မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုအသည်းနှလုံးဖြစ်တဲ့ပုဂံဟာ အခုဆိုရင် Unesco အသိအမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သွားပါပြီ။ တကယ်တော့လည်းပုဂံနဲ့အနီးတ၀ိုက်ဒေသဟာ တနှစ်ပတ်လုံးသွားရောက်လည်ပတ်လို့ကောင်းတဲ့နေရာဖြစ်ပါတယ်။ အထူးသဖြင့်မိုးတွင်းဆိုပုဂံဟာ မပူလွန်းမအေးလွန်းဘဲမိုးအုံ့အုံ့နဲ့တော်တော်နေလို့ကောင်းပါတယ်။ ဒါကြောင့်လာမယ့်ပိတ်ရက်တွေမှာ ပုဂံကိုအခုမှသွားမယ့်သူတွေအတွက် သွားသင့်တဲ့နေရာတွေနဲ့ လုပ်သင့်တဲ့ activity လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
နေ၀င်ချိန်ကြည့်ပါ

စေတီပုထိုးတွေကြားထဲနေလုံးကြီးတဖြည်းဖြည်းဆင်းသက်သွားတဲ့ရှုခင်းကဘာနဲ့မှမတူပါဘူး။ ဒါပေမယ့်ကိုယ်ကြည့်တဲ့နေရာကလည်းရှုခင်းကောင်းဖို့လိုပါသေးတယ်။ Myanmore ကတော့အကြိုက်ဆုံး ၃နေရာရွေးပေးထားပါတယ်။ ကိုယ့်စိတ်ကြိုက် viewpoint တွေရှိရင်လည်း comment ပေးသွားကြပါဦး။
ယွန်းလုပ်ငန်းကိုလေ့လာပါ
ပုဂံမှာယွန်းလုပ်ငန်းအများကြီးရှိပါတယ်။ အရည်အသွေးနဲ့ဈေးနှုန်းပေါ်မူတည်ပြီးအမျိုးမျိုးရှိပေမယ့် Myanmore ရဲ့စိတ်ကြိုက်ကတော့ Maung Aung Myin Art Gallery Bagan ပါ။ အဲ့ဒီမှာယွန်းထည်တထည်ပြုလုပ်ပုံကို အစအဆုံးကြည့်ရှုနိုင်တယ်။ Golden Bagan, Bagan House နဲ့ Jasmine Family Lacquerware တွေကိုလည်းသွားကြည့်ကြည့်ပါ။
E-bike နဲ့တကိုယ်တော်လျှောက်လိမ့်ပါ

ကျနော်တို့ကတော့တစီးကို တရက် ၅၀၀၀ကျပ်နဲ့ငှားခဲ့ရတယ်။ ဟိုတယ်တော်တော်များများမှာ e-bike အခမဲ့ငှားပေးတဲ့ဝန်ဆောင်မှုတွေရနေပါပြီ။ အာနန္ဒာ၊ ဓမ္မရံကြီး၊ ကောတော့ပလ္လင်၊ ရွှေဆံတော်၊ ရွှေစည်းခုံ၊ သဗ္ဗေညုစတဲ့စေတီပုထိုးတွေကို စက်ဘီးနဲ့လျှောက်လည်ရတာကမြင်းလှည်း၊ သုံးဘီး၊ ကားတွေနဲ့စီးပြီးသွားတာနဲ့မတူဘဲ လွတ်လပ်တဲ့ခံစားချက်မျိုးရပါတယ်။ ကားနဲ့သွားဖို့ခက်တဲ့ချောင်ကြိုချောင်ကြားနေရာတွေကလည်းစက်ဘီးနဲ့သာရောက်နိုင်တာမျိုးပါ။ ကင်မရာယူသွားဖို့မမေ့နဲ့နော်။
တနေ့ထဲစွယ်တော် ၄ဆူဖူးပြီးလိုရာဆုတဆုတောင်းပါ

တချိန်ကအနော်ရထာမင်းကြီးဟာ ဗုဒ္ဓရဲ့စွယ်တော်တချောင်းကိုဆင်ပေါ်တင်ပေးလိုက်ပြီး အဲ့ဒီဆင်အနားယူရာ နေရာ ၄နေရာမှာ စေတီတဆူစီတည်ခဲ့ပါတယ်။ ဒီစေတီ ၄ဆူဟာ ရွှေစည်းခုံ၊ တန့်ကြည်တောင်၊ တုရင်းတောင်၊ လောကနန္ဒာတို့ဖြစ်ပါတယ်။ တနေ့ထဲမှာ ဒီစေတီ ၄ဆူကိုဖူးနိုင်ခဲ့ရင်လိုရာဆုတဆုတောင်းရင်ပြည့်တယ်လို့ အယူရှိပါတယ်။
ပုပ္ပါးတောင်တက်ပါ

ပုပ္ပါးတောင်ကလပ်ရဲ့ထိပ်မှာတည်ထားတဲ့ဘုန်းကြီးကျောင်းဟာ ပုဂံရောက်ရင်မသွားမဖြစ်သွားရမယ့်နေရာပါ။ တောင်ထိပ်ကနေအနီးအနားပတ်ဝန်းကျင်ကိုကြည့်ရတဲ့အရသာကဘာနဲ့မှမတူပါဘူး။ အဆော့သန်တဲ့မျောက်ကလေးတွေကိုတော့သတိထားနော်။ လှေကားထစ်ဘယ်နှထစ်ရှိလဲကောရေကြည့်ဖူးပါသလား။

စလေမြို့နဲ့ရှင်ပင်စာကြိုလှဘုရားကိုနေ့ချင်းပြန်လည်ပါ

စလေမြို့ကိုပုဂံကတနာရီခွဲလောက်ကားမောင်းသွားရင်ရောက်ပါပြီ။ မြို့ကခရီးသွားတွေသိပ်လာလေ့မရှိပေမယ့် လည်စရာကတော့တော်တော်များပါတယ်။ Salay House မှာနေ့လယ်စာစားပြီး ကိုလိုနီခေတ်အဆောက်အအုံတွေကြည့်ပါ၊ ရုပ်စုံကျောင်းသွားလည်ပါ၊ ရှင်ပင်မဟာလာဘမံဘုရားဖူးပါ။ ဒီဘုရားကယွန်းနဲ့လုပ်ထားပြီးအတွင်းကအခေါင်းပေါက်နဲ့ဖြစ်ပါတယ်။ စလေကနေတောင်ဘက်ကိုဆက်သွားရင် ရှင်ပင်စာကြိုလှဘုရားကိုရောက်ပါတယ်။ ကျနော်တို့ကတော့ကားတစီးငှားပြီး မနက် ၉နာရီကနေ ည၈နာရီအထိပုဂံကနေ ပုပ္ပါး၊ ပြီးတော့ စလေကိုသွားတယ်။ စလေကနေပုဂံကိုပြန်ခဲ့ပါတယ်။ စုစုပေါင်း ၆သောင်းကျပါတယ်။