Tourist Burma Building မှာပြည်တွင်းပြည်ပလူငယ်အနုပညာရှင်တွေစုပေါင်းကျင်းပတဲ့ Building Bridges Yangon ပြပွဲကိုတော်တော်များများလည်းသွားရောက်လေ့လာပြီးဖြစ်မှာပါ။ ဒီပြပွဲကို စိုင်းထင်လင်းထက်နဲ့ Ushmita Sahu တို့ကဦးစီးပြီး Emergent Art Space နဲ့ပူးပေါင်းကျင်းပပါတယ်။ ဒီပြပွဲအကြောင်း ဆောင်းပါးရှင် Imogen Steinberg ကရေးသားထားတာကိုဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။

အဆောက်အဦးထဲဝင်သွားလိုက်တာနဲ့ အတွင်းပိုင်းကိုသေသေချာချာပြုပြင်ထားတယ်ဆိုတာ ထင်ရှားပါတယ်။ ကျယ်ဝန်းတဲ့ခန်းမကြီးဟာ အလင်းရောင်ကောင်းကောင်းရပြီး အခမ်းအနားတွေကျင်းပဖို့ သင့်တော်တယ်။ ပထမဦးဆုံးတွေ့ရမယ့်ပြကွက်ကတော့ WEER နဲ့ Noise in Yangon တို့ဖန်တီးထားတာဖြစ်ပြီး အထည်အလိပ်ယဉ်ကျေးမှုကိုခင်းကျင်းပြသထားတယ်။ အမျိုးအစားစုံလင်တဲ့ ချည်မျှင်တွေကိုတွဲလောင်းချထားပုံက ညီညာပေမယ့် ကွဲပြားခြားနားမှုပုံရိပ်ကိုလည်းဆောင်နေပါတယ်။ ဧည့်သည်တွေအနေနဲ့ပိုးအိမ်လိုဖွဲ့စည်းထားတဲ့ချည်မျှင်တွေ ထဲကိုဝင်ရောက်လေ့လာရတာပါ။ အခန်းထဲမှာလူတွေများတဲ့အတွက် လူအရေအတွက်ကိုထောက်လှမ်းပြီး အလင်းရောင်နဲ့တေးဂီတကို ထိန်းချုပ်ပေးတဲ့အာရုံခံကိရိယာတွေကခဏခဏပွင့်နေတဲ့အတွက်အနည်းငယ်ဆူနေတယ်။ ဒီပြကွက်ကိုတင်ဆက်တဲ့ မထက်မျိုးထွဋ်အောင် (Pinky) နဲ့စကားပြောကြည့်တော့ တိတ်ဆိတ်တဲ့အချိန်ဆိုရင် ဒီပြကွက်ကိုကြည့်ရင်းရတဲ့ခံစားချက်ကတမျိုးဖြစ်လိမ့်မယ်လို့ဆိုပါတယ်။
ကျမကိုအဖမ်းစားနိုင်ဆုံးပြကွက်ကတော့ အမြင့် ၃ပေ၊ အကျယ် ၈ပေလောက်ပဲရှိတဲ့ ကုန်းကျော်ရထား လမ်းအောက်မှာနေနေကြတဲ့မိသားစုတွေအကြောင်းပုံဖော်ထားတဲ့ ကောင်းစွမ်းသာရဲ့လက်ရာဖြစ်ပါတယ်။ အဲ့ဒီနေရာဟာမှောင်မိုက်နေပြီး အိမ်သာမရှိဘူး။ ခြင်လည်းအရမ်းပေါတယ်။ ကလေးတချို့ဟာပိုလီယိုနဲ့ ရောဂါအမျိုးမျိုးဒဏ်ခံစားနေရတယ်။ ဒါပေမယ့်လည်းလူတွေကအဲ့ဒီနေရာကိုမစွန့်ခွာနိုင်ကြဘူး။ မြို့ထဲမှာရှိတဲ့အတွက် အနီးအနားမှာအလုပ်အကိုင်လွယ်လွယ်ရနိုင်တော့ အဲ့ဒီနေရာမှာပဲနေဖြစ်ကြတယ်။

ဒီလိုနေရာမျိုးမှာနေနေကြတဲ့မိသားစု ၆၀ကျော်လောက်ရှိပါတယ်။ ဒီပြကွက်မှာ အဲ့ဒီနေရာမှာနေနေကြတဲ့ ကလေးတွေရဲ့ဗီဒီယိုတွေဓာတ်ပုံတွေကို ပါဖော်ပြထားတယ်။ ဓာတ်ပုံတွေဟာအခြေအနေအမျိုးမျိုးကို လျပ်တပြတ်ရိုက်ကူးမှတ်တမ်းတင်ထားတာပါ။ တချို့ဓာတ်ပုံတွေကို အဲ့ဒီရထားလမ်းအောက်က အိမ်တွေအတိုင်းလုပ်ထားတဲ့နေရာကျဉ်းကျဉ်းလေးမှာပြထားတာမို့ အဲ့ဒီထဲတိုးဝင်ရင်းဓာတ်ပုံတွေကို ကြည့်ရတာ အဲ့ဒီနေရာထဲတကယ်ရောက်သွားသလိုခံစားချက်မျိုးရတယ်။
သည်းဦးသဇင်ရဲ့မြန်မာ့အမျိုးသမီးတွေရဲ့ပုံကိုရေးဆွဲထားတဲ့ပန်းချီကားချပ်တွေကတော့ အရွယ်အစားကြီးမားပြီးအရောင်အသွေးစုံလင်တောက်ပတဲ့အတွက် ပြပွဲလာပရိသတ်တော်တော်များများကို ဆွဲဆောင်နိုင်တယ်။ သည်းဦးဟာအင်္ဂလိပ်စာနဲ့ကျောင်းပြီးထားပြီး ကြော်ငြာအေဂျင်စီတခုမှာ copywriter အဖြစ် ၄နှစ်လောက်လုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီနောက်အလုပ်ကထွက်ပြီး စင်ကာပူနိုင်ငံမှာ Fine Art ကိုလေ့လာဆည်းပူးခဲ့တယ်။ “အရင်ကတည်းကဒီဇိုင်းပညာကို ကိုယ့်ဘာသာလေ့လာခဲ့တယ်။ အလုပ်မှာလည်း ဘာပဲလုပ်လုပ်ဒီဇိုင်းပိုင်းအရတင့်တယ်အောင်လုပ်မိနေတာကိုသတိထားမိတယ်” လို့သည်းဦးကပြောပြတယ်။ အခုတော့သူဟာအလွတ်တမ်းပန်းချီဆရာတဦးအဖြစ်ရပ်တည်နေပါတယ်။

သူနဲ့စကားပြောကြည့်တော့ Art Nouveau ပုံစံကိုစတင် သုံးစွဲမိခဲ့ပုံနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။ “ကျမအနေနဲ့ဒီဟန်ကို တော်တော်အသုံးများတယ်။ ဘာလို့လဲ ဆိုတော့ဒီပုံစံမှာ အသစ်တွေအ မြဲပေါင်းထည့်လို့ ရနေတယ်လေ။ သေးငယ်တဲ့အသေးစိတ်အချက် အလက်လေးတွေ ကိုလည်းသဘောကျတယ်” လို့ဆိုပါတယ်။ သူ့လက်ရာတွေမှာ ချက်လူမျိုးပန်းချီဆရာ Alphonse Mucha ရဲ့လွှမ်းမိုးမှုတွေကို တွေ့ရတယ်။ Mucha ဟာကိုယ်ဖန်တီးလိုက်တဲ့ အနုပညာတခုနဲ့ ပတ်သက်ပြီး ဘယ်တော့မှမတောင်းပန်နဲ့ ဆိုတဲ့ message ကိုပေးနိုင်တဲ့အတွက် သဘောကျတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။
မူရင်းဆောင်းပါးကို https://www.myanmore.com/2019/07/young-artists-inspire-building-bridges-at-the-tourism-burma/ မှာဖတ်နိုင်ပါတယ်။
Building Bridges Yangon ကို ဇူလိုင် ၃၀ရက်နေ့အထိ မနက် ၁၀နာရီကနေ ၆နာရီအတွင်း ဆူးလေဘုရားလမ်းနဲ့ မဟာဗန္ဓုလထောင့်က Tourist Burma Building မှာကြည့်ရှုနိုင်ပါတယ်။ ၂၇ရက်နေ့မှာဆိုရင် ပြပွဲမှာပါဝင်တဲ့အနုပညာရှင်တွေကလိုက်လံရှင်းပြပေးမယ့် tour ကိုလည်းစီစဉ်ထားပါတယ်။