Advertisement

ရာသီတုပ်ကွေးတကျော့ပြန်ရောက်လာတဲ့အတွက် လူတော်တော်များများစိုးရိမ်နေကြပါတယ်။ ဒီအခါမှာတုပ်ကွေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်မှား (ဥပမာ – B သွေးပိုင်ရှင်တွေက ရောဂါကူးနိုင်ခြေပိုများတယ်၊ ကြက်သွန်ဖြူစားရင်ရောဂါမဖြစ်ဘူး) တွေကလည်း social media မှာပျံ့နေပါတယ်။ ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီးဆောင်ရန်ရှောင်ရန်တွေနဲ့ သတင်းအချက်အလက်အမှန်တွေကို ဒေါက်တာထွန်းဝင်းလင်းကအခုလိုပြောပြပေးထားပါတယ်။  

အခုဆို ကျနော်တို့ မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေးဖြစ်ပွားတာ စိုးရိမ်စရာ၊ သတိပြုစရာအနေအထားတစ်ခုဖြစ်နေပါပြီ။ အခုလက်ရှိဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီး ဘယ်လိုတွေပြုမူနေထိုင်ရမယ်ဆိုတာ တော်တော်များများသိထားပြီးကြပြီး ဖြစ်နေကြပေမယ့် တချို့ သတိပြုစရာအချက်ကလေးတွေ ဖြည့်စွက်ပြီးသိထားရအောင် ရည်ရွယ်ပါတယ်။

ရာသီတုပ်ကွေး (Seasonal Influenza) ဟာ ၂၀၀၉ ခုနှစ်က ကမ္ဘာတစ်ဝှမ်းလုံး ဖြစ်ပွားခဲ့တဲ့ ရောဂါ (Pandemic Disease) ပါ။ အဲ့အချိန်တုန်းက Swine Flu (ဝက်တုပ်ကွေး) လို့ခေါ်ပြီး ၂၀၀၉ ခုနှစ် Strain ဖြစ်လို့ A(H1N1)Pdm09 လို့ သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာလည်း အကြိမ်ကြိမ် ဖြစ်ပွားဖူးခဲ့ပါတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ် ဖြစ်ခဲ့ဖူးတဲ့ အမျိုးအစား မတူသလို ပြင်းထန်မှုလည်း မတူပါဖူး။ ၂၀၁၇ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ အမျိုးအစားက H5 N1 ဖြစ်ပြီး လက်ရှိ အမျိုးအစားက A(H1 N1)Pdm09 ပါ။ ၂၀၀၉ ခုနှစ်က Strain နဲ့ တူပါတယ်။ လက်ရှိမှာ ဘယ်လိုအမျိုးအစားကို ဗီဇပြောင်းနိုင်မလဲဆိုတာကို ကျန်းမာရေးဝန်ကြီးဌာနလက်အောက်က အမျိုးသားဓာတ်ခွဲဌာန (National Health Laboratory) က စာင့်ကြည့်နေပါတယ်။

လက်ရှိမှာ ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးဟာ ပြင်းထန်ပါတယ်။ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တတ်ပြီးရောဂါလက္ခဏာတွေက ၁ရက်ကနေ ၃ရက်အတွင်းစပါတယ်။

ရောဂါလက္ခဏာများ

သာမန်တုပ်ကွေးလို ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာရည်ယို နှာစေးခြင်း၊ ချောင်းဆိုးခြင်း စတဲ့လက္ခဏာအများစုပါပဲ။ ဒါပေမယ့် နောက်ဆက်တွဲဆိုးကျိုး (Complications) တွေကတော့ သာမန်တုပ်ကွေးထက်ပြင်းထန်လို့ မပေါ့ဆသင့်ပါဘူး။

ရောဂါနောက်ဆက်တွဲဆိုးကျိုးများ

  • ပြင်းထန်အဆုတ်ရောင်ရောဂါ
  • ဦးနှောက်အသားရောင်ရောဂါ
  • ပြင်းထန်ဦးနှောက်အာရုံကြောရောဂါ

တို့ ဖြစ်ပွားနိုင်ပြီးအထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူရခြင်း၊ အသက်ဆုံးရှုံးခြင်းတို့အထိ ဖြစ်နိုင်ပါတယ်။

သတိထားရမယ့်လူနာအမျိုးအစားများ (High risk population)

သတိထားရမယ့် လူနာ အမျိုးအစားတွေက complications ခေါ် နောက်ဆက်တွဲ ဆိုးကျိုးဝင်နိုင်တဲ့ သူတွေ ဖြစ်ပါတယ်။

  • အသက် ၆လမှ ၅နှစ်အတွင်း ကလေးငယ်များ
  • အသက် ၆၅နှစ်အထက် သက်ကြီးရွယ်အိုများ
  • နာတာရှည် ရောဂါအခံရှိသူများ
  • ကိုယ်ခံအားကျဆင်းနေသူများ
  • ကိုယ်ဝန်ဆောင်များ

ကာကွယ်ရန်

တုပ်ကွေးဖြစ်တာ ဘာအရေးလဲဆိုပေမယ့် တချို့လူတွေမှာ နာတာရှည်ရောဂါ ဖြစ်နေတဲ့အခါ တုပ်ကွေးပိုးရဲ့ဒဏ်ကိုတောင်မခံနိုင်ပါဘူး။ အသက်အန္တရာယ်တောင်ရှိတတ်ပါတယ်။
Virus ကြောင့်ဖြစ်တာမို့လို့ ကာကွယ်တယ်ဆိုတာ ပိုးမဝင်ဖို့ပါပဲ။ ရောဂါပိုးဟာ နှာချေ၊ ချောင်းဆိုးရာက ကူးစက်တာမို့ ကာကွယ်ဖို့အတွက်

  • ချောင်းဆိုးရင် လက်ကိုင်ပဝါသုံးပါ။
  • လူထူထပ်သော နေရာသွားလျှင် Mask သုံးပါ။
  • လက်မကြာခဏဆေးပါ။ အထူးသဖြင့် ပိုက်ဆံကိုင်ပြီးလျှင်ပိုသတိပြုပြီးဆေးပါ။ တုပ်ကွေး Virus ဟာ ပိုက်ဆံပေါ်မှာ ၁၇ရက်ကြာအသက်ရှင်နိုင်ပါတယ်။ လက်ဆေးလျှင်လက်ဖျားမှ တံတောင်ဆစ်အထိ ဆပ်ပြာနှင့်ဆေးပါ။ ရေနှင့်ဆပ်ပြာ အလွယ်တကူမရနိုင်လျှင် လက်ဆေးဆပ်ပြာရည် (Hand Sanitizer) သုံးပါ။
  • ရောဂါဖြစ်သူနဲ့ အရမ်းနီးနီးကပ်ကပ်မနေပါနဲ့။ (အနည်းဆုံး ၆ပေအကွာအဝေးမှာ နေသင့်ပါတယ်၊ နှာချေ ချောင်းဆိုးရာက ထွက်လာတဲ့ အမှုန်အမွှား (droplet) တွေက ၆ပေထိ ရောက်နိုင်လို့ပါ)
  • ဖျားနေရင် အိမ်ပြင်မထွက်ပဲ အပြည့်အဝအနားယူပါ။
  • နောက်တစ်ခုက ကိုယ်ခံအားကောင်းအောင်နေပါ။ အာဟာရပြည့်ရန် ပုံမှန်စားပါ၊ ပုံမှန်အိပ်ပါ၊ ရေများများသောက်ပါ၊ စိတ်ပင်ပန်း၊ လူပင်ပန်း မခံပါနဲ့။

အခုဆိုရင် လူတိုင်းနီးပါးကျန်းမာရေးအသိရှိလာကြတဲ့အတွက် ကာကွယ်ဆေးထိုးလာကြပါတယ်။ အပြင်မှာ ထိုးနေကြတဲ့ ကာကွယ်ဆေး အများစုဟာ ၃မျိုးစပ်၊ ၄ မျိုးစပ် (e.g: Vaxigrip, Vaxigrip-tetra) တို့ဖြစ်ကြပြီး အားလုံးဟာလက်ရှိရာသီတုပ်ကွေးဖြစ်စေတဲ့ Virus ပိုးကို ကာကွယ်နိုင်လို့ ယုံယုံကြည်ကြည်ထိုးလို့ရပါတယ်။

ကာကွယ်ဆေးထိုးရင်လည်း ဖြစ်တောင့်ဖြစ်ခဲ ကိုယ်လက်နာခြင်း၊ ဖျားနာခြင်း၊ ဆေးထိုးသာ့်နေရာတွင် နီရဲယောင်ရမ်းခြင်း တို့ဖြစ်တတ်ပေမယ့် စိုးရိမ်စရာတော့မရှိပါဘူး။ ဒါပေမယ့် ကာကွယ်ဆေးဟာ လူတိုင်းထိုးစရာမလိုအပ်ပါ။

ဘယ်လိုလူတွေကာကွယ်ဆေးထိုးသင့်လဲ

  • အောက်ပါအစဉ်အတိုင်း ဦးစားပေးစဉ်းစားပါ (WHO မှ ကိုးကားပါတယ်)
  • ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်စဉ်တုပ်ကွေးဖြစ်ခဲ့ရင် လမစေ့ဘဲကလေးစောမွေးနိုင်တာမို့ သတိထားသင့်ပါတယ်)
  • ကလေးငယ်များ (အသက် ၆လမှ ၅နှစ်အတွင်း ကလေးငယ်လေးတွေ ပြင်းထန်တုပ်ကွေးဆိုသေနိုင်ပါတယ်)
  • သက်ကြီးရွယ်အိုများ (တုပ်ကွေးဖြစ်ပြီဆို အဆုတ်ရောင် နမိုးနီးယား လိုက်လာတတ်လို့ မခံနိုင်တတ်ကြပါဘူး)
  • နာတာရှည်ရောဂါအခံရှိသူများ(နှလုံးရောဂါ၊ ရင်ကြပ်ပန်းနာ ရောဂါ၊ ကျောက်ကပ်ရောဂါ)
  • ကိုယ်ခံအားကျဆင်းနေသူများ (AIDS ရောဂါသည်၊ ဘေလုံးခွဲစိတ်ထားသူများ)
  • Chemo ဆေးသွင်းနေရသူများ
  • အဆစ်မြစ်ရောင်၊ ကျောက်ကပ်ရောင်ရောဂါအတွက် Steriod ဆေးသောက်နေရသူများ
  • ကျန်းမာရေးဝန်ထမ်းများ (ဆရာဝန်၊ ဆရာမ၊ ဆေးရုံ ဆေးခန်းမှဝန်ထမ်းများ)
  • မူကြို၊ နေ့ကလေးထိန်းကျောင်း ဆရာ၊ ဆရာမများ (ကလေးတွေ ကူးသွားနိုင်လို့ သတိထားသင့်ပါတယ်)
  • ဘိုးဘွားရိပ်သာမှ လူမှုဝန်ထမ်းများ (သူတို့တုပ်ကွေးပိုးကနေ အဖိုးအဖွားတွေကို ကူးသွားနိုင်ပါတယ်)

ဘယ်လိုလူတွေ မထိုးသင့်ဘူးလဲ

  • အသက် ၆လအောက် ကလေးငယ်များ
  • ဓာတ်မတည့်သောလက္ခဏာများဖြစ်ဖူးသူ
  • ကာကွယ်ဆေးထိုးပြီး (၆) ပတ်အတွင်း ပြင်းထန်အာရုံကြောရောဂါ ဖြစ်ခဲ့သူများ
  • ဆေးထိုးပြီး (၂၄) နာရီအတွင်း မျက်စိနီရဲ၊ နှာရည်ကျခြင်း (oculorespiratory syndrome) အပြင်းအထန် ဖြစ်ဖူးသူများ

သတိထားရန်

  • ကြက်ဥ allergy ရှိသူများက ဆရာဝန်နှင့် တိုင်ပင်ပြီးထိုးနိုင်ပါတယ်။
  • လက်ရှိ ပြင်းထန်ဖျားနာနေသူများ (serious acute illness) နေပြန်မကောင်းမချင်း မထိုးသင့်ပါ။
  • သာမန်အဖျား (minor illness)၊ နာလန်ထလူနာများ (recovery from illness) နှင့် ပိုးသတ်ဆေး သောက်နေသူများ ထိုးနိုင်ပါတယ်။

သတင်းအချက်အလက်အမှားများသတိပြုရန်

B သွေး လူနာတွေက ရာသီတုပ်ကွေး ဒဏ်ကို ပိုခံစားရနိုင်တယ်။
Ans: မဟုတ်ပါ။ မည်သူမဆို ကိုယ်ခံအားနည်းနေလျှင် ကာကွယ်မှု အားနည်းလျှင်
ဖော်ပြခဲ့တဲ့ ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။

ကြက်သွန်ဖြူစားခြင်း၊ ဂျင်းပြုတ်ရည်သောက်ခြင်းတို့ကရောဂါမကူးစက်ဖို့် လုံးဝကာကွယ်ပေးနိုင်တယ်။
Ans: သဘာဝဆေးနည်းတွေက ကိုယ်ခံအားတက်စေပေမယ့် ၁၀၀ ရာခိုင်နှုန်း မကာကွယ်နိုင်ပါ။ ဖော်ပြခဲ့တဲ့ ကာကွယ်ရန်နည်းလမ်းတွေကို လိုက်နာရပါမယ်။

ကာကွယ်ဆေးထိုးရင် အပြင်းအထန်ဖျားနိုင်တယ်။ ထိုးသင့်ရဲ့လား။
Ans: ဖော်ပြခဲ့သလို ဖြစ်တောင့်ဖြစ်ခဲပါ။ ပြင်းထန်လောက်သည်အထိမဖြစ်ပါ။ ထိုးထားတာမမှားပါ။

အရေးကြီးဆုံး အချက်ကတုပ်ကွေးဖြစ်ပြီဆိုရင် “ရာသီတုပ်ကွေး၊ ဆင်တုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ခြင်တုပ်ကွေး” စသည်တို့ကို ခွဲခြားနိုင်ရန် ဆရာဝန်နှင့် သေချာပြသဖို့လိုပါတယ်။ အများစုက ရာသီတုပ်ကွေးကိုသာစိုးရိမ်ကြပြီး ကျန်တာတွေသတိလွတ်ကြပါတယ်။ သေချာသတိပြုမိကြဖို့လိုပါတယ်။

အခြား သတင်းအချက်အလက်များထက် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့တရားဝင် အချက်အလက်များသာ သတိပြုစောင့်ကြည့်ပေးပါ။ ဒီ Link ကနေ ဝင်ဖတ်လို့ရပါတယ်။
https://www.facebook.com/MyanmarCDC

အားလုံး အနာဘယကင်းရှင်းကြပါစေ။

Ref: Myanmar CDC, WHO, CDC

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here