Advertisement

မြန်မာနိုင်ငံဟာရိုးရာဓလေ့အမျိုးမျိုးရှိပြီးအလွန်ကိုအရောင်အသွေးစုံတဲ့နိုင်ငံဖြစ်ပါတယ်။ လူမျိုးတမျိုးစီ ဒေသတခုစီမှာကိုယ်ပိုင်ရိုးရာအစားအစာတွေရှိပြီး ဒီဟင်းလျာတွေအားလုံးကစီးပွားရေးမြို့တော်ရန်ကုန်မှာ လာရောက်စုဝေးတယ်။ ဒီဆောင်းပါးမှာ ဈေးလည်းသိပ်မကြီးဘဲအရသာလည်းရှိတဲ့ ရိုးရာစားသောက်ဆိုင်လေးတွေအကြောင်းပြောပြချင်ပါတယ်။ ကိုယ်သိတဲ့ဆိုင်လေးတွေရှိရင်လည်း comment မှာလာရောက်ပြောပြနိုင်ပါတယ်။

Taungoo Food House

တောင်ငူစာသီးသန့်ရောင်းတဲ့ဆိုင်ဆိုတာ ရန်ကုန်မှာရှားပါတယ်။ ဒီဆိုင်လေးကလည်း ဇွန်လဆန်းလောက်ကမှဖွင့်တာဆိုတော့လူသိပ်မသိသေးဘူး။ စားခဲ့တဲ့အထဲမှာ တောင်ငူချိတ်ဆိုးထမင်းနဲ့တို့ဟူးသုပ်၊ ၀က်အူချောင်းကြော်နဲ့ တို့ဟူးကြော်သုပ်တို့ကိုအကြိုက်ဆုံးပဲ။ ငါးခူငါးပြုတ်ရည်လေးနဲ့ချက်ထားတဲ့တောင်ငူမုန့်ဟင်းခါးက စားနေကျမုန့်ဟင်းခါးတွေလောက်မပျစ်ပေမယ့် သူ့ဟာနဲ့သူတော့စားကောင်းပါတယ်။ ဂျုံစေ့၊ သာကူ၊ အုန်းနို့၊ ဒူးရင်းသီးတွေနဲ့ကြိုထားတဲ့ဂျုံကြိုကလည်း မစားမဖြစ်စားရမယ့်အချိုပွဲပါ။ ဈေးနှုန်းတွေက ၂၀၀၀-၃၀၀၀၀န်းကျင်တွေမို့ ၃ယောက်လောက်ကို တသောင်းဝန်းကျင်နဲ့ဗိုက်အပြည့်စားနိုင်မယ့်ဆိုင်ဖြစ်ပါတယ်။

အမှတ် (၄)၊ ကံဘဲ့လမ်း ၊ ရန်ကင်းမြို့နယ်။ (ရန်ကင်းရဲစခန်းရှေ့တည့်တည့်မှာပါ။ ကားနဲ့သွားရင်တော့ လမ်းမပေါ်မှာရပ်ရတာဖြစ်လို့ parking နည်းနည်းခက်ပါတယ်။)
09 960 000447
6:00am – 6:00pm

Mu Ai

ရန်ကုန်မှာကချင်ဟင်းလျာရောင်းတဲ့ဆိုင်တွေထဲနာမည်တော်တော်ရလာတဲ့ဆိုင်လေးပါ။ Mu Ai ဆိုတာ ကချင်လူမျိုးတွေက အစားအစာတစ်ခုစားလို့ကောင်းပြီဆိုရင် ပြောလေ့ရှိတဲ့ စကားလုံးလေးပါ။ “အရသာကောင်းတယ်” လို့အဓိပ္ပာယ်ရပါတယ်။ ဒီဆိုင်လေးက နည်းနည်းကျဉ်းပေမယ့် လက်ရာကတော့ထိပ်တန်းပါပဲ။ Myanmore Awards 2019 မှာတနှစ်တာအကောင်းဆုံး ရိုးရာစားသောက်ဆိုင်ဆုကိုလည်းရထားတယ်။ ကချင်ဟင်းလျာတွေဟာ ဆီနည်းပြီးအသီးအရွက်တွေနဲ့ အဓိကချက်ပြုတ်ထားတာမို့ ၀ိတ်ထိန်းချင်တဲ့သူတွေအတွက်သင့်လျော်တယ်။ ပုံမှာပြထားတဲ့ငါးနဲ့ချဉ်စော်ခါးသီးပေါင်းဆိုရင်ချဉ်စပ်အရသာရှိတဲ့အတွက် အခုလိုအေးတဲ့ရာသီတွေနဲ့ တော်တော်လိုက်ဖက်ပါတယ်။ ဆိတ်သားထောင်းကလည်းသူ့ဆိုင်လာတဲ့လူတိုင်းလိုလိုမှာစားလေ့ရှိတဲ့ နာမည်ကြီးဟင်းလျာတခုပါ။ ဈေးနှုန်းအနေနဲ့ ၄၀၀၀လောက်ကနေ ၁၀၀၀၀ ၀န်းကျင်အထိရှိပါတယ်။

10-B၊ မြေညီထပ်၊ လှည်းတန်း ၁လမ်း၊ ကမာရွတ်မြို့နယ် (J’ Donuts ဆိုင်ရဲ့မျက်နှာချင်းဆိုင်လမ်း)
09250272991
7:00am – 9:00pm

Mandalay Tea Room

ရန်ကုန်မှာနေပြီးမန္တလေးစာစားချင်တယ်ဆိုရင်တော့ Mandalay Tea Room ကိုသာသွားပါ။ ဈေးနှုန်းအနေနဲ့ကြည့်ရင် တပွဲကို ၃၀၀၀-၄၀၀၀ ၀န်းကျင်ရှိပေမယ့်ထည့်ပေးတာများတဲ့အတွက် တပွဲစားလိုက်ရုံနဲ့ဗိုက်ပြည့်တယ်။ ၀က်နံရိုးအထမ်းမြှီးရှည်နဲ့ ခိုတောင်မုန့်တီတို့ကိုညွှန်းပါတယ်။ မလိုင်အပြည့်လက်ဘက်ရည်နဲ့ အုန်းငှက်ပျောပေါင်းတို့ကတော့မစားမဖြစ်စားရမယ့်အချိုပွဲပဲဗျ။ မန္တလေးလက်ရာအတိုင်းစားရဖို့ ပါဝင်ပစ္စည်းတွေကိုမန္တလေးကမှာယူတယ်လို့လည်းသိရပါတယ်။

ဆိုင်ခွဲ (၁)
အမှတ် (၂၂၄/၄)၊ ရန်ငြိမ်း ၂လမ်း၊ ၇ရပ်ကွက်၊ ရန်ကင်းမြို့နယ်။
09 423 794 320
6:00 am – 3:00 pm

ဆိုင်ခွဲ (၂)
77(E)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်။
09 268 742 852
7:00 am – 2:00 am

ငပိချက်

ဖွင့်တာတလကျော်လောက်ပဲရှိသေးတဲ့ဒီဆိုင်လေးဟာငါးပိကြိုက်တဲ့သူတွေအတွက်ကတော့ one stop ငါးပိစားသောက်ဆိုင်လို့ပြောရမယ်။ ဘာလို့လဲဆိုတော့ သူ့ဆီကဟင်းအများစုဟာငါးပိကိုအခြေခံပြီးချက်ထားလို့ စားနေကျငါးပိဟင်းလျာတွေနဲ့မတူတဲ့ အရသာကိုခံစားရမယ်။ ပြီးတော့မှာတဲ့ ဟင်းပွဲတွေမှာ ငါးပိပါဝင်မှု level စိတ်ကြိုက်ရွေးလို့ရပါတယ်။ ငါးပိရည်ပျစ်ပျစ်နဲ့တို့စရာအစုံအလင်ချပေးလို့ ငါးပိရည်နဲ့တို့စရာမပါရင်ထမင်းစားမမြိန်ဘူးဆိုတဲ့သူတွေအကြိုက်တွေ့မယ့်ဆိုင်မျိုး။ ငါးပိနဲ့ချက်တဲ့ကြက်သားဟင်း၊ အမဲသားဟင်းတွေစားခဲ့။ ပြီးရင်မြန်မာမုန့်လေးတွေအချိုတည်း။ ဟင်းတပွဲကို ၄၀၀၀-၅၀၀၀ ထက်မပိုတာကြောင့်လူ ၃ယောက်ကို တသောင်းခွဲလောက်နဲ့အ၀စားလို့ရပါတယ်။

အမှတ် (၅၇၂)၊ ကမ်းနားလမ်းနှင့်လမ်းသစ်လမ်းထောင့်၊ အမှတ်(၃)ရပ်ကွက်၊ လမ်းမတော်မြို့နယ်။
09965069934
10:30am – 8:30pm

မိုးကုတ်တိုင်းရင်းသူ

တိုင်းရင်းသားအစားအစာတွေရောင်းတဲ့ဒီဆိုင်လေးကလည်း အရမ်းကြီးလူသိမများသေးပေမယ့် စားဖူးတဲ့သူတွေတော့စားဖူးနေကြပြီ။ တို့ဟူးနွေး၊ မြှီးရှည်၊ ၀က်သားချဉ်တို့လိုရှမ်းအစားအစာတွေရတယ်။ တပွဲကို ၁၀၀၀ကနေ ၃၀၀၀အတွင်းပဲရှိပါတယ်။ ကြက်သား၊ ကြက်ဥလိပ်၊ ၀က်သုံးထပ်သား၊ ပိန်းဥ၊ ကြာစွယ်စသဖြင့်အစာ ၁၂မျိုးကိုဟော့ပေါ့အိုးကြီးထဲ တလွှာစီဖြန့်ခင်းပြီးစားရတဲ့ ၁၂လွှာတိုင်းရင်းသူဟော့ပေါ့ကတော့ဒီဆိုင်ရဲ့ signature လို့ပြောရမယ်ထင်တယ်။ ၃ယောက်လောက်စားလို့ရတဲ့ ၃၅၀၀၀တန်နဲ့ ၅ယောက်-၆ယောက်စားလို့ရတဲ့ ၅၀၀၀၀တန်ဆိုပြီး ၂မျိုးရှိပါတယ်။ ဒီဟော့ပေါ့ကိုတော့စားမယ့်လူအရေအတွက်အလိုက်တရက်ကြိုမှာရပါတယ်။ ပြီးရင်တော့အအီပြေဆန်ချိုအေးလေးသောက်ပြီးမှပြန်ပေါ့နော်။

အမှတ် (၃၅၃)၊ ပြည်သာယာလမ်း၊ သင်္ကန်းကျွန်းမြို့နယ်။
0979768999
7:00am – 8:00pm

ကုဋေကျော်မြိတ်အစားအစာ

မြိတ်အစားအစာဆိုမြိတ်ကတ်ကြေးကိုက်ကလူသိအများဆုံး၊ လူကြိုက်အများဆုံးဆိုပေမယ့် မြိတ်အစားအစာတွေဟာမြိတ်ကတ်ကြေးကိုက်မှာတင်ဆုံးသွားတာတော့မဟုတ်ပါဘူး။ မြိတ်ဟာပင်လယ်နားနီးဒေသဖြစ်တဲ့အတွက် မြိတ်အစားအစာဆို လတ်ဆတ်တဲ့ငါးနဲ့ပင်လယ်စာတွေက အဓိကအခန်းကဏ္ဍကပါဝင်ပါတယ်။ ဒီဆိုင်လေးမှာဂဏန်းဟင်း၊ ကမာဟင်း၊ ပိတ်စွယ်သုပ်တွေအပြင် ပင်လယ်စာဟော့ပေါ့ပါရနိုင်တယ်။ ပွဲတွေကလည်း အရွယ်အစားပေါ်မူတည်ပြီး ၄၀၀၀-၅၀၀၀လောက်ကနေ စရနိုင်ပါတယ်။ မြိတ်ကတ်ကြေးကိုက်စားကြည့်ဖို့မမေ့နဲ့ဦး။

အမှတ်​ (၇၅၀)၊ ပြည်​​ထောင်​စုလမ်းမကြီး၊ ၃၇ ရပ်ကွက်​၊ ​မြောက်​ဒဂုံမြို့နယ်​။
09 362 03333
9:00 am – 11:00 pm

ဒို့အကြိုက်

မော်လမြိုင်အစား ဆိုပြီးနာမည်ကြီးတယ်။ ဒီမော်လမြိုင်ဆိုင်လေးမှာတော့ တောချက်မုန့်ဟင်းခါး၊ ငါးနှပ်ကြာရိုးမုန့်တီ၊ ရေဦးဝက်အူချောင်း၊ အုန်းထမင်းနဲ့ကြက်ကလည်ချက်တွေအပြင် နွေရာသီဆို သင်္ကြန်ထမင်း၊ ပုရစ်ပေါ်ချိန်ဆို တမူးပုရစ်တွေလည်းရနိုင်တယ်။ ထမင်းဆိုင်ဖြစ်လို့ဟင်းပွဲတွေပါတွဲရောင်းပြီး သူ့ဟင်းတွေကဆီသိပ်မများဘဲ အရည်ကျဲကျဲနဲ့ဆမ်းစားလို့ရတဲ့ပုံစံတွေချက်တာများတော့ ဆီမကြိုက်တဲ့သူတွေအတွက်သင့်လျော်တယ်။ ထမင်းနဲ့ဟင်းပဲစားတာထက် ကြာရိုးဟင်းခါးလေး၊ အာလူးထောင်းလေးနဲ့တွဲဖက်စားတာကပိုအရသာရှိတယ်ဗျ။

အမှတ် (၇၇၄)၊ ၁၆/၁ ရပ်ကွက်၊ ရတနာလမ်း၊ သင်္ကန်းကျွန်းမြို့နယ်။
09 431 77813
11:00 am – 9:00 pm

Nay Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here