Advertisement

ရန်ကုန်ဟာလူမျိုးဘာသာမျိုးစုံမှီတင်းနေထိုင်ကြတဲ့မြို့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေသာမက ဟိန္ဒူ၊ ခရစ်ယာန်၊ မွတ်ဆလင်ဘာသာဝင်တွေအတူတကွနေထိုင်ကြသလို ဘာသာရေးအဆောက်အအုံတွေ အများကြီးရှိနေခြင်းကလည်းရန်ကုန်ရဲ့လှပမှုတခုပါ။

မြန်မာနိုင်ငံမှာဂျူးဘာသာဝင်တွေကလူနည်းစုပါ။ စာရင်းအင်းတွေအရတနိုင်ငံလုံးမှာဂျူးဘာသာဝင် ၂၀လောက်ပဲကျန်ပါတော့တယ်။ ၁၉၄၁ မတိုင်ခင်ကဆိုရင်ဂျူးဘာသာကိုးကွယ်သူဦးရေ ၃၀၀၀နီးပါးရှိခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ကျဆင်းသွားခဲ့တာလို့ ရန်ကုန်မြို့ ၂၆လမ်းက Musmeah Yeshua ဂျူးဘုရားကျောင်းရဲ့ဂေါပကအဖွဲ့ဝင် Sammy Samuels (ကိုဆမ်မီ) ကပြောပါတယ်။

“ညီအစ်ကိုအများစုကတော့ရန်ကုန်မှာပဲနေကြပါတယ်။ ပြီးတော့ ပုသိမ်၊ မန္တလေးတို့မှာလည်းနည်းနည်းရှိတယ်။ မေမြို့မှာအဆက်လေး (ဂျူးအဆက်အနွယ်) တွေကျန်ခဲ့တာလည်းရှိပါတယ်။”

Musmeah Yeshua ဂျူးဘုရားကျောင်းဟာမြန်မာနိုင်ငံရဲ့တခုတည်းသောဂျူးဘာသာရေးအဆောက်အအုံ ဖြစ်တဲ့အတွက်နေ့ထူးနေ့မြတ်နဲ့ပွဲလမ်းသဘင်တွေရှိတဲ့အခါဒီဘုရားကျောင်းလေးမှာပဲ ဂျူးဘာသာဝင်တွေအားလုံးစုဝေးလေ့ရှိပါတယ်။

“ဒီဇင်ဘာလမှာကျင်းပတဲ့ Hanukkah မီးထွန်းပွဲမှာဆိုရင်တော့ဂျူးဘာသာဝင်တွေသာမကဘဲ တခြားဘာသာပေါင်းစုံကယုံကြည်ကိုးကွယ်သူတွေပါလာရောက်ပါဝင်ကြပါတယ်” လို့ ကိုဆမ်မီပြောတယ်။

ဂျူးဘုရားကျောင်းလေးဟာ ကမ္ဘာလှည့်ခရီးသွားတွေရဲ့လက်စွဲတော် application ဖြစ်တဲ့ TripAdvisor မှာရန်ကုန်ရဲ့ထိပ်တန်း tourist attraction တခုအဖြစ်ဖော်ပြခံရပါတယ်။ အီရတ်ကပြောင်းရွှေ့လာတဲ့ ဂျူးဘာသာဝင်တွေတည်ဆောက်ခဲ့တာဖြစ်ပြီး ၁၈၉၃ခုနှစ်ကစတည်ဆောက်ခဲ့တာဖြစ်လို့ Musmeah Yeshua ဟာနှစ်ပေါင်း ၁၀၀ကျော်သက်တမ်းရှိပါပြီ။

မူလကဒီနေရာမှာသစ်သားအဆောက်အအုံလေးရှိခဲ့ပေမယ့်မီးလောင်ပျက်စီးသွားတဲ့အတွက် ၁၈၉၃ခုနှစ်မှာ အခုအဆောက်အအုံကိုတည်ဆောက်ခဲ့တာပါ။ ဗိသုကာပိုင်းမှာတော့ အီရတ်ဗိသုကာဟန်တွေပါပါတယ်။ ၂၀၁၆ခုနှစ်မှာ Yangon Heritage Trust ကနေရှေးဟောင်းအမွေအနှစ်အဖြစ် Blue Plaque နဲ့သတ်မှတ်ပေးခြင်းခံခဲ့ရပါတယ်။

ဂျူးဘာသာဝင်တွေဟာအပတ်စဉ် သောကြာနေ့ညကနေ စနေနေ့ညနေအထိဘုရားဝတ်ပြုဆုတောင်းလေ့ ရှိပါတယ်။ တနှစ်မှာအခါကြီးရက်ကြီး ၈ခုရှိပါတယ်။

“ဒီဘုရားကျောင်းကြီးကတော့ အဘိုးလက်ထက်ကတည်းက လူ ၆ယောက် ၇ယောက်လောက်နဲ့ စတည်ဆောက်ခဲ့တာပါ။ ဂုဏ်ယူစရာကောင်းတာကတော့ဒီဘုရားကျောင်းဟာဘယ်အဖွဲ့အစည်းရဲ့ ထောက်ပံ့မှုမှမပါဘဲ အစ်ကိုတို့ကိုယ်ပိုင်စီးပွားနဲ့ပဲလည်ပတ်နေတယ်ဆိုတာပါပဲ။ ဒါဟာလွန်ခဲ့တဲ့နှစ် ၂၀လောက် ကတည်းကပါ” ကိုဆမ်မီကပြောပါတယ်။

ဂျူးဘာသာဝင်တွေဟာအရေအတွက်အားဖြင့်အရမ်းနည်းပါးပေမယ့်လည်းမြန်မာနိုင်ငံမှာ Anti-Semitism (ဂျူးလူမျိုးမုန်းတီးရေးဝါဒ) မရှိတဲ့အတွက်အားငယ်နေစရာမလိုကြောင်း၊ ဘာသာပေါင်းစုံနဲ့ညီညီညွတ်ညွတ် နေထိုင်မှုကိုပဲရှေးရှုကြောင်း သူကဆိုပါတယ်။

အစိုးရကနေဂျူးဘာသာရေးပွဲတွေမှာလည်းပါဝင်ချီးမြှင့်လေ့ရှိတယ်လို့လည်းကိုဆမ်မီကပြောပါတယ်။

“ဒီဇင်ဘာတုန်းကကျင်းပခဲ့တဲ့ Hanukkah မီးထွန်းပွဲမှာဆိုရင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင် ပထမဦးဆုံးဖယောင်းတိုင်ကိုထွန်းပေးခဲ့ပါတယ်။ ဒါကြောင့်လူနည်းစုဖြစ်ပေမယ့်လည်း အဲ့ဒီလို support (အားပေးမှု) ရတဲ့အတွက်အများကြီးဝမ်းသာပါတယ်” လို့ဆိုပါတယ်။

အစ္စရေးသံရုံးနဲ့လည်းမိသားစုပုံစံရင်းနှီးမှုရှိပြီးဘာပဲလုပ်လုပ်တိုင်တိုင်ပင်ပင်လုပ်ကိုင်လေ့ရှိတယ်လို့သူကပြောတယ်။

“မြန်မာနိုင်ငံဟာအလွန်လှပတဲ့နိုင်ငံတခုပါ။ ကိုယ်တို့ဂျူးဘုရားကျောင်းရဲ့ ၅တိုက်အကျော်လောက်မှာ ဗလီကျောင်းတခုရှိတယ်။ ကိုယ်တို့ရှေ့တည့်တည့်မှာသိမ်တော်ကြီးရှိတယ်။ မနီးမဝေးမှာချာ့ခ်ျတခုရှိတယ်။ ဒါတွေဟာဘာသာပေါင်းစုံတစုတဝေးတည်းစည်းလုံးညီညွတ်စွာနေထိုင်ခဲ့တာကိုပြတာပါ။ ဒါကြောင့်အခုလိုဘာသာရေးအဆောက်အအုံတွေကိုလေ့လာကြပြီးတဦးနဲ့တဦးနားလည်မှုတွေပိုပြီးတိုးပွားနိုင်ပါစေလို့ပြောချင်ပါတယ်။”

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here