ပန်းချီဆရာထိန်လင်းဟာတချိန်ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ခဲ့ပြီး လက်နက်ကိုင်ကျောင်းသား၊ နိုင်ငံရေးအကျဉ်းသားဘ၀တွေကိုလည်းဖြတ်သန်းခဲ့ဖူးတယ်။ အခုအချိန်မှာတော့မြန်မာနိုင်ငံရဲ့ ခေတ်ပြိုင်ပန်းချီလောကမှာထိပ်ဆုံးကဦးဆောင်နေသူဖြစ်ပြီး အနုပညာပြကွက်အမျိုးမျိုးနဲ့ မြန်မာ့လူမှုရေးအဖြစ်အပျက်တွေကိုဖော်ပြလေ့ရှိပါတယ်။ သူ့လက်ရာတွေမှာသူ့ကိုပုံသွင်းထုဆစ်ပေးလိုက်တဲ့ မြန်မာ့ထုံးတမ်းစဉ်လာနဲ့ ယဉ်ကျေးမှုကိုချစ်မြတ်နိုးတဲ့အရိပ်အငွေ့တွေကိုမြင်နိုင်ပါတယ်။ သူ့လက်ရာတွေဟာ လူ့အာရုံကိုဖမ်းစားနိုင်သလောက် ဖန်တီးထားပုံကတော့ရိုးရှင်းလှပါတယ်။ စိတ်ကူးယဉ်ဆန်ခြင်းနဲ့ လူသားဆန်ခြင်းဆိုတဲ့အစွန်း ၂ဘက်ရဲ့အလယ်မှာရှိတယ်။ သူ့ဖန်တီးမှုတွေကတဆင့် နိုင်ငံရဲ့ပဋိပက္ခ၊ ပြန်လည်ထူထောင်ရေး၊ ၀မ်းနည်းမှု၊ ပုံရိပ်၊ ဘာသာရေး၊ သာမန်လူတန်းစားတွေရဲ့စိတ်ဝိညာဉ်နဲ့ အလှတရားတွေကိုခံစားရပါတယ်။
ကျနော်နဲ့ဗဟန်းမြို့ကကော်ဖီဆိုင်တစ်ဆိုင်မှာတွေ့ပြီးစကားပြောဖြစ်ကြတော့ သူဟာမြန်မာနိုင်ငံကို အနုပညာအမြင်နဲ့ဘယ်လိုချဉ်းကပ်စဉ်းစားခဲ့တယ်ဆိုတာပြောပါတယ်။ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနဲ့ နိုင်ငံရေးဆိုတာအချင်းချင်းအပြန်အလှန်လွှမ်းမိုးနေတယ်လို့ သူကရှင်းပြတယ်။

သူ့ရဲ့စိတ်ကူးတွေကိုဖော်ပြပုံ၊ ဘ၀ဖြတ်သန်းမှုတို့ကြောင့် သာမကဘဲမြန်မာလူမျိုး တစ်ယောက်ရဲ့ဖြစ်တည်မှုကို ပရိသတ်တွေအားလုံးသိမြင် ခံစားနိုင်အောင်ဖန်တီးနိုင်တဲ့အတွက် ထိန်လင်းရဲ့အနုပညာဟာ အများနဲ့မတူတမူထူးခြားနေလေ့ ရှိပါတယ်။ သြစတြေးလျ၊ ဂျပန်စတဲ့နိုင်ငံတွေမှာလည်း နိုင်ငံခြားသားတွေသူ့စိတ်ခံစားချက် ကိုနားလည်လာအောင် ဖ်ာပြေနိုင်စွမ်းရှိတယ်။ သူဟာ မီးသွေးခဲနဲ့ဆွဲတဲ့ပန်းချီ၊ ဆေးပန်းချီ၊ မှန်ကူကွက်ပန်းချီ (mosaic)၊ ပန်းပုတွေသာမကဘဲ အ၀တ်စနဲ့လုပ်တဲ့အနုပညာ ပစ္စည်းတွေ၊ ကြည့်ရှုသူနဲ့ အပြန်အလှန်ဆက်သွယ်နိုင်တဲ့ ဖန်တီးမှုမျိုးတွေကိုပါ လုပ်လေ့ရှိပါတယ်။ ပြည်တွင်းမှာရောပြည်ပမှာပါ သူ့ဖန်တီးမှုတွေဟာကြည့်ရှု သူကိုအတွေးတစ်ခုမဟုတ် တစ်ခုပေးနိုင်သလိုဝိ၀ါဒ ကွဲပြားစရာလည်း ကောင်းပါတယ်။
၂၀၁၈နှောင်းပိုင်းမှာသြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းက Asia Pacific Triennial of Contemporary Art ကိုသူ့ဖန်တီးမှုတစ်ခုလှူဒါန်းပြီးနောက် သူ့ကိုဂုဏ်ပြုချီးကျူးသူတွေအများကြီးရှိလာခဲ့တယ်။ “သပိတ်မှောက်” လို့အမည်ရတဲ့ဒီဖန်တီးမှုဟာ ၁၀၈လုံးပါပုတီးစေ့ကြီးတွေကို မှောက်ထားတဲ့သပိတ်တွေပုံစံဖန်တီးထားတာပါ။ ပုတီးစေ့တွေဟာမြန်မာလူမှုအသိုင်းအ၀ိုင်းမှာဗုဒ္ဓဘာသာဝင်တွေကြားညီညွတ်မှုမရှိပြန့်ကျဲနေတာ အထူးသဖြင့် ဘာသာတူပေမယ့်လူမျိုးမတူသူတွေအချင်းချင်းသဘောထားမတိုက်ဆိုင်မှုတွေကို ကိုယ်စားပြုပါတယ်။
ပုတီးစေ့တွေရဲ့အလယ်မှာဆန္ဒပြခြင်းရဲ့နိမိတ်ပုံဖြစ်တဲ့ မှောက်လျက်ချထားတဲ့သပိတ်တွေရှိတယ်။ မြန်မာနိုင်ငံကိုဘုရင်တွေအုပ်စိုးခဲ့ချိန်တုန်းက ဘုရင်တစ်ပါးရဲ့အပြုအမူတွေကိုမနှစ်မြို့တဲ့အခါ ဘုန်းတော်ကြီးတွေကသူတို့ဆည်းကပ်တဲ့ဆွမ်းကိုမစားဘဲသပိတ်မှောက်ပြီးဆန္ဒထုတ်ဖော်တဲ့ဓလေ့ကနေ ၂၀၀၈ခုနှစ်ရွှေဝါရောင်တော်လှန်ရေးအထိ ဒီနိမိတ်ပုံကမြန်မာ့အသိုင်းအ၀ိုင်းမှာထင်ရှားပါတယ်။
ပြီးတော့ “ထဘီကိစ္စ” လို့ခေါ်တဲ့ပွဲကိုလည်း မေလမှာလုပ်ခဲ့ပါတယ်။ ဒီပွဲမစခင်မှာသူဟာ Facebook ကနေတဆင့် ပြည်သူတွေကိုသူနဲ့အတူဆွေးနွေးဖို့ဖိတ်ခေါ်ခဲ့တယ်။ အမျိုးသမီးအ၀တ်အစားတွေကို အမျိုးသားအ၀တ်အစားနဲ့ရောလျှော်တဲ့အခါ အမျိုးသားတွေမှာဘုန်းနိမ့်တယ်ဆိုတဲ့ရှေးရိုးစွဲအယူအဆနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေအားလုံးထင်မြင်ချက်ပေးဖို့တောင်းဆိုခဲ့တယ်။
မြန်မာနိုင်ငံရဲ့နယ်ပယ်အမျိုးမျိုးကအမျိုးသမီးတွေဟာသူတို့အမြင်တွေကိုထုတ်ဖော်ခဲ့ကြပါတယ်။ အမျိုးသမီးအများအပြားဟာသူတို့အယူအဆနဲ့ပတ်သက်ပြီးပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြားပြောဆိုခွင့်ရခဲ့ပါတယ်။ တော်တော်များများက အ၀တ်အစားတွေမှာဘုန်းရှိတယ်ဆိုတဲ့အယူကို သံသယရှိကြပေမယ့်သူတို့အိမ်သားတွေနဲ့ပြဿနာမဖြစ်ချင်တဲ့အတွက် ဒီထုံးစံကိုစွန့်ပယ်နိုင်စွမ်းမရှိဘူးလို့ပြောတယ်။

Citymart Groups ရဲ့ပိုင်ရှင် ဒေါ်ဝင်းဝင်းတင့်ကအခုလိုမှတ်ချက်ပေးပါတယ်။ “ကျွန်မအနေနဲ့ အမျိုးသားအ၀တ်အစားနဲ့အမျိုးသမီးအ၀တ်အစားတွေဘယ်တော့မှတွဲလျှော်လေ့မရှိပါဘူး။ ကျွန်မကအမျိုးသားတွေအများကြီးရှိတဲ့မိသားစုမှာကြီးပြင်းလာတာဆိုတော့ ဒီစည်းမျဉ်းကအရမ်းအရေးပါတယ်။ အခုအထိလည်းဒီထုံးစံကိုလိုက်နာနေတုန်းပါပဲ။ ဒါပေမယ့်ကျွန်မရဲ့ကလေးတွေကိုတော့ ဒီထုံးစံဟာမှားတယ်ဆိုတာသင်ကြားပေးထားပါတယ်။”
သူ့ပွဲနဲ့ပတ်သက်ပြီးမှတ်ချက်တွေလုံလုံလောက်လောက်ရှိပြီဆိုတာသေချာတဲ့အခါ သူဟာနောက်တဆင့်အနေနဲ့ အမျိုးသမီးကြီးတွေရဲ့ပြောစကားတွေကိုဗီဒီယိုရိုက်ထားပါတယ်။ ပြပွဲမစခင်ဒီဗီဒီယိုတွေကိုပြပြီး ဒီအယူသည်းမှုကိုအသက်အရွယ်ကြီးရင့်တဲ့အမျိုးသမီးကြီးတွေတောင်ဖျောက်နိုင်သေးရင် ယောက်ျားတွေကဘာလို့မဖျောက်နိုင်ရမှာလဲလို့ပြပွဲကြည့်ရှုနေတဲ့ပရိသတ်ထဲကအမျိုးသားတွေကို မေးခွန်းထုတ်ခဲ့ပါတယ်။ သူ့ပြပွဲမှာတော့ထဘီရောင်စုံနဲ့အမျိုးသမီးတွေရဲ့သဘာဝကိုယ်နေဟန်အတိုင်း ရေးဆွဲထားတဲ့ပန်းချီကားတွေကိုခင်းကျင်းပြသထားတယ်။
ကျား၊ မအ၀တ်အစားရောလျှော်တာနဲ့ပတ်သက်လို့အမျိုးသမီးတွေဆွေးနွေးနေကြတဲ့ဗီဒီယိုကို ထဘီစတွေရောချုပ်ပြီးလုပ်ထားတဲ့အမျိုးသမီးဦးခေါင်းထဲမှာပြသထားပါတယ်။ ဒီဗီဒီယိုကို ဦးခေါင်းရုပ်ရဲ့မျက်လုံးနေရာမှာဖောက်ထားတဲ့အပေါက်တွေကတဆင့်ကြည့်ရမှာဖြစ်လို့ မိန်းမထဘီအောက် ယောက်ျားဝင်ရင်ဘုန်းနိမ့်တယ်ဆိုတဲ့အယူကိုစိန်ခေါ်လိုက်သလိုပါပဲ။

သူ့ပွဲကိုအပြုသဘောဆောင်ရှုမြင်ထောက်ခံသူတွေများခဲ့ပြီး အမျိုးသမီးနဲ့သက်ဆိုင်တဲ့လူမှုအဖွဲ့အစည်းတွေ ကလည်းလက်ခံခဲ့ကြတယ်။ ဒါပေမယ့်လည်းသူ့ရဲ့ထဘီနဲ့ တည်ဆောက်ထားတဲ့ဦးခေါင်းပုံဟာ ဗုဒ္ဓရဲ့ဦးခေါင်းပုံနဲ့တူနေတယ်လို့ အစွန်းရောက်ဘုန်းကြီးတွေကအွန်လိုင်းပေါ်မှာဝေဖန်ခဲ့ပါတယ်။ ထိန်လင်းကတော့ဒီကိစ္စကိုငြင်းပါတယ်။ ဒါဟာအမျိုးသမီးခေါင်းပုံသာဖြစ်တယ်လို့ပြောတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီးဒေါသဖြစ်ကြတာ အမျိုးသားတွေ များပါတယ်။ ဘာလို့ဒီအကြောင်း ကိုပြောရတာလဲလို့ မေးကြတယ်ဗျ” လို့သူကပြောတယ်။ ပြည်သူတွေကိုသူတို့ လိုက်နာကျင့်သုံးနေကြတဲ့ ထုံးတမ်းဓလေ့တွေနဲ့ ပတ်သက်ပြီးသေချာစဉ်းစားစေချင်ရုံ သာဖြစ်ပြီး ဒီလူတွေမှန်၏ မှား၏ဝေဖန်လိုစိတ်မရှိပါဘူးလို့ သူကပြောပါတယ်။ ဒီကိစ္စကရိုးစင်းတဲ့ကိစ္စမဟုတ်ပေမယ့် သူတင်ပြတဲ့ အရေးကိစ္စကဆွေးနွေးစရာ ဖြစ်သွားပါတယ်။ ဒါကြောင့်သူ့စမ်းသပ်ချက်အောင်မြင်တယ်လို့ဆိုနိုင်တယ်။
ထိန်လင်းဟာပန်းပုပညာကိုလည်းကျွမ်းကျင်သူပါ။ Revival (ပြန်လည်အသက်ဝင်လာခြင်း) လို့အမည်ပေးထားတဲ့လက်ရာမှာဆိုရင် ဆောက်လုပ်ရေး၊ မြို့ပြပျက်စီးခြင်း၊ ပြန်လည်ဆန်းသစ်ခြင်းတွေကို မျက်မှောက်ခေတ်လူသားတွေရဲ့နေ့စဉ်ဘ၀မှာအမြဲတမ်းရှိနေတဲ့အရာတစ်ခုအဖြစ် တွေးတောဖန်တီးထားတယ်။ ပြောင်းလဲမှုရဲ့အရှိန်အဟုန်၊ မြန်မာ့သဘာဝပတ်ဝန်းကျင်အပေါ်စိုးရိမ်မှုတွေက ထိန်လင်းရဲ့စိတ်ကူးဥာဏ်ကွန့်မြူးရာဖြစ်လာခဲ့တယ်။
“ကျွန်တော်တို့နိုင်ငံတံခါးဖွင့်လာပြီးနောက်ပိုင်းကိုလိုနီခေတ်အဆောက်အအုံတွေတော်တော်များများ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်။ ဒါဟာဝမ်းနည်းစရာပါပဲ။ ကွန်ဒိုတိုက်ခန်းတွေရဲ့ပုံစံကိုမကြိုက်ဘူးဗျ။ အရမ်းရိုးစင်းလွန်းတယ်။ ပြီးတော့တစ်ခုနဲ့တစ်ခုကွဲပြားမှုလည်းမရှိဘူး” လို့သူကဆိုတယ်။
သူ့အိမ်ကနေစတူဒီယိုကိုသွားတဲ့လမ်းတလျှောက်ဆောက်လုပ်ရေးလုပ်ငန်းတွေကနေထွက်လာတဲ့ အုတ်ခဲကျိုးတွေ၊ ကွန်ကရစ်အပိုင်းအစတွေနဲ့ အမှိုက်သရိုက်တွေကိုကြည့်ပြီး စိတ်ကူးရခဲ့တာပါလို့ဆိုတယ်။ သူတွေ့ရသမျှအကျိုးအပဲ့တွေကိုသေချာလေ့လာပြီးဖန်တီးမှုတွေလုပ်ဖို့တွေးကြည့်တယ်။ ပြီးတော့သူလိုအပ်မယ့်ပစ္စည်းတွေကိုနည်းနည်းစီစုသွားပါတယ်။

ဒီအတွေးကနေထွက်လာတဲ့ဖန်တီးမှုကတော့ရင်သပ်ရှုမောပါပဲ။ ကြမ်းပြင်ပေါ်မှာလှပတောက်ပြောင်နေတဲ့ စိမ်းပြာရောင်မှန်ကူကွက်အပိုင်းအစတွေကပ်ထားတဲ့ကွန်ကရစ်တုံးကြီးတစ်တုံးချထားပါတယ်။ အောက်ခြေကနေစတီးချောင်းတွေထိုးထွက်လိမ်ပတ်နေတဲ့ပုံစံတည်ဆောက်ထားတယ်။ ဒေသခံအမွေအနှစ်အဆောက်အအုံတွေကို ၀ိသေသလက္ခဏာထူးခြားကွဲပြားဖြင်းမရှိဘဲအသက်မဲ့တဲ့ ခေတ်ပေါ်အဆောက်အအုံတွေနဲ့အစားမထိုးသင့်ဘူးလို့သတိပေးနေတာဖြစ်ကြောင်းသူကဆိုပါတယ်။
ရှေ့ဆက်မယ့်သူ့အနုပညာခရီးအတွက်ခြေလှမ်းသစ်တွေအကြောင်းမေးကြည့်တော့ သူက “ဆင်တွေအကြောင်း” လို့တွေးတွေးဆဆပြောပါတယ်။
“ကျနော်ကလောရောက်တုန်းကဆင်စခန်းတစ်ခုကိုသွားလည်ခဲ့တယ်။ အဲ့ဒီမှာဆင်အညစ်အကြေးနဲ့ စက္ကူလုပ်တာကိုတွေ့ခဲ့ရတယ်။ အဲ့ဒီလုပ်ငန်းစဉ်ကအရမ်းစိတ်ဝင်စားစရာကောင်းတယ်ဗျ။ ဒီစက္ကူတွေယူပြီး installation ပြကွက်လုပ်ချင်တယ်။”
မြန်မာနိုင်ငံရဲ့ကြွယ်ဝလှတဲ့သက်ရှိမျိုးစိတ်တွေထဲက ဆင်တွေရဲ့ဂုဏ်သတင်းအကြောင်းစိတ်ဝင်စားခဲ့ပြီး ဒီနှစ်မကုန်ခင်ဆင်တွေကိုမြန်မာနိုင်ငံရဲ့သဘာဝရတနာအဖြစ်ဖော်ညွှန်းထားတဲ့လက်ရာတွေကိုပြနိုင်လိမ့်မယ် လို့သူကပြောပါတယ်။
ဒီပွဲမှာဆင်တွေရဲ့ပုံပန်းသဏ္ဍာန်ကိုသူ့အတိုင်းဖော်ပြတဲ့ပြကွက်တွေလည်းပါဝင်မှာဖြစ်သလို အနုပညာမြောက်တင်စားချက်အဖြစ်လည်းဖော်ကျူးသွားမယ်လို့သူကဆိုတယ်။ ဆင်ဆိုတာကတော့မြန်မာနိုင်ငံမှာအထွဋ်အမြတ်ထားတဲ့တိရစ္ဆာန်တစ်ကောင်ဖြစ်ပါတယ်။
“ဆင်ဖြူတွေအကြောင်းလည်းပါမယ်၊ တိရစ္တာန်မှောင်ခိုဈေးကွက်အကြောင်းလည်းပါမှာပါ။ ဆင်တွေဟာပင်ပန်းဆင်းရဲရှာပါတယ်။ ဒါကြောင့်အဲ့ဒီကိစ္စနဲ့ဆင်တွေကိုကာကွယ်ပေးဖို့လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေအကြောင်းလည်းတင်ပြသွားဖို့ရှိတယ်။ ကျွန်တော်တို့သမိုင်းကြောင်းတလျှောက်လုံး ဆင်တွေနဲ့ပတ်သက်တဲ့ထုံးတမ်းစဉ်လာတွေအကြောင်းစူးစမ်းသွားချင်ပါတယ်။”
Myanmore Magazine June issue တွင်ပါဝင်သော Alec Wilmot ရဲ့ Htein Lin: Still Thought-provoking, Still Leading the Contemporary ဆောင်းပါးအား မြန်မာဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။