Advertisement

ဇွန်လအတွင်းထွက်ရှိမယ့် Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲသစ်တွေထဲက စိတ်ဝင်စားစရာဇာတ်လမ်းတချို့ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

I am Mother (Jun 7)

ကမ္ဘာကြီးပျက်သုဉ်းသွားပြီးနောက်ယန္တရားတွေနဲ့အလိုအလျောက်လှုပ်ရှားနိုင်တဲ့ မြေအောက်ကတုတ်ကျင်းတခုမှာ Mother လို့ခေါ်တဲ့အသိဥာဏ်ရှိစက်ရုပ်တရုပ်က လူသားတယောက်ကိုမွေးဖွားလိုက်ပါတယ်။ Daughter လို့ခေါ်တဲ့ဒီလူသားမိန်းကလေးဟာ ဘာကြောင့်သူ့တယောက်တည်းကိုပဲမွေးထားတာလဲလို့မေးတဲ့အခါ Mother ကသူ့အနေနဲ့မိခင်တယောက်ဖြစ်ဖို့သင်ယူစရာတွေအများကြီးရှိသေးတဲ့အတွက် နောက်ထပ်ကလေးတွေမယူသေးတာလို့ဆိုတယ်။

နှစ်ပေါင်းများစွာကြာတဲ့အခါဆယ်ကျော်သက်အရွယ် Daughter ဟာကတုတ်ကျင်းထဲမှာပဲ ကြီးပြင်းလာရတဲ့အတွက်ပြင်ပကမ္ဘာကြီးကိုလေ့လာစူးစမ်းချင်လာပါတယ်။ ဒါပေမယ့်ပြင်ပကမ္ဘာဟာ လေထုရေထုတွေအဆိပ်သင့်နေတဲ့အတွက် မသွားဖို့ Mother ကတားတယ်။ တနေ့မှာသူတို့ကတုတ်ကျင်းထဲ အမျိုးသမီးတယောက်ခိုလှုံခွင့်တောင်းလာတဲ့အခါမှာတော့ Daughter လည်းပြင်ပကမ္ဘာအကြောင်း သိချင်စိတ်ပိုပြင်းထန်လာပါတယ်။ Mother ကဘာလို့သမီးတယောက်တည်းမွေးတာလဲ။ ပြင်ပကမ္ဘာမှာလူသားမျိုးနွယ်တွေရှိနေသေးလား။ Mother ကဘာလို့ Daughter ကိုအပြင်မထွက်စေချင်တာလဲ။ ဒီရုပ်ရှင်ကြည့်ပြီးအဖြေရှာလိုက်ပါ။

Tales of the City (Jun 7)

ဒီ miniseries မှာ Mary Ann ဆိုတဲ့အမျိုးသမီးတယောက်ဟာသူမအသက်မွေးဝမ်းကျောင်းမှုကိုဇောက်ချလုပ်ဖို့ သမီးဖြစ်သူ Shawna နဲ့ခင်ပွန်းသည်တို့ကို နှစ် ၂၀တိတိစွန့်ပစ်ထားခဲ့ပြီးနောက် ဇာတိမြို့ San Francisco ဆီပြန်ရောက်လာပါတယ်။ အရွယ်တော်တဆိတ်ဟိုင်းချိန်ရောက်လာတဲ့ Mary ဟာသူမရဲ့မိသားစု၊ ဇာတိမြို့၊ အပေါင်းအသင်းတွေနဲ့ပြန်လည်သင့်မြတ်ဖို့ကြိုးစားရပုံတွေကိုတင်ဆက်ထားပါတယ်။

Black Mirror Season 5 (Jun 5)

Black Mirror ဟာနည်းပညာနဲ့လူသားတွေကြားကဆက်ဆံရေးကိုလေးနက်တဲ့အတွေးအခေါ်တွေ၊ ဆန်းပြားတဲ့ဇာတ်လမ်းတွေနဲ့ရိုက်ပြနိုင်လို့ သိပ္ပံခေတ်လွန်ရုပ်ရှင်ကြိုက်သူတွေကြားနာမည်ကြီးပါတယ်။ ဒီ season မှာတော့ အပိုင်း ၃ပိုင်းပါတယ်။

Striking Vipers

အိမ်ထောင်သည်အမျိုးသားတယောက်ဟာသူ့သူငယ်ချင်းနဲ့ဂိမ်းကစားနေရင်းပြင်ပကမ္ဘာနဲ့ ပုံရိပ်ယောင်ကမ္ဘာကြားလွန်ဆွဲနေရပုံကိုရိုက်ကူးထားတဲ့ဇာတ်လမ်းပါ။ Striking Vipers ဆိုတဲ့ဂိမ်းမှာ ဂိမ်းထဲကဇာတ်ကောင်တွေခံစားရတဲ့အတိုင်း ပြင်ပကကစားသူတွေခံစားရတယ်။ Danny နဲ့ Karl ဟာ ဒီဂိမ်းမှာအမျိုးသားနဲ့အမျိုးသမီးဇာတ်ကောင်တွေနေရာက အသီးသီးဆော့ကစားမိကြတယ်။ သူတို့ရဲ့ဇာတ်ကောင် ၂ကောင်ဟာဆန့်ကျင်ဘက်လိင်ပီပီဂိမ်းထဲမှာလိင်ဆက်ဆံကြတော့ အပြင်ကကစားနေတဲ့သူတို့နှစ်ယောက်လည်း ဒီအတွေ့အထိအာရုံကိုခံစားမိကြတယ်။ ဒီအတုအယောင်ကမ္ဘာကခံစားချက်ကိုစွဲလမ်းသွားတဲ့ Danny ဟာသူ့မိန်းမနဲ့လိင်ဆက်ဆံရတာကိုတောင် အရသာမတွေ့တော့ဘဲအိမ်ထောင်ရေးအဆင်မပြေဖြစ်လာရပါတယ်။ ဒီလိုနဲ့ Danny ဟာသူ့အိမ်ထောင်ရေးနဲ့ ဂိမ်းကပေးတဲ့ဖောဌဗ္ဗာအာရုံတို့ကြားတခုကိုရွေးချယ်ရမယ့်အချိန်ရောက်လာပါတော့တယ်။

Smithereens

တက်စီမောင်းသူ Chris ဟာသူနဲ့လက်ထပ်မယ့်အမျိုးသမီးယာဉ်တိုက်မှုတခုကြောင့်ကွယ်လွန်သွားပြီးနောက် ဒီအမှုအတွက်တာဝန်ရှိတယ်လို့ယူဆနေတဲ့ Smithereens social media ကုမ္ပဏီရဲ့ CEO အပေါ်လက်စားချေဖို့ကြိုးစားတဲ့ဇာတ်လမ်းပါ။

Rachel, Jack and Ashley Too

မိတဆိုးလေး Rachel ဟာဖခင်ဖြစ်သူ Kevin ဆီက Ashley Too ဆိုတဲ့အသိဥာဏ်တုစက်ရုပ် လက်ဆောင်ရပါတယ်။ Ashley Too ဟာ Rachel အကြိုက်ဆုံး pop အဆိုတော် Ashley O နဲ့တပုံစံတည်း တူအောင်တည်ဆောက်ထားတာပါ။ တနေ့မှာ Ashley O ဟာအလုပ်အကိုင်စာချုပ်တခုကို တရားမ၀င်တဲ့နည်းနဲ့ဖောက်ဖျက်ဖို့ကြိုးစားနေတုန်း အဒေါ်ဖြစ်သူ Catherine ဆေးခတ်လုပ်ကြံတာခံရပြီး coma ဖြစ်သွားပါတယ်။ တီဗီမှာ Ashley O ရဲ့သတင်းကြည့်ပြီး Ashley Too စက်ချို့ယွင်းသွားတယ်။ Ashley Too ဟာ Ashley O ရဲ့ဒီဂျစ်တယ်မိတ္တူဖြစ်ပြီး Catherine ကိုမသင်္ကာတာနဲ့ ဒီအမှုကိုထောက်လှမ်းဖို့ Rachel နဲ့ သူ့အစ်မ Jack တို့ကိုအကူအညီတောင်းပါတယ်။ ဒီလိုနဲ့ Rachel တို့ညီအစ်မလည်း Ashley O coma ဖြစ်ရခြင်းကို Ashley Too နဲ့အတူစုံစမ်းကြပါတော့တယ်။

Arthdal Chronicles (Jun 1)

  • Arth လို့ခေါ်တဲ့ဒဏ္ဍာရီတိုင်းပြည်ကိုဖျက်ဆီးပစ်မယ့်သူလို့နိမိတ်ဖတ်ခံရတဲ့ Eunseom
  • စစ်သူရဲကောင်းဖြစ်ပြီး Arth ရဲ့ပထမဆုံးဘုရင်ဖြစ်ချင်သူ Tagon
  • Eunseom နဲ့ကံကြမ္မာချင်းတူပြီး နိုင်ငံရေးသမားဖြစ်ချင်သူ Tanya
  • လူသားမျိုးစိတ်အကွဲတခုဖြစ်တဲ့ Neanthal ရဲ့နောက်ဆုံးမျိုးဆက် Taeala

ဒီဇာတ်ကောင် ၄ဦးကြားကအားပြိုင်မှုတွေကိုရိုက်ပြထားတဲ့ကိုရီးယားဇာတ်လမ်းတွဲပါ။ ဒါရိုက်တာရင်လို့မြန်မာပရိသတ်တွေသိကြတဲ့ Jang Dong-gun နဲ့ Descendants of the Sun ဇာတ်လမ်းတွဲထဲက Song Joong-ki တို့ပါဝင်ထားတယ်။ တချို့က ကိုရီးယား Game of Thrones လို့ခေါ်ကြပေမယ့် သူ့မှာလည်းသူ့ကိုယ်ပိုင်ဇာတ်လမ်းနဲ့ဆွဲဆောင်မှုရှိတဲ့အတွက် ဒီလိုနှိုင်းယှဉ်တာမတရားဘူးလို့တော့ထင်ပါတယ်။

Murder Mystery (Jun 14)

နယူးယောက်မြို့ကရဲဝန်ထမ်းနဲ့သူ့ဇနီးဖြစ်သူတို့ဟာဥရောပကိုအပန်းဖြေခရီးထွက်တုန်း အသိရခက်တဲ့လူစိမ်းတယောက်နဲ့လေယာဉ်ပေါ်မှာခင်မင်သွားပါတယ်။ အဲ့ဒီလူစိမ်းဟာသူတို့နှစ်ယောက်ကို သူဌေးအဘိုးကြီးတယောက်ရဲ့ရွက်လှေပေါ်ကပါတီပွဲတခုကိုခေါ်သွားခဲ့တယ်။ အဲ့ဒီသူဌေးကြီးအသတ်ခံရတဲ့အခါ သူတို့လင်မယားကိုရဲကအဓိကသံသယရှိသူအဖြစ် သတ်မှတ်လိုက်တဲ့အခါမှာတော့ ဒီအမှုကိုဖြေရှင်းဖို့ကြိုးစားရပါတော့တယ်။ Just Go with It မှာကတည်းကအတွဲညီခဲ့တဲ့ Jennifer Aniston နဲ့ Adam Sandler တို့ ၂ယောက်ကိုပြန်လည်တွေ့မြင်ရတဲ့ဒီရုပ်ရှင်ဟာ ဟာသဇာတ်မြူးကြိုက်တဲ့သူတွေ မကြည့်မဖြစ်ကြည့်ရမယ့်ကားလို့ပြောချင်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here