မြောက်အိုင်ယာလန်မှာ Game of Thrones prequel ရိုက်ကူးမှုစတင်နေပြီလို့ Belfast Telegraph ရဲ့သတင်းအရသိရပါတယ်။ GoT Season 8 ကောင်းတာမကောင်းတာအမြင်အမျိုးမျိုးကွဲပြားနိုင်ပေမယ့် GoT ပရိသတ်တွေကတော့ prequel series ကိုစောင့်မျှော်နေကြလိမ့်မယ်လို့ယုံကြည်ပါတယ်။
ကျနော်တို့ရင်းနှီးခဲ့တဲ့ GoT ကမ္ဘာမတိုင်ခင်လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀၀လောက်ကအဖြစ်အပျက်တွေကို အခြေခံထားတယ်လို့ HBO ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။ အဲ့ဒီကာလကို သူရဲကောင်းတွေရဲ့ရွှေခေတ် (Golden Age of Heroes) လို့ခေါ်ကြပြီး အဲ့ဒီခေတ်ကအဖြစ်အပျက်တော်တော်များများဟာ မျက်မှောက်ခေတ် Westeros ပေါ်မှာကြီးမားတဲ့သက်ရောက်မှုရှိခဲ့ပါတယ်။ HBO ကအတည်မပြုသေးပေမယ့် GRR Martin ကတော့ဒီ prequel series ကို Long Night လို့ခေါ်ကြောင်းပြောခဲ့ဖူးတယ်။
နှစ် ၄၀၀၀လောက်ကြာမြင့်ခဲ့တဲ့အဲ့ဒီခေတ်ဟာ First Man တွေနဲ့ Children of the Forest တွေကြား ငြိမ်းချမ်းရေးယူခဲ့တဲ့အချိန်မှာစတင်ပြီး Andal လူမျိုးတွေ Westeros ကိုလာရောက်ကျူးကျော်တဲ့အချိန်မှာ ကုန်ဆုံးပါတယ်။ အဲ့ဒီခေတ်မှာပဲ Children of the Forest တွေက ပထမဦးဆုံး White Walker Night King ကိုဖန်တီးခဲ့တာပါ။
ဒီခေတ်မှာထွန်းကားခဲ့တဲ့သူရဲကောင်းတချို့ဟာ GoT မှာတွေ့ခဲ့ရတဲ့တော်ဝင်မျိုးရိုးတွေနဲ့အိမ်တော်တွေကို စတင်ခဲ့သူတွေဖြစ်ပါတယ်။ မြောက်အရပ်မှာဆိုရင် Bran the Builder ဆိုတဲ့သူရဲကောင်းဟာ House Stark ရဲ့ဘိုးဘေးဖြစ်ပြီး ပထမဦးဆုံးမြောက်ပိုင်းဘုရင် (King in the North) ဖြစ်ပါတယ်။ Winterfell မြို့တော်နဲ့ Wall ကိုတည်ဆောက်ခဲ့သူလည်းဖြစ်ပါတယ်။

အဲ့ဒီခေတ်မှာပဲရွှေတွင်းသူဌေး Casterly အိမ်တော်ဟာ ဥာဏ်များတဲ့ Lann ဆိုတဲ့လူလိမ်တယောက်ကြောင့် တန်ခိုးသြဇာကျဆင်းသွားရပြီး နောက်ဆုံးသူတို့အိမ်တော်ကိုပါ Lann သိမ်းယူတာခံလိုက်ရတယ်။ အဲ့ဒီ Lann the Clever ဆိုတဲ့သူဟာ Casterly Rock ရဲ့အရှင်သခင်ဖြစ်လာခဲ့ပြီး သူ့ဆီကနေ Lannister မျိုးရိုးဆင်းသက်လာခဲ့ပါတယ်။
Westeros ရဲ့တခြားဒေသတွေမှာလည်း Highgarden (Kingdom of the Reach), Vale (Kingdom of the Mountains), Kingdom of the Iron Islands, Kingdom of the Stormlands နဲ့ Dorne ဆိုပြီးနိုင်ငံတွေအသီးသီးထွန်းကားလာတယ်။
ဒီ prequel series မှာ Dawn Age အကြောင်းကိုလည်းပြောပြလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ ဒီခေတ်က First Man တွေ Westeros ထဲစတင်ခြေချမိချိန်ဖြစ်ပြီး ဒေသခံ Children of the Forest တွေနဲ့ပဋိပက္ခဖြစ်ခဲ့တဲ့ကာလပါ။ နောက်ပိုင်းမှာတော့သူတို့မျိုးနွယ်စုနှစ်စုချစ်ကြည်ရေးယူပြီး White Walkers တွေကိုနှိမ်နင်းခဲ့ကြတယ်။ ဒီကာလဟာနောင်တချိန်မှာ Long Night ဆိုပြီး Westeros ရာဇ၀င်မှာထင်ရှားလာခဲ့တယ်။ ပြီးတော့ First Man တွေဟာ Children တွေရဲ့သဘာဝနတ်ဘုရားကိုးကွယ်တဲ့ဘာသာတရားကိုပါကျင့်သုံးခဲ့ပါတယ်။ Andal တွေရဲ့သတ္တနာထ (Faith of the Seven) ကြီးစိုးလာတဲ့အချိန်မှာတော့ First Man တွေရဲ့နတ်ဘုရားတွေကို Old God တွေလို့ခေါ်ကြပါတယ်။
သူရဲကောင်းခေတ်ဟာ Andal တွေကျူးကျော်တဲ့အချိန်မှာကုန်ဆုံးတယ်။ ရာဇ၀င်အရ Long Night အပြီး နှစ် ၂၀၀၀ အကြာမှာ Andal လူမျိုးတွေရဲ့ကျူးကျော်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ Narrow Sea ရဲ့တဘက်ကမ်း Essos ရဲ့အနောက်ပိုင်းကမ်းခြေဒေသမှာရှိတဲ့ Andalos တောင်ကုန်းတွေပေါ်မှာနေထိုင်ကြတဲ့လူမျိုးတွေဟာ နတ်ဘုရား ၇ပါးကိုးကွယ်တဲ့ဝါဒရှိပြီး အင်္ဂလိပ်ဘာသာစကား (Common Tongue) ကိုပြောကြတယ်။ သူတို့တွေအင်အားကြီးလာပြီး Westeros ကိုဝင်ရောက်ကျူးကျော်ရင်း ဒေသခံတွေနဲ့ ပေါင်းဖက်သွေးနှောကြတဲ့အတွက် Westeros ဟာ Andal လူမျိုးအဓိကလွှမ်းမိုးတဲ့နေရာဖြစ်လာပါတယ်။ Knighthood ကလည်း Andal ဓလေ့ထုံးတမ်းတခုပါ။ ဒါပေမယ့် Andal တွေဟာ မြောက်ပိုင်းဒေသနဲ့ Dorne ကိုတော့အပြည့်အ၀သိမ်းသွင်းနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့်လည်း ဒီဒေသတွေဟာသူတို့ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ဓလေ့ထုံးစံတွေတော်တော်များများကျင့်သုံးနေကြဆဲပါ။ ဘာသာစကားကတော့ Common Tongue သာလွှမ်းမိုးသွားခဲ့ပါတယ်။
သူတို့တွေဟာဆံပင်ရွှေရောင်နဲ့ ဖြူဖျော့တဲ့အသားအရေရှိပြီး First Man သွေးကြီးစိုးတဲ့ မြောက်ပိုင်းသားတွေကတော့ ဆံပင်အရောင်ပိုရင့်သလို အသားလည်းအညိုဘက်သန်းတယ်။ Wildings တွေကတော့ First Man သွေးပိုစစ်ပါတယ်။ အရှေ့တိုင်းနိုင်ငံ Essos ကဒုက္ခသည်တွေနဲ့ Andal တွေသွေးနှောရာကဆင်းသက်လာတဲ့ Dornish တွေကတော့ဆံပင်အနက်ဖြစ်ပြီး အသားလည်းပိုညိုပါတယ်။

ဒီအချိန်မှာ Targaryen အိမ်တော်ဆင်းသက်လာမယ့် Valyrian လူမျိုးတွေကတော့ Essos ကုန်းမြေမှာရှိတဲ့ Valyria ကျွန်းလေးမှာမထင်မရှားဆိတ်ကျောင်းသားတွေအဖြစ်အသက်မွေးနေကြတုန်းပါ။ နဂါးဥတွေကိုရှာဖွေတွေ့ရှိခဲ့ပြီး သူတို့မှာရှိတဲ့မှော်ပညာကိုသုံးရင်းနဂါးတွေနဲ့ယဉ်ပါးအောင်နေကြရင်း နောင်တချိန်မှာကမ္ဘာပေါ်မှာတန်ခိုးအာဏာအကြီးဆုံး Valyrian Freehold ဆိုတဲ့အင်ပါယာကြီး တည်ထောင်နိုင်ခဲ့တယ်။
ဒီအင်ပါယာကြီးဟာ The Doom လို့ခေါ်ကြတဲ့မီးတောင်ပေါက်ကွဲမှုကြောင့် Valyria ကျွန်းပျက်စီးသွားချိန်အထိတည်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Aegon Targaryen ဦးဆောင်တဲ့ Valyrian တွေဟာသူတို့ရဲ့နဂါးတွေကိုသုံးပြီး Westeros ကိုကျူးကျော်သိမ်းပိုက်ခဲ့တယ်။ ဒီကျူးကျော်မှုအပြီး နှစ် ၄၀၀အကြာမှာတော့ War of the Five Kings ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်းကို Season ၈ခုရှိတဲ့ Game of Thrones TV series အဖြစ်ကျနော်တို့မြင်တွေ့ခဲ့ရပြီးပါပြီ။ Prequel series ဟာလည်း GoT လိုပဲစိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့မျှော်လင့်ရင်း ဒီဆောင်းပါးကိုနိဂုံးချုပ်လိုက်ပါတယ်ခင်ဗျား။
Nay Thiha
Ref: gameofthrones.fandom.com
YouTube မှာလည်း Game of Thrones – Histories & Lore ဆိုပြီးရှာကြည့်လို့ရပါတယ်။