ဟင်းချက်ရင်ဂျင်းလေးလက်တဆစ်လောက်ဓားပြားရိုက်ထည့်လိုက်မှ အနံ့အရသာပြည့်စုံသလိုပဲ ဟောလိဝုဒ်ရုပ်ရှင်တွေကလည်းအထူးပြုလုပ်ချက်လေးတွေ လံကြုတ်ဇာတ်လေးတွေ ဝေေ၀ဆာဆာထည့်တတ်တဲ့အတွက် ယုတ္တိရှိတာမရှိတာထား၊ ကြည့်လို့တော်တော်ကောင်းပါတယ်။ ရုပ်ရှင်တိုင်းလိုလို dramatic ဖြစ်ဖို့အတွက်အပြင်မှာလက်တွေ့မဖြစ်နိုင်တဲ့ကိစ္စတွေကိုထည့်သွင်းရစမြဲပါ။ ဒါပေမယ့်ဗဟုသုတအဖြစ်ဖတ်ချင်တဲ့ရုပ်ရှင်ဝါသနာအိုးများအတွက်ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာ တွေ့ရလေ့ရှိတဲ့ဂျင်းတွေအကြောင်းဖော်ပြလိုက်ပါတယ်။
ဂျင်း (၁)။ ။CCTV video ကို zoom ချဲ့လိုက်ရင်ပုံရိပ်ကို ကြည်ကြည်လင်လင်မြင်ရတယ်

အမှန်တော့ CCTV video ဆိုတာတော်တော်ကို resolution နိမ့်ပါတယ်။ ဘယ်လိုပဲချဲ့ချဲ့ pixel အတုံးလိုက်ကြီးတွေပဲမြင်ရမှာပါ။
ဂျင်း (၂)။ ။လေ၀င်ပေါက်စနစ်ကလူတယောက်ကောင်းကောင်းဆံ့တယ်
တကယ့်လက်တွေ့မှာအဆောက်အအုံတွေထဲကလေ၀င်လေထွက်စနစ်တွေဟာ exhaust fan တခုစာပဲကျယ်တဲ့အတွက် လူတယောက်ဝင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ကလေးဆိုရင်တောင် တော်တော်သေးတဲ့ကလေးလေးတွေပဲဝင်လို့ရမှာပါ။
Ref: www.airconco.com/news/movies-spread-the-ventilation-duct-phenomenon/
ဂျင်း (၃)။ ။ဗုံးတလုံးပေါက်ကွဲပြီးပေါ်လာတဲ့မီးတောက်ရှေ့ကနေ လမ်းလျှောက်လို့ရတယ်

ဗုံးပြင်းအားအလိုက်ပေါက်ကွဲမှုကွာခြားပေမယ့် များသောအားဖြင့်ဗုံးတလုံးပေါက်ကွဲတဲ့အခါ ဖုန်နဲ့မီးခိုးတွေထွက်လာတာများပါတယ်။ ရုပ်ရှင်တွေထဲကလိုမီးအလုံးအရင်းနဲ့ထွက်ဖို့က တန်နဲ့ချီပြင်းအားရှိမှရမှာပါ။ အဲ့လောက်ပြင်းအားဆိုရင်တော့ မင်းသားမင်းသမီးတွေအနေနဲ့ ရှေ့ကဟန်ပါပါနဲ့လျှောက်ဖို့မဖြစ်နိုင်တော့ဘဲ အနားကပ်တာနဲ့မီးသွေးခဲဖြစ်သွားနိုင်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ပေါက်ကွဲမှုအားကိုလျှော့ချပြီး မီးတောက်ပိုထွက်အောင်သာလောင်စာတွေကိုမီးရှို့ပြကြတာပါ။
Ref: www.gizmodo.com/could-an-explosion-really-knock-you-over-like-in-the-mo-5963652
ဂျင်း (၄)။ ။Piranha ငါးတွေကလူသားစားကြူးတယ်

တကယ်တော့ piranha ငါးတွေဟာအလွန်အရှက်အကြောက်ကြီးတဲ့ငါးတွေပါ။ အသေကောင်တွေကိုပဲရှာဖွေစားသောက်လေ့ရှိပြီး ရုပ်ရှင်တွေထဲမှာလို အလုံးအရင်းနဲ့အမဲလိုက်တာမျိုး မရှိပါဘူး။ Piranha စားလို့လူသေတဲ့ဖြစ်ရပ် တခါမှမကြားဖူးခဲ့တာသတိထားမိပါလိမ့်မယ်။
Ref: www.scienceabc.com/nature/animals/piranhas-really-dangerous.html
ဂျင်း (၅)။ ။နွံအိုင်တွေကလူကိုအချိန်တိုအတွင်းမျိုနိုင်တယ်
Quicksand လို့ခေါ်တဲ့နွံအိုင်တွေကအရမ်းသိပ်သည်းတဲ့အတွက် လူဆိုရင်ခါးလောက်အထိပဲနစ်ပြီး ရပ်သွားပါလိမ့်မယ်။ ဒီနွံအိုင်ထဲနစ်သွားပေမယ့်စိတ်အေးအေးထားပြီးရုန်းထွက်လို့ရတယ်ဆိုတဲ့အကြောင်း Bear Grylls ကအောက်ပါဗီဒီယိုမှာပြသထားပါတယ်။
ဂျင်း (၆)။ ။လေယာဉ်ပျံနေတုန်း ပြတင်း/တံခါးဖွင့်လိုက်တာနဲ့ အထဲကလူတွေအပြင်လွင့်စင်ကုန်မယ်
လက်တွေ့မှာတော့ပြတင်းပဲဖွင့်ဖွင့် တံခါးပဲဖွင့်ဖွင့် အတွင်းခန်းနဲ့ပြင်ပလေထုဖိအားက စက္ကန့်ပိုင်းအတွင်းတည်ငြိမ်သွားမှာဖြစ်ပါတယ်။ Emergency exit ကိုဖွင့်ဖို့ဆိုတာကလည်းပြင်ပလေဖိအားရော၊ အတွင်းကအရမ်းခိုင်အောင်ပိတ်ထားတဲ့အတွက်ကြောင့်ရော စူပါမင်းလောက်အားမကြီးရင်ဖွင့်ဖို့မဖြစ်နိုင်ပါဘူး။
Ref: www.businessinsider.com/10-airplane-myths-debunked-2013-9
ဂျင်း (၇)။ ။ဥက္ကာပျံကြီးဝင်ဆောင့်လို့ တကမ္ဘာလုံးပျက်စီးသွားတယ်

နောင်နှစ် ၁၀၀အတွင်းကမ္ဘာကိုအန္တရာယ်ပေးနိုင်တဲ့ Potentially Hazardous Object – PHO လို့ခေါ်တဲ့ကမ္ဘာ့ဂြိုဟ်ပတ်လမ်းအနားကဥက္ကာပျံတွေကို Sentry Risk Table ဆိုတဲ့စာရင်းမှာမှတ်သားပြီးပါပြီ။ ဒါကြောင့် sudden impact ဆိုတာမျိုးမရှိနိုင်ပါဘူး။
Ref: https://en.wikipedia.org/wiki/Potentially_hazardous_object
ဂျင်း (၈)။ ။လုံခြုံရေးစနစ်ကအနီရောင်လေဆာတန်းတွေ
ဘဏ်တွေ၊ လုံခြုံရေးအရအရေးကြီးတဲ့နေရာတွေမှာ လေဆာသုံးအချက်ပေးစနစ်တွေတပ်ဆင်ထားကြပေမယ့် ရုပ်ရှင်တွေထဲမှာလို အနီရောင်အလင်းတန်းတွေမမြင်ရပါဘူး။ ဒီစနစ်မှာသုံးတဲ့အနီအောက်ရောင်ခြည် (infrared rays) တွေဟာလူ့မျက်လုံးနဲ့မြင်နိုင်စွမ်းရှိမှာမဟုတ်တဲ့အတွက်ရှောင်ဖို့လည်းမဖြစ်နိုင်ပါဘူး။
Ref: http://go.discovery.com/tv-shows/mythbusters/mythbusters-database/maneuver-around-laser-beam-alarm/
ဂျင်း (၉)။ ။ကားတစီးကအမြင့်ကိုခုန်ပြီး ညင်ညင်သာသာပြန်ကျတယ်

ကားတစီးအနေနဲ့သိပ်မြင့်တဲ့အမြင့်တနေရာကနေခုန်သွားတဲ့အခါ suspension စနစ်ထိခိုက်သွားပြီး ပြန်ကျတဲ့အခါ ခေါင်းနဲ့ဦးစိုက်ကျပြီးပျက်စီးသွားဖို့ပဲရှိပါတယ်။ Fast & Furious ထဲကဇာတ်ဝင်ခန်းတွေလိုမျိုး လက်တွေ့ပုံဖော်ပြထားတဲ့ဗီဒီယိုကိုအောက်က link မှာကြည့်ကြည့်ပါ။
Ref: https://www.youtube.com/watch?v=rmyEYTc4CPU