Advertisement

Queen အဆိုတော် Freddie Mercury ရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင် Bohemian Rhapsody အောင်မြင်ပြီးတဲ့နောက်မှာ ဟောလီးဝုဒ်က ဒီလို နာမည်ကြီးခဲ့တဲ့ အဆိုတော်တွေအကြောင်းကို ရုပ်ရှင်အဖြစ်ပြန်ရိုက်တဲ့ ဈေးကွက်ကို မြင်သွားပုံပါပဲ။ အခုလည်း Rock N Roll ဘုရင်ကြီးလို့ အားလုံးက သတ်မှတ်ထားကြတဲ့ Elvis Presley ဘဝဇာတ်ကြောင်းကိုရုပ်ရှင်အဖြစ် အသက်ပြန်သွင်းဖို့ Warner Bros ကကြေညာလိုက်ပါတယ်။

Elvis Presley ဆိုတာက ၁၉၅၀ကျော်ကနေ ၁၉၇၀ကျော်ကာလအထိ တစ်ခတ်မှာတစ်ယောက်လို့ဆိုရလောက်အောင် လူတွေကို လွှမ်းမိုးဖမ်းစားခဲ့တဲ့ အဆိုတော် မင်းသားချောတစ်ယောက်ပါ။ သူ့ရဲ့ အကတွေ သီချင်းဆိုဟန်တွေကသူမတူအောင် ပရိသတ်ကိုဆွဲဆောင်နိုင်ခဲ့တယ်။ အောင်မြင်မှုသရဖူကို ဆောင်းနေစဉ်မှာပဲ ဆေးလွန်ပြီး ကွယ်လွန်ခဲ့ပါတယ်။ တကမ္ဘာလုံးက သူ့ကိုအရမ်းနှမျောခဲ့ကြပါတယ်။ အခုတော့ သူ့ကို လွမ်းနေကြတဲ့ သူ့ပရိသတ်တွေအတွက်သာမက သူ့ကိုမမီလိုက်တဲ့သူတွေပါ အတ္ထုပ္ပတ္တိဇာတ်ကားကိုကြည့်ရတော့မယ်ဆိုတော့ သူ့ကိုအသက်ပြန်သွင်းလိုက်သလိုပါပဲ။

အခု Elvis နေရာမှာ သရုပ်ဆောင်မယ့်သူက Presley ရဲ့အပြင်ကသရုပ်ကို အတူနိုင်ဆုံးတူအောင် ပုံဖော်ရမှာဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ Rami Malek က Freddie ကိုထပ်တူကျအောင် သရုပ်ဆောင်နိုင်ခဲ့တာဟာ Bohemian Rhasophy အောင်မြင်မှုမှာ အဓိကကျသလိုပေါ့။ ကဲ.. အခုလာမယ့် Presley ရုပ်ရှင်မှာတော့ ဒီသရုပ်ဆောင်တွေ အဆိုတော်တွေက သူ့နေရာမှာသရုပ်ဆောင်ဖို့ နာမည်ထွက်နေတာပါ။

Ansel Elgort

Baby Driver မင်းသားဖြစ်တဲ့ Elgort ကတော့ဂီတနဲ့ ပတ်သက်လာရင် အစိမ်းသက်သက်တော့ မဟုတ်ပါဘူး။ သရုပ်ဆောင်ဆိုပေမယ့် Single တွေ တော်တော်များများထွက်ထားတဲ့ အဆိုတော်တစ်ယောက်လည်း ဟုတ်ပါတယ်။ ဒါပေမယ့် သူ့အသံက Presley လို အောက်သံဘက်မသွားဘဲပိုမြင့်တော့အဆင်ပြေမယ်မထင်ပါဘူး။

Aaron Taylor-Johnson

Kick Ass အက်ရှင်ဇာတ်ကားနဲ့ လူသိများလာပြီး Nocturnal Animals နဲ့ Golden Globe ဆုရထားတဲ့မင်းသားဆိုတော့ သရုပ်ဆောင်အရမ်းထူးချွန်ပါတယ်။ သူကလည်း Presley နဲ့မျက်နှာပေါက်မဆင်ပေမယ့်လည်း သူ့ရဲ့သရုပ်ဆောင်ပညာနဲ့ Presley ကို ဘယ်လိုပုံဖော်နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Harry Styles

နူတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲလည်းဖြစ်၊ One Direction အဖွဲ့ဝင်ဟောင်းလည်းဖြစ်တဲ့ ဒီတစ်ယောက်ကတော့ Presley နဲ့အဆိုကျော်ဖြစ်တာခြင်းတော့ကိုက်နေပါတယ်။ ဒါပေမယ့် အဆိုတော်ဖြစ်တာနဲ့ပဲ Presley နဲ့လုံးဝမဆင်တဲ့ သူ့ကိုတော့ ဘာလို့အဲဒီနေရာမှာ သရုပ်ဆောင်ဖို့ လျာထားသလဲဆိုတာ စဉ်းစားလို့မရပါဘူး။

Austin Butler

လူငယ်မင်းသားတစ်လက်ဖြစ်တဲ့ ဒီတစ်ယောက်က တီဗွီစီးရီးတော်တော်များများမှာ သရုပ်ဆောင်ခဲ့ဖူးပြီး ၂၀၁၈တုန်းက ဘရော့ဒ်ဝေးပြဇာတ်ရုံမှာ The Iceman Cometh ဆိုတဲ့ပြဇာတ်ကိုလည်း ပါဝင်ကပြခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို တခဲနက်ချီးကျူးတာကို ခံခဲ့ရပါတယ်။ သူကတော့ Presley နဲ့ မျက်နှာကျပုံခပ်ဆင်ဆင်နဲ့ဆိုတော့ လိုက်ဖက်မယ်လို့ထင်ပါတယ်။

Miles Teller

ဒီလျာထားခံရတဲ့အထဲမှာ Presley နဲ့ မျက်နှာပေါက်အတူဆုံးလို့ပြောလို့ရတဲ့ ဒီမင်းသားကတော့ တော်တော်များများသိကြမှာပါ။ Whiplash ဇာတ်ကားမှာ အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဒရမ်သမားတစ်ယောက်ဇာတ်ရုပ်ကို အပီပြင်ဆုံးပုံဖော်နိုင်ခဲ့တဲ့ သူက Presley ကိုလည်းပီပီပြင်ပြင်ပုံဖော်နိုင်မယ်လို့ ထင်ပါတယ်။ ပြီးတော့ သူက La La Land မှာတောင် သရုပ်ဆောင်ဖြစ်မလိုဖြစ်ခဲ့ပြီး သူရဲ့ ဂီတဇကလည်းမသေးပါဘူး။

Myanmore Plus ပရိသတ်တွေကရော Presley နေရာမှာ ဘယ်သူ့ကိုသရုပ်ဆောင်စေချင်သလဲပြောခဲ့ပါဦး။

Gam Seng Maw

Ref: https://www.esquire.com/entertainment/movies/a28246842/elvis-biopic-actor-baz-lurman/

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here