့ပတ်ပတ်လည်ကပုံရိပ်ကိုမော်နီတာပေါ်ပြပေးနိုင်ပါတယ်။ ဒါဟာဒရုန်းတစ်ခုကကားပေါ်မှာပျံဝဲပြီး မှတ်တမ်းတင်နေတာနဲ့တူပါတယ်။ ပြီးတော့ zoom ချဲ့ကြည့်လို့ရတဲ့အတွက် ကားအစွန်းပိုင်းတွေကိုအထိအခိုက်မဖြစ်အောင် မောင်းနှင်နိုင်ပါတယ်။ ပါကင်ထိုးနေတဲ့အချိန်မှာ တစခုခုနဲ့တိုက်တော့မယ်ဆိုတာနဲ့အလိုအလျောက်ဘရိတ်အုပ်နိုင်စွမ်းရှိပါတယ်။

HD Matrix စနစ်နဲ့ လေဆာရှေ့မီး

HD Matrix စနစ်ကိုဖွင့်ထားတဲ့အခါ LED ၁၃၈ လုံးပါတဲ့ရှေ့မီးတွေဟာတစ်ခုချင်းစီကို အပိတ်အဖွင့်လုပ်နိုင်တယ်။ ပြီးတော့ကားစတီယာရင်အပြင်လမ်းညွှန်စနစ်ကအချက်အလက်တွေကိုလည်း မီးစနစ်ကရယူနိုင်တဲ့အတွက်ကွေ့တော့မယ်ဆိုတာနဲ့ထောင့်တွေကိုမီးထိုးပေးပါတယ်။ တခြားဒရိုင်ဘာတွေရဲ့မျက်လုံးကိုထိုးမိရင်မျက်လုံးကျိန်းမသွားအောင် ကားဒရိုင်တွေမျက်လုံးပေါ်ကျရောက်မယ့် အလင်းရောင်ပမာဏကိုလည်းလျှော့ပေးပါတယ်။

Ref: https://www.motor1.com/photo/2371223/2019-audi-a8-handwriting-recognition/

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here