Advertisement
Makoto Shinkai

Makoto Shinkai နဲ့ CoMix Wave ထုတ်လုပ်ရေးတို့ကိုမသိဘူးဆိုရင်တောင် Your Name. (Kimi no na wa) ကိုတော့ရုပ်ရှင်ဝါသနာအိုး တော်တော်များများသိကြပါလိမ့်မယ်။ ဆန်းကျယ်ပြီးစိတ်ကူးယဉ်ဆန်တဲ့ဇာတ်လမ်း၊ ပန်းချီကားတချပ်လိုလှပပြီးအနုစိတ်တဲ့ရှုခင်းတွေကြောင့် Shinkai ကိုတော်တော်များများက ဒုတိယ Miyazaki လို့တင်စားခေါ်ကြတယ်။ ဒါပေမယ့်သူကတော့ဒီတင်စားမှုကို ချဲ့ကားလွန်းတယ်လို့ပြောဖူးပါတယ်။ ကျနော်ကတော့ Miyazaki နဲ့ Shinkai တို့ရဲ့ရုပ်ရှင်တွေဟာ တမျိုးစီကြည့်လို့ကောင်းတယ်လို့ထင်တယ်။ မြန်မာနိုင်ငံမှာတော့ Miyazaki ကိုတော်တော်များများသိကြပေမယ့် Shinkai နဲ့တော့နည်းနည်းစိမ်းနေပါသေးတယ်။ ဒီဆောင်းပါးမှာ Shinkai ရိုက်ကူးပုံဖော်ထားတဲ့ feature film ၆ ကားအကြောင်းပြောပြထားပါတယ်။

Weathering with You (2019)

Shinkai ရဲ့ရုပ်ရှင်တော်တော်များများမှာ သဘာဝလွန်အဖြစ်အပျက်တွေနဲ့ ရိုးစင်းတဲ့လူ့ဘ၀ဇာတ်လမ်းတို့ကို ဟန်ချက်ညီညီထိန်းပြထားတာသတိထားမိပါလိမ့်မယ်။ သူ့ရဲ့နောက်ဆုံးပေါ်လက်ရာ Weathering with You မှာငွေရေးကြေးရေးအဆင်မပြေတဲ့စာရေးဆရာပေါက်စတယောက်နဲ့ မိုးကိုရပ်တန့်ပြီး ကောင်းကင်ကိုကြည်လင်အောင်လုပ်နိုင်စွမ်းရှိတဲ့ကောင်မလေးတယောက်ကြားက အချစ်ဇာတ်လမ်းအကြောင်းပြောပြထားတယ်။ ဇူလိုင်လ ၁၉ရက်နေ့က ဂျပန်နိုင်ငံမှာရုံတင်သွားတဲ့ဒီရုပ်ရှင်ကို ဝေဖန်ရေးဆရာတော်တော်များများက Your Name. ကိုမမီဘူးလို့ပြောကြပေမယ့် Shinkai ရဲ့ပရိသတ်တွေကတော့မျှော်လင့်နေကြမယ်လို့ယုံကြည်ပါတယ်။

Your Name. (2016)

Shinkai ရဲ့အအောင်မြင်ဆုံးရုပ်ရှင်ဖြစ်တဲ့ Your Name. ဟာ Spirited Away ပြီးရင်ဝင်ငွေအများဆုံးရတဲ့ anime ရုပ်ရှင်ပါ။ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ International Astronomical Union ကဥက္ကာပျံအမှတ် 55222 ကို Makotoshinkai လို့နာမည်ပေးခဲ့ပါတယ်။

Mitsuha လို့ခေါ်တဲ့ကျေးလတ်ကမိန်းကလေးတယောက်ဟာ Taki လို့ခေါ်တဲ့တိုကျိုမြို့သားကောင်လေးနဲ့ စိတ်ချင်းအလဲအလှယ်ဖြစ်သွားပါတယ်။ မကြာခဏဆိုသလို Mitsuha ရဲ့စိတ်ဟာ Taki ရဲ့ကိုယ်ထဲရောက်သွားပြီး Taki ကတော့ Mitsuha အဖြစ်နိုးထလာတယ်။ ဒီလိုစိတ်ချင်းအလဲအလှယ်ဖြစ်နေစဉ်မှာ သူတို့ဘာလုပ်ခဲ့တယ်ဆိုတဲ့အကြောင်း တယောက်ကိုတယောက် မှတ်စုတိုလေးတွေရေးပြီးသတင်းပေးကြတယ်၊ ဖုန်းကတဆင့်ဆက်သွယ်ကြတယ်။ ဒါပေမယ့်တနေ့မှာတော့ စိတ်ချင်းလဲလှယ်မှု ရုတ်တရတ်ဆိုသလိုပြီးဆုံးသွားပြီး Taki ဟာ Mitsuha ကိုဘယ်လိုနည်းနဲ့မှဆက်သွယ်လို့မရတော့ပါဘူး။

Taki ဟာသူတို့အခြေအနေကိုနားလည်ဖို့ကြိုးစားရင်း Mitsuha နေထိုင်တဲ့မြို့ကိုသွားဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့်သူဟာမြို့နာမည်ကိုမမှတ်မိတော့သလို သူနဲ့ Mitsuha တို့အပြန်အလှန်ပို့ခဲ့တဲ့ SMS တွေနဲ့မှတ်စုတွေဟာလည်းအလိုလိုပျောက်ကွယ်ကုန်ပါတော့တယ်။ အဲ့ဒါနဲ့သူ Mitsuha ရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်နေတုန်းတွေ့ခဲ့ရတဲ့သဘာဝပတ်ဝန်းကျင်နဲ့မြို့ပုံစံကိုပြန်စဉ်းစားရင်း အနီးစပ်ဆုံးဒေသဖြစ်တဲ့ Hida ကိုရောက်လာတယ်။ သူဆွဲပြတဲ့မြို့ပုံကို Hida ကဒေသခံတယောက်ကို ပြကြည့်တော့ အဲ့ဒီမြို့ကို Itomori လို့ခေါ်ပြီး လွန်ခဲ့တဲ့ ၃နှစ်လောက်ကဥက္ကာပျံတခုဝင်ဆောင့်လို့ ပျက်စီးသွားပြီဖြစ်တဲ့အကြောင်းပြောလိုက်တဲ့အခါမှာတော့…

Your Name. ဟာကံကြမ္မာ၊ အချိန်ကာလရဲ့လှည့်စားမှု၊ လူနှစ်ယောက်ကြားကသံယောဇဉ်တို့အကြောင်း အလှပဆုံးပုံဖော်ထားတဲ့ရုပ်ရှင်တကားပါပဲ။ ကျနော်ကတော့ Spirited Away ထက် Your Name. ကိုပိုကြိုက်တယ်။ ဒီရုပ်ရှင်ကိုကြည့်ပြီးသွားတဲ့သူတွေအနေနဲ့ ဇာတ်ဝင်သီချင်း Sparkle နဲ့ Zen Zen Zense တို့ကိုလည်းအကြိုက်တွေ့ကြလိမ့်မယ်လို့ထင်ပါတယ်။

The Garden of Words (2013)

အသက် ၂၇နှစ်အရွယ်အမျိုးသမီးနဲ့ ၁၅နှစ်ပဲရှိသေးတဲ့ကျောင်းသားလေးတို့ကြားကအချစ်ဇာတ်လမ်းလို့ လွယ်လွယ်ပြောလို့ရပေမယ့် တကယ်တော့ Garden of Words ဟာမနဲ့မောင်လေးဇာတ်လမ်းဆိုတာထက် ပိုပါတယ်။

ဖိနပ်ချုပ်သမားဖြစ်ဖို့ကြိုးစားနေတဲ့ Takao  ဟာတရက်မှာကျောင်းပြေးရင်း Shinjuku ကဥယျာဉ်တခုမှာရှိတဲ့ ဇရပ်လေးထဲမိုးဝင်ခိုတယ်။ အဲ့ဒီဇရပ်ထဲမှာပဲ အလုပ်မှာအဆင်မပြေတာကြောင့် အလုပ်မသွားဘဲ ဘီယာဝင်သောက်နေတဲ့ Yukari နဲ့သွားတိုးပါတယ်။ Yukari ကခပ်မဆိတ်နေပေမယ့်လည်း Takao ကသူ့ဘ၀နဲ့သူ့ဝါသနာအကြောင်းတွေပြောရင်း သူ့ကိုယ်သူမိတ်ဆက်တယ်။ မိုးစဲသွားတဲ့အချိန်မှာ Yukari ဟာ ဂန္ထ၀င်ကဗျာတပုဒ်ရွတ်ပြရင်း Takao ကိုနှုတ်ဆက်သွားတော့ ကောင်လေးလည်းကဗျာအကြောင်းစဉ်းစားရင်း အူကြောင်ကြောင်နဲ့ကျန်ခဲ့တယ်။

နောက်နေ့တွေမှာလည်းမိုးသည်းတဲ့မနက်ခင်းတိုင်းလိုလိုသူတို့နှစ်ယောက်ဇရပ်မှာတွေ့ပြီး စကားပြောဖြစ်ကြပါတယ်။ Takao ဟာ Yukari အတွက်ဖိနပ်တရံချုပ်ပေးမယ်လို့ကတိပေးခဲ့တယ်။ မိုးကုန်သွားတဲ့အခါမှာတော့ Takao လည်းပန်းခြံကိုမသွားဖြစ်တော့ဘဲအလုပ်ကိုပဲအာရုံစိုက်နေခဲ့တယ်။ နွေရာသီကျောင်းပိတ်ရက်ပြီးလို့ကျောင်းတွေပြန်ဖွင့်တဲ့အခါ Yukari ဟာသူတို့ကျောင်းကို ဂန္ထ၀င်စာပေသင်ဖို့ရောက်လာတဲ့ဆရာမမှန်း Takao သိလိုက်ရတဲ့အချိန်မှာတော့…

၄၅မိနစ်လောက်ပဲကြာတဲ့ဒီရုပ်ရှင်ဟာ ရည်မှန်းချက်ကြီးတဲ့ဆယ်ကျော်သက်ကောင်လေးနဲ့ သက်လတ်ပိုင်းအရွယ်ရောက်နေပြီးဘ၀ကိုငြီးငွေ့နေတဲ့အမျိုးသမီးတို့ ဘ၀အဓိပ္ပာယ်အတူတူရှာဖွေကြတဲ့ ဇာတ်လမ်းဖြစ်ပြီး ဂျပန်စာပေ၊ ကဗျာနဲ့ သဘာဝပတ်ဝန်းကျင်တို့ရဲ့လှပမှုကိုပါ ပါးပါးလေးတင်ပြသွားပါတယ်။

Children Who Chase Lost Voices (2011)

ဒါကတော့ Shinkai ရဲ့တခြားရုပ်ရှင်တွေနဲ့မတူဘဲ adventure ဆန်ဆန် coming of age ဇာတ်လမ်းလေးပါ။

Asuna လို့ခေါ်တဲ့မိန်းကလေးဟာသူမဖခင်လက်ဆောင်ပေးတဲ့ရေဒီယိုလေးကိုနားထောင်ရင်း ဘယ်ကမှန်းမသိတဲ့တေးသံတွေကိုနားထောင်မိတယ်။ တနေ့သူ့ကိုသတ္တ၀ါဆန်းကြီးတကောင် တိုက်ခိုက်တာခံရတော့ Shun ဆိုတဲ့ကောင်လေးတယောက်က၀င်ရောက်ကယ်တင်ပြီး သူဟာ Agartha လို့ခေါ်တဲ့တိုင်းပြည်ကလာတာဖြစ်ကြောင်းပြောသွားတယ်။

နောက်တနေ့လည်းကျရောမြစ်ကမ်းစပ်မှာကောင်လေးတယောက်ရဲ့အလောင်းတွေ့တယ်ဆိုတဲ့သတင်း လည်းကြားရော Asuna ဟာ Shun များဖြစ်နေမလားလို့တွေးရင်းစိုးရိမ်သွားတယ်။ ကျောင်းမှာအသစ်ရောက်လာတဲ့ ဆရာ Morisaki က Agartha ဆိုတဲ့မရဏနိုင်ငံအကြောင်းပြောပြတော့ Asuna လည်း Shun ပြောတဲ့နိုင်ငံများလားဆိုပြီးစိတ်ဝင်စားသွားတာနဲ့ သူ့ဆရာကိုသီးသန့်သွားမေးတယ်။ ဆရာဖြစ်သူ Morisaki ပြောပြတဲ့ Agartha ဆိုတာကတော့…

Lost Voices မှာဆယ်ကျော်သက်လေးနှစ်ယောက်ကြားကအချစ်ဇာတ်လမ်း၊ စိတ်ကူးယဉ်ကမ္ဘာတခုနဲ့ စွန့်စားခန်းတွေကိုရောသမမွှေထားတယ်။ Spirited Away ကိုကြိုက်ရင် ဒီရုပ်ရှင်ကိုလည်းကြိုက်မှာပါ။

5 Centimeters per Second (2007)

Cherry Blossoms၊ Cosmonaut နဲ့ 5 Centimeters per Second ဆိုပြီးအပိုင်း ၃ပိုင်းနဲ့ ဖွဲ့စည်းထားတဲ့ ဒီဇာတ်လမ်းဟာငယ်သူငယ်ချင်းနှစ်ယောက်ကြားကချစ်မေတ္တာ၊ မိန်းကလေးတယောက်ရဲ့တဘက်သတ်အချစ်၊ အနေဝေးနေတဲ့ချစ်သူတွေကြုံရတတ်တဲ့စိန်ခေါ်မှုတွေအကြောင်းပြောပြထားပါတယ်။

တစက္ကန့်ကို ၅စင်တီမီတာဆိုတာ ချယ်ရီပန်းပွင့်လေးတွေမြေပေါ်ကြွေကျတဲ့အမြန်နှုန်းကို အကြမ်းဖျဉ်းခေါ်တာဖြစ်ပါတယ်။ ပထမပိုင်းကိုချယ်ရီပန်းပွင့်လေးတွေလေပေါ်ဝဲပျံနေတဲ့ဇာတ်ကွက်ကိုပြပြီး ကလေးမလေးတယောက်ကသူ့သူငယ်ချင်းကို “ဆာကူရာပန်းတွေကြွေတာအရမ်းမြန်တာပဲနော်၊ မင်းသိလား တစက္ကန့်ကို ၅စင်တီမီတာနှုန်းနဲ့ကြွေတာလေ” လို့လှမ်းပြောလိုက်တဲ့အသံလေးနဲ့စဖွင့်တယ်။ ပြီးတော့ Takaki နဲ့ Akari လို့ခေါ်တဲ့ငယ်သူငယ်ချင်းနှစ်ယောက်တယောက်တနေရာစီကွဲကွာသွားကြပြီး အပြန်အလှန်စာအဆက်အသွယ်လုပ်ကြပုံ၊ စာထဲကတဆင့် သူတို့ဘ၀အကြောင်း ပတ်ဝန်းကျင်အကြောင်း ဆွေးနွေးကြပုံကိုဆက်ပြတယ်။ ပထမပိုင်းကသူတို့နှစ်ယောက်ကြားက ချစ်မေတ္တာကိုပုံဖော်တယ်။

ဒုတိယပိုင်းမှာတော့ Akari မရှိတဲ့အချိန်မှာ Takaki ကိုတဘက်သတ်ချစ်နေတဲ့ Kanae ဆိုတဲ့ကောင်မလေးရဲ့ အမြင်ကနေတင်ဆက်ထားတယ်။ သူ့အနေနဲ့ Takaki ဟာသူ့ကိုဂရုမစိုက်ဘူးလို့ထင်နေတာ၊ သူတို့နှစ်ယောက်ကြားကွဲပြားချက်တွေများလွန်းတယ်ဆိုပြီးစိုးရိမ်နေတာ စသဖြင့်တဘက်သတ်အချစ်ရဲ့ ပူလောင်မှုကိုပြပါတယ်။

တတိယအပိုင်းကိုတော့ spoiler ရှောင်တဲ့အနေနဲ့မပြောတော့ပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ကြည့်လိုက်ပါတော့နော်။ 🙂

The Place Promised in Our Early Days (2004)

ဒုတိယကမ္ဘာစစ်အပြီးလက်ရှိကမ္ဘာနဲ့မတူညီတဲ့ alternate universe တခုမှာဂျပန်ဟာတောင်နဲ့မြောက် နှစ်ပိုင်းကွဲသွားပြီး မြောက်အရပ်ကိုဆိုဗီယက်ယူနီယံကအုပ်ချုပ်တယ်။ တောင်အရပ်ကတော့အမေရိကန် တွေလက်အောက်ရောက်သွားပါတယ်။

၁၉၇၄ခုနှစ်မှာ ယူနီယံအစိုးရကမြောက်အရပ်ကကျွန်းနိုင်ငံ Ezo (Hokkaido) မှာထူးဆန်းတဲ့မျှော်စင်ကြီးတစ်ခု ကိုစတင်တည်ဆောက်ခဲ့ပြီး ၁၉၉၆ခုနှစ်မှာလုပ်ငန်းလည်ပတ်ခဲ့တယ်။ Aomori မြို့မှာနေထိုင်ကြတဲ့ Takuya၊ Hiroki နဲ့ Sayuri ဆိုတဲ့ သူငယ်ချင်း ၃ယောက်ဟာ စစ်လေယာဉ်ပျက်တစီးကိုတွေ့တော့အတူတူပြန်ပြင်ကြရင်း တနေ့လေယာဉ်ပျံစီးပြီး အဲ့ဒီမျှော်စင်ကြီးဆီရောက်အောင်သွားမယ်လို့အိပ်မက်မက်ခဲ့ကြတယ်။ ဒါပေမယ့် Sayuri ရုတ်တရတ်ပျောက်ဆုံးသွားတဲ့အခါမှာတော့ကျန်တဲ့သူငယ်ချင်းနှစ်ယောက်လည်း စိတ်ပျက်အားငယ်သွားပြီး လေယာဉ်ပျက်ကိုဆက်မပြင်တော့ဘဲကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြတယ်။

အဲ့ဒီနောက် Takuya ဟာအမေရိကန်လုံခြုံရေးအေဂျင်စီမှာအလုပ်လုပ်ရင်း Hokkaido မျှော်စင်ကြီးရဲ့ ၂ကီလိုမီတာတ၀ိုက်မှာ တခြားကမ္ဘာတခုကဒြပ်ထုပစ္စည်းတွေရောက်လာကြောင်းတွေ့ရှိသွားတယ်။ ဒီပစ္စည်းတွေဘယ်လိုရောက်ရှိလာလဲ၊ ဘာကြောင့် ၂ကီလိုမီတာအတွင်းမှာပဲရှိတာလဲ၊ Sayuri ကကောဘာလို့ရုတ်တရတ်ပျောက်ကွယ်သွားတာလဲ။

ဒီရုပ်ရှင်ဟာ Shinkai ရဲ့ပထမဆုံး feature film ဖြစ်ပြီး ဗဟုစကြ်ာဝဠာအယူအဆနဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းကိုရောစပ်ရိုက်ကူးထားလို့ သိပ္ပံရုပ်ရှင်ကြိုက်တဲ့သူတွေရော အချစ်ဇာတ်လမ်းကြိုက်တဲ့သူတွေပါသဘောတွေ့မှာပါ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here