လောကမှာအောင်မြင်တဲ့လူတိုင်းဟာငယ်စဉ်က rich kid တွေမဟုတ်ခဲ့ကြသလို၊ ပြီးပြည့်စုံတဲ့ဘ၀ကိုလည်း ပိုင်ဆိုင်ခဲ့တာမဟုတ်ပါဘူး။ ဒီဆောင်းပါးဟာကိုယ့်ထူးကိုယ်ချွန်လုပ်ငန်းရှင်၊ အနုပညာရှင်တချို့ရဲ့ လူသိနည်းတဲ့ငယ်စဉ်ဘ၀တွေနဲ့ သူတို့ရဲ့ဖြတ်သန်းမှုအကြောင်းပြောပြရင်း ရုန်းကန်နေရတဲ့လူငယ်တွေကို အားပေးနိုင်ဖို့ရည်ရွယ်ပါတယ်။ အခုဘာလုပ်နေသလဲဆိုတာထက် နောင်တချိန်ဘာလုပ်မယ်ဆိုတဲ့ရည်မှန်းချက်ရှိဖို့ကအရေးကြီးတယ်ဆိုတဲ့အကြောင်း ဒီဆောင်းပါးကိုဖတ်ပြီးရင်သဘောပေါက်သွားပါလိမ့်မယ်။
မီဒီယာလောကမှာရုန်းကန်ခဲ့ရတဲ့ Oprah Winfrey

Oprah ဟာ အသက် ၁၆နှစ်ကတည်းက Nashville ရေဒီယိုဌာနမှာ broadcaster အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။
အသက် ၁၉နှစ်အရွယ်မှာတက္ကသိုလ်ကထွက်ပြီး မီဒီယာလုပ်ငန်းကိုခြေစုံပစ်ဝင်ခဲ့ပေမယ့် စိန်ခေါ်မှုတွေအများကြီးရင်ဆိုင်ခဲ့ရတယ်။ အထူးသဖြင့် ၁၉၇၇ခုနှစ် Baltimore မြို့ရဲ့ WJZ-TV မှာလုပ်နေတုန်း အလုပ်ဖြုတ်ခံခဲ့ရတဲ့အတွက် သူ့ဘ၀ဟာအများကြီးခက်ခဲခဲ့ပါတယ်။
“အလုပ်ဖြုတ်ခံရပြီးတဲ့အချိန်မှာ ကျမဘာဆက်လုပ်လို့လုပ်ရမှန်းမသိဖြစ်သွားခဲ့တယ်။ ဒါပေမယ့်အဲ့ဒီဘ၀အစိတ်အပိုင်းဟာ ကျမအတွက်သင်ခန်းစာအများကြီးရခဲ့တဲ့အချိန်တွေပါ” လို့ Baltimore Sun နဲ့အင်တာဗျူးမှာ Oprah ကအဲ့ဒီတုန်းကသူ့ခံစားချက်ကိုပြောပြခဲ့ပါတယ်။
McDonald’s မှာလုပ်ခဲ့ဖူးတဲ့ Jeff Bezos

Amazon ရဲ့တည်ထောင်သူ CEO ဖြစ်တဲ့ Jeff Bezos ဟာငယ်ငယ်က McDonald’s မှာအသားပြားတွေ ကင်ခဲ့ဖူးသူပါ။
Golden Opportunity: Remarkable Careers That Began at McDonald’s ကိုရေးသားခဲ့သူ စာရေးဆရာ Cody Teets နဲ့ Bezos တို့စကားပြောကြည့်တော့ Bezos ကသူအလုပ်စ၀င်တဲ့ပထမဆုံးအပတ်မှာပဲ နံရံမှာကပ်ထားတဲ့အချဉ်ရည်စက်ကြီးပျက်သွားလို့ စားဖိုဆောင်တခုလုံးအချဉ်တွေပေနေတာကို ရှင်းလင်းခိုင်းပါသတဲ့။
“သူတို့ကသန့်ရှင်းရေးပစ္စည်းတွေပေးပြီး အချဉ်တွေသုပ်ခိုင်းတယ်ဗျ။ ကျနော်ကလူသစ်ဆိုတော့ ဘယ်သူမှမလုပ်ချင်တဲ့အလုပ်ဆို ကျနော်ပဲလုပ်ရတာပေါ့လေ။ McDonald’s မှာတုန်းက အကင်ဖိုမှာပဲလုပ်ဖူးတာ၊ ငွေထိန်းမလုပ်ဖူးဘူး။ အခက်ခဲဆုံးကတော့လူအရမ်းကျနေတဲ့အချိန်မှာ အော်ဒါတွေကိုစီစဉ်ရတာပဲ” လို့ Bezos ကသူ့ငယ်ဘ၀ကိုပြန်ပြောင်းပြောပြပါတယ်။
သတင်းစာလိုက်ပို့ခဲ့ဖူးတဲ့ Warren Buffett

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်ကြီး Buffett ရဲ့ပထမဆုံးအလုပ်တွေထဲမှာ Washington Post သတင်းစာလိုက်ပို့တဲ့ အလုပ်လည်းပါပါတယ်။ ဂေါက်သီးနဲ့ တံဆိပ်ခေါင်းတွေလည်းရောင်းခဲ့ဖူးပြီး ဆံပင်ညှပ်ဆိုင်တွေမှာ pinball ကစားတဲ့စက်တွေဆင်တဲ့အလုပ်လည်းလုပ်ဖူးပါတယ်။
Harvard Business School ကိုတက်ရောက်ဖို့ကြိုးစားခဲ့ဖူးပေမယ့် ၀င်ခွင့်ပယ်ချခံခဲ့ရတယ်။ ဒါပေမယ့်အားမလျှော့ဘဲ Columbia Business School တက်ပြီး ရှယ်ယာပွဲစားဘ၀ကနေ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်ကြီးဖြစ်လာခဲ့တာပါ။
ငယ်ငယ်ကအလုပ်အကိုင်အတည်တကျမရှိတဲ့ JK Rowling

ဆယ်ကျော်သက်အရွယ်တုန်းကဆို Rowling ဟာအင်္ဂလန်နိုင်ငံအနှံ့ကပွဲတော်တွေဆီလျှောက်လည်ရင်း အချိန်ဖြုန်းခဲ့တယ်လို့ Daily Mail ရဲ့သတင်းတပုဒ်ကဆိုပါတယ်။
အဲ့ဒီနောက် Amnesty International မှာအလုပ်လုပ်နေရင်း Harry Potter စာအုပ်ရေးပြီးတော့ ထုတ်ဝေသူချက်ချင်းရှာမရခဲ့တဲ့အတွက် စိတ်လေပြီးအလုပ်ကိုအာရုံမစိုက်နိုင်လို့ အလုပ်ဖြုတ်ခံခဲ့ရပါသေးတယ်။ အခုတော့လည်းကမ္ဘာ့အချမ်းသာဆုံးစာရေးဆရာတွေထဲကတယောက်ဖြစ်နေပါပြီ။
သရုပ်ဆောင်လောကမှာရုန်းကန်ခဲ့ရတဲ့ Morgan Freeman

အခုချိန်မှာနာမည်ကြီးသရုပ်ဆောင်ဖြစ်နေတဲ့ Freeman ဟာဒီနေရာကိုရောက်လာဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရသူပါ။
အထက်တန်းကျောင်းပြီးသွားတော့ လေတပ်မှာတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Freeman ဟာသူ့လူငယ်ဘ၀တခုလုံး သရုပ်ဆောင်လုပ်ငန်းမှာပဲမြှုပ်နှံထားခဲ့ပေမယ့် အသက် ၅၂နှစ်အရွယ်ရောက်မှ Driving Miss Daisy ဇာတ်ကားနဲ့အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင်လောကကိုဝင်ရောက်ချင်ပေမယ့်အချိန်တိုအတွင်းအောင်မြင်မှုမရလို့စိတ်ညစ်နေတဲ့သူတွေအတွက်တော့ Freeman ကအတုယူစရာပုဂ္ဂိုလ်တယောက်ပါပဲ။
အဖြစ်ဆိုးတွေနဲ့ Ellen DeGeneres ရဲ့ငယ်စဉ်ဘဝ

DeGeneres ဟာအခုချိန်မှာအရမ်းအောင်မြင်တဲ့ ဟာသပညာရှင်၊ talk show host တယောက်ဖြစ်နေခဲ့ပါပြီ။ လူတွေကိုရယ်မောပျော်ရွှင်အောင်လုပ်နိုင်စွမ်းရှိတဲ့ DeGeneres ဟာငယ်စဉ်ကစိတ်မချမ်းသာစရာအဖြစ်တွေ၊ ကိုယ့်ကိုယ်ကိုယ်မကျေနပ်မှုတွေနဲ့ကြုံခဲ့ရတယ်ဆိုရင် သင်ယုံနိုင်ပါ့မလား။
DeGeneres ဟာလိင်တူချစ်သူတယောက်ဖြစ်ပြီး သူ့ချစ်သူဟောင်းနဲ့တီးဝိုင်းတခုကိုအတူတူသွားကြည့်ခဲ့တယ်။ သူ့ရည်းစားဟောင်းအမျိုးသမီးဟာအဲ့ဒီတီးဝိုင်းကအပြန်မှာကားမတော်တဆမှုဖြစ်ပြီးကွယ်လွန်သွားခဲ့တယ်။
Oprah’s Master Class မှာ ဒီအကြောင်းနဲ့ပတ်သက်ပြီး “သူကကျမနဲ့အတူတူအိမ်ပြန်ဖို့ခေါ်သေးတယ်။ ဒါပေမယ့်ကျမသူခေါ်နေတာကိုမကြားချင်ယောင်ဆောင်ခဲ့မိတယ်။ သူ့ကိုလျစ်လျူရှုထားမိခဲ့တယ်” လို့ DeGeneres ကကြေကြေကွဲကွဲပြောခဲ့ဖူးပါတယ်။
“အဲ့ဒီနောက်ကျမလည်းသူနဲ့နေခဲ့ဖူးတဲ့တိုက်ခန်းကိုသွားတော့အဲ့ဒီအခန်းမှာလှေး (flea) တွေအများကြီးတွေ့တယ်။ သူမရှိတော့ဘဲလှေးတွေနဲ့ပြည့်နေတဲ့ဒီအခန်းကြီးကိုမုန်းလာတယ်။ အဲ့ဒီနောက်လှေးတွေကိုရှင်းပေးပါလို့ ဘုရားသခင်ဆီဖုန်းဆက်ပြောတဲ့ပုံစံဟာသဇာတ်ညွှန်းကိုရေးခဲ့တယ်။”
သူရေးခဲ့တဲ့အဲ့ဒီဇာတ်ညွှန်း A Phone Call to God ဟာဟာသသရုပ်ဆောင်တဦးအဖြစ်အောင်မြင်ဖို့ လမ်းစဖြစ်လာခဲ့ပါတယ်။ ၅မိနစ်လောက်ကြာတဲ့ဒီ stand-up comedy show ကိုအောက်ပါ Link မှာကြည့်နိုင်ပါတယ်။
စာဖတ်ဖို့ခက်ခဲတဲ့ရောဂါရှိသူ Richard Branson

ပညာရေးမှာမထွန်းပေါက်ရင်မအောင်မြင်နိုင်ဘူးလို့ပြောတဲ့သူတွေတွေ့ရင် Richard Branson အကြောင်းပြောပြလိုက်ပါ။
မွေးကတည်းက dyslexia (စာလုံးတွေမှတ်ရ ရေးရခက်တဲ့ရောဂါ) ရှိသူ Branson ဟာ ၁၆နှစ်နဲ့ပညာရေးကို ကျောခိုင်းခဲ့ရတယ်။ စာဖတ်ဖို့ခက်ခဲတဲ့ရောဂါရှိသူ Branson ဟာ Student လို့ခေါ်တဲ့လူငယ်မဂ္ဂဇင်းထုတ်ဝေခဲ့ပြီး အောင်မြင်မှုလမ်းစပေါ်စတင်ရောက်ခဲ့တာကတော့ ဘ၀ရဲ့ရယ်စရာကောင်းတဲ့လှည့်စားမှုတခုလို့ပဲဆိုရပါလိမ့်မယ်။ အဲ့ဒီမဂ္ဂဇင်းဟာ ပထမဦးဆုံးအကြိမ်ထုတ်ဝေစဉ်မှာပဲ ကြော်ငြာ ဒေါ်လာ ၈၀၀၀ဖိုးရောင်းခဲ့ရတယ်။
အဲ့ဒီနောက် Virgin Records တေးသံသွင်းစတူဒီယိုကိုစတင်ခဲ့ရာကနေ နိုင်ငံတကာစီးပွားရေးအင်ပါယာ Virgin Group ကိုတည်ထောင်နိုင်ခဲ့တဲ့အထိအောင်မြင်ခဲ့ပါတယ်။
စားပွဲထိုးလုပ်ခဲ့ဖူးတဲ့ Madonna

ဂန္ထ၀င်ပေါ့အဆိုတော် Madonna ဟာငယ်စဉ်ကတည်းကသူ့မိခင်ကိုဆုံးရှုံးလိုက်ရလို့ စိတ်သောကတွေနဲ့ရင်ဆိုင်ခဲ့ရသူပါ။
သူအိမ်ကထွက်လာပြီး New York မြို့ကိုပြောင်းရွှေ့လာတုန်း Dunkin’ Donuts မှာစားပွဲထိုးအဖြစ်အလုပ်လုပ်ခဲ့ဖူးတယ်။
“ကျမလက်ထဲမှာ ၃၅ဒေါ်လာတည်းနဲ့ New York မြို့ကိုထွက်လာခဲ့တာ။ အဲ့ဒါကကျမဘ၀မှာအရဲရင့်ဆုံး ဆုံးဖြတ်ချက်လို့ပြောရမယ်” လို့ သူ့အတ္ထုပ္ပတ္တိစာအုပ် Madonna: Like an Icon ကိုရေးသားသူ Lucy O’Brien ကိုပြောခဲ့တယ်။
အဲ့ဒီနောက် back-up dancer အဖြစ်အလုပ်လုပ်နေတုန်းတညမှာ လိင်အကြမ်းဖက်မှုကိုလည်းခံခဲ့ရပါတယ်။
“လူနှစ်ယောက်ကကျမကိုဓားနဲ့ထောက်ပြီး ကျမပါးစပ်နဲ့သူတို့ကိုအာသာဖြေခိုင်းခဲ့တယ်လေ။ ကျမဟာသန်မာတဲ့အမျိုးသမီးတယောက်အဖြစ်ဟန်ဆောင်ခဲ့ပေမယ့် အဲ့ဒီအခြေအနေမှာကိုယ့်ကိုယ်ကိုယ်ဘယ်လောက်အားနည်းမှန်းသိခဲ့ရတယ်။ အဲ့ဒီအဖြစ်အပျက်ကိုကျမဘယ်တော့မှမေ့မှာမဟုတ်တော့ပါဘူး။”
Ref:
Biography.com
Wikipedia