ပိတ်ရက်မှာချိုမြိန်တဲ့အမှတ်တရတွေဖန်တီးဖို့သင့်ချစ်သူကိုဒီဆိုင်တွေဆီခေါ်သွားလိုက်ပါ။ Single လေးတွေဆိုလည်းကိုယ့်မိသားစု၊ အပေါင်းအသင်းတွေနဲ့အချိုပွဲတွေစားရင်း ချိုမြိန်တဲ့အမှတ်တရတွေဖန်တီးလို့ရပါတယ်နော်။
Remicone (Central Sweets)

စားနေကျရေခဲမုန့်တွေနဲ့မတူဘဲ ထူးထူးဆန်းဆန်းပုံစံလေးနဲ့စားကြည့်ချင်တယ်ဆိုရင်တော့ Remicone ကိုသွားကြည့်သင့်ပါတယ်။ တောင်ကိုရီးယားအခြေစိုက်ကုမ္ပဏီဖြစ်ပြီး သူတို့ရဲ့ပထမဆုံးအရှေ့တောင်အာရှဆိုင်ခွဲကိုမြန်မာနိုင်ငံမှာလာရောက်ဖွင့်လှစ်တာဖြစ်ပါတယ်။ ရေခဲမုန့်နဲ့တွဲဖက်စားဖို့ရွေးချယ်စရာအဆာပလာတွေကလည်းတော်တော်စုံတယ်ဗျ။ သကာရည်၊ အာတာပူစီ (cotton candy)၊ အုန်းသီးခြစ် စသဖြင့်ရွေးချယ်လို့ရပါတယ်။ မမှာမဖြစ်မှာစားကြည့်သင့်တဲ့ရေခဲမုန့်ကတော့ Hawaiian Beach ပါ။ ကမ်းစပ်နဲ့ပင်လယ်ပြာပုံစံရအောင် အခြောက်ခံထားတဲ့အုန်းသီးဖတ်လေးတွေရယ် သကာရည်အပြာရောင်လေးရယ်နဲ့အလှဆင်ထားတယ်။ ကိုယ့်စိတ်ကြိုက် topping တွေနဲ့ရေခဲမုန့်တစ်မျိုးဖန်တီးလို့လည်းရပါတယ်။ Central Sweets မှာတခြားအချိုပွဲဆိုင်တွေကိုလည်း ၀င်စားကြည့်ဖို့မမေ့နဲ့နော့်။
Central Sweets၊ The Central Boulevard, ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်း။
09 681 471 111
10:30am – 10:30pm
Home Sweet Home

ဒီဆိုင်လေးက အစားအသောက်လေးတွေအရသာရှိသလိုဓာတ်ပုံရိုက်လို့လည်းကောင်းပါတယ်။ Ice-cream၊ brownie၊ ဝေဖာ၊ ကိတ်မုန့်တွေကို အလှဆင်ထားတာက တော်တော်လေးဆွဲဆောင်မှုရှိတယ်။ New York Cheesecake နဲ့ Hong Kong Egg Waffle တွေကဒီဆိုင်ရဲ့နာမည်ကြီးအချိုပွဲတွေပါ။ ပြီးတော့ ကော်ဖီမျိုးစုံနဲ့အခြား drinks တွေကလည်း ရနိုင်သေးတယ်။ ဒီကအစားအသောက်တွေကို ရိုက်ပြီးဆိုရှယ်မီဒီဟာမှာတင်ဖို့အတွက် wifi free လည်း အသင့်ပဲဆိုတော့ ဘာလိုသေးလဲ။
၁၈၊ စဥ့်အိုးတန်းလမ်း (အောက်ဘလောက်)၊ လသာမြို့နယ်။
09 969 116307
9am – 4pm
Sweets Seiza

အချိုပွဲကြိုက်ပေမယ့်ရေခဲမုန့်တွေ ကိတ်မုန့်တွေကိုလည်းရိုးနေပြီဆိုတဲ့သူများအတွက်တော့ ဒီဂျပန်ရိုးရာအချိုပွဲဆိုင်လေးကိုညွှန်းချင်ပါတယ်။ ကောက်ညှင်းဆန်၊ ဂျုံတို့နဲ့လုပ်ထားတဲ့မုန့်လုံးလေးတွေထဲမှာ ချောကလက်၊ ပဲနီ၊ စတော်ဘယ်ရီ၊ သရက်ယိုစသဖြင့်ဌာပနာထားတဲ့မုန့်လေးတွေဟာ macha tea၊ green tea တို့နဲ့အရမ်းလိုက်ဖက်ပါတယ်။ ဆိုင်လေးကိုလည်းသဲဖြူလေးတွေ၊ ကျောက်တုံးဥယျာဉ်လေးတွေနဲ့ပြင်ဆင်ခင်းကျင်းထားလို့ မသိရင်ဂျပန်နိုင်ငံကစားသောက်ဆိုင်လေးတဆိုင်ထဲရောက်နေသလိုခံစားချက်မျိုးရမှာပါ။ ဓာတ်ပုံလှလှလေးတွေရိုက်လို့ရတယ်ဆိုတာကိုတော့ ပြောစရာမလိုတော့ပါဘူးနော်။
အမှတ် (၇၀) C-1 ၊ မြေညီထပ်၊ ရွှေဂုံတိုင်လမ်း၊ ကိုမင်းကိုချင်းရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
10am – 4pm (ပိတ်ရက်မရှိ)
Wake N Bake

ဒီဆိုင်ကိုဒူးရင်းသီးဆိုင်လို့လူသိများတယ်။ ဒီမှာက ဒူးရင်းသီးနဲ့လုပ်ထားတဲ့ မလိုင်၊ မုန့်လက်ဆောင်း၊ ရေခဲမုန့်၊ ကိတ်မုန့် စုံစုံလင်လင်ရနိုင်ပြီး အရသာတကယ်ကောင်းတာမို့ နာမည်ကြီးတယ်။ ဒူးရင်းသာကူပြင်၊ Durian Pillow တို့လိုမုန့်တွေကလည်းလူကြိုက်များပါတယ်။ ဆိုင်ခွဲတွေကလည်း ၃ဆိုင်တောင်ရှိပါတယ်။
ဆိုင် (၁)။ ။ ၉၄၁(က)၊ သစ္စာလမ်း၊ တောင်ဥက္ကလာပမြို့နယ်။
ဆိုင် (၂)။ ။ 9E (1)၊ ကမ္ဘာအေးဘုရားလမ်း၊ န၀ရတ်ရိပ်သာလမ်း၊ ၈မိုင်၊ မရမ်းကုန်းမြို့နယ်။
ဆိုင် (၃)။ ။ ၈၃၊ အနော်ရထာလမ်းနှင့်ကိုင်းတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်။
Ssuni Myanmar

ကိုရီးယားနာမည်ကြီးရေခဲမုန့်တံဆိပ်ဖြစ်တဲ့ Ssuni ရေခဲမုန့်ကို မြည်းကြည့်ချင်ရင် လှည်းတန်းစင်တာမှာဖွင့်ထားတဲ့ Ssuni Myanmar ကို သွားကြည့်ပါ။ ရေခဲမုန့်ပေါ်မှာ ထည့်ထားတဲ့ Topping တွေရဲ့ အရသာက စွဲမက်စရာလည်းကောင်း၊ လှလည်းအရမ်းလှတယ်။ ဒီဆိုင်က ခေါက်ဆွဲပုံစံလုပ်ထားတဲ့ စတော်ဘယ်ရီရေခဲမုန့်Strawberry Ssuni Schnee Noodleက တော်တော်နာမည်ကြီးပါတယ်။
Hledan Centre, Basement 1၊ ပြည်လမ်းနှင့်လှည်းတန်းလမ်းထောင့်။
09 785 049484
9:00am – 9:00pm
Fruit & Nature

ရေခဲချောင်းဆိုတာထက်ပိုတဲ့ရေခဲချောင်းတွေပါ။ ဆေးသကြား၊ ဆိုးဆေးတွေမပါဘဲ သဘာဝသစ်သီးတွေကိုခဲထားတဲ့ရေခဲချောင်းတွေမှစားချင်ရင်တော့ Fruit & Nature ကအသင့်တော်ဆုံးဖြစ်မယ်။ ဈေးနှုန်းတွေကလည်း တချောင်းကိုမှ ၁၀၀၀ကျပ်ဆိုတော့ ပေးရတာနဲ့တန်တယ်လို့ပြောနိုင်ပါတယ်။ Delivery လည်းမှာလို့ရတယ်နော်။
အနော်ရထာလမ်းမနှင့် ၅၃လမ်းထိပ်၊ ရန်ကုန်။
09 44599 9988
8am – 9pm
White Swan

ဒီနေရာရဲ့ ထူးခြားချက်က အင်းလျားကန်ရဲအလှကိုငေးကြည့်လို့ရနိုင်တာရယ်၊ European စတိုင် သီးသန့်ဖန်တီးထားတဲ့ ကိတ်၊ ရေခဲမုန့်၊အချိုပွဲတွေကို စားလို့ရတာရယ်ပါ။ ဈေးနှုန်းတွေအနည်းငယ်မြင့်ပေမယ့် သန့်ရှင်းလတ်ဆတ်မှု၊ အရသာကောင်းမွန်မှုတွေကြောင့် ပေးရတာနဲ့တန်တဲ့အစားအသောက်ကိုတော့ပြန်ရတယ်လို့ပြောရမယ်။ အင်္ဂလိပ်ခေတ်က ဗိသုကာလက်ရာ အဆောက်အအုံမှာဖွင့်ထားတဲ့ ဒီနေရာလေးကတော့ အပန်းလည်းဖြေချင်၊ ကောင်းပေ့ဆိုတဲ့ European desserts တွေကို မြည်းစမ်းကြည့်ချင်သူတွေအတွက် ညွန်းပေးလိုက်ရပါတယ်။ ဓာတ်ပုံရိုက်လို့လည်းတော်တော်လှပါတယ်။
၅၊ ဦးထွန်းငြိမ်းလမ်း၊ မရမ်းကုန်းမြို့နယ်။
09 799 995152
10:00am to 10:00pm
By Gam Seng Maw & Nay Thiha