ရန်ကုန်မြို့မှာ တိုင်းရင်းသားအစားအသောက်ရောင်းချတဲ့ဆိုင်တွေ စုံစုံလင်လင်တွေ့လာရပါတယ်။ တချို့အစားအသောက်တွေကျတော့ သူ့နယ်မြေဒေသမှာရှိတဲ့သဘာဝပေါက်ပင်တွေကိုရန်ကုန်မှာ ရှာမရနိုင်တဲ့အတွက် တထေရာတည်းတူဖို့ခက်တယ်။ ဒါပေမယ့်သေချာတာတခုက ဒီဆိုင်တွေအားလုံးဟာ ရန်ကုန်သူရန်ကုန်သားတွေကိုဒေသအစားအစာတွေနဲ့မိတ်ဆက်ပေးဖို့အတတ်နိုင်ဆုံးကြိုးစားထားပါတယ်။
Bawgawaddy Tea Culture ကဖွင့်တာ ၆လလောက်ပဲရှိသေးတယ်။ သူကလက်ဘက်ရည်အပြင် ကယန်း၊ တောင်ရိုးနဲ့ ဓနုဟင်းလျာတွေအဓိကထားရောင်းပြီး မနက်စာအဖြစ်မုန့်ဟင်းခါးတို့ဘာတို့ရနိုင်ပါတယ်။ ဗိုလ်ရွဲလမ်းအလယ်ဘလောက်မှာဖွင့်ထားပြီး ဇွဲထက်ရွှေဆိုင်ရှိတဲ့ဘက်က၀င်ရင်ပိုနီးပါတယ်။
ကျနော်တို့ရောက်သွားတာမိုးတွေရွာနေတဲ့နေ့လယ်ခင်းတခုပေါ့။ သူငယ်ချင်း ၃ယောက်လုံးမိုးမိထားလို့ ချမ်းစိမ့်စိမ့်ဖြစ်နေပြီး ဗိုက်တွေလည်းဆာနေတော့ ဒီဆိုင်လေးမှာပဲနေ့လယ်စာစားမယ်ဆိုပြီးဝင်ဖြစ်သွားတယ်။ ဆိုင်လေးကဘားလိုခုံအမြင့်လေးတွေနဲ့ဗျ။ အတွင်းမှာတော့ ဧည့်ခန်းလိုမျိုးပြင်ထားတဲ့အတွက် လူများတယ်ဆိုရင် အတွင်းကပိုထိုင်လို့ကောင်းတယ်။ ထမင်းနဲ့ဟင်း ၃ပွဲ၊ ဂျူးဖူးကြော်နဲ့ ဟင်းရည်တခွက်မှာလိုက်ပြီး ရေနွေးကြမ်းကျကျလေးတွေသောက်ရင်းစောင့်ပါတယ်။
ကယန်းရိုးရာဟင်းရည်အရင်ရောက်လာတော့အရောင်ကဖျော့တော့တော့နဲ့မို့ ချိုရဲရဲကြီးဖြစ်နေတော့မှာပဲလို့ ၃ယောက်သားစိုးရိမ်သွားသေးတယ်။ တဇွန်းလောက်သောက်ကြည့်တော့မှ ပူစပ်စပ်အရသာကတကိုယ်လုံးကိုနွေးသွားစေတာကိုအံ့သြဖွယ်တွေ့လိုက်ရတယ်။ ၃-၄ဇွန်း ဆက်တိုက်သောက်လိုက်တော့ အချမ်းပြေသွားပြီးချွေးလေးတွေတောင်စို့လာပါတယ်။ အထဲမှာတော့အရွက်တွေကအစုံပဲဗျ။ သခွားသီးလည်းပါတယ်။ သူကသက်သတ်လွတ်ဟင်းရည်ပါ။
ဟင်းပွဲ ၃ပွဲမှာကျနော်အကြိုက်ဆုံးကတော့ ဓနုငါးပိန်းဥချက်ပါ။ သူကခရမ်းချဉ်သီး ရှမ်းနံနံတို့နဲ့ ငါးမြင်းဗိုက်သားကိုအညှီနံ့ပျောက်အောင်ချက်ထားတာဗျ။ ချိုချိုချဉ်ချဉ်အရသာနဲ့ထမင်းမြိန်ပါတယ်။
အမဲသားချက်ကလည်းတော်တော်နူးတယ်ဗျ။ အဲ့ဒါနဲ့စားပြီးစားဖိုမှူးကိုစပ်စုကြည့်တော့ အမဲသားကိုဆီနဲ့မြုပ်အောင်စိမ်ပြီး အပေါ်ကအလေးတုံးနဲ့တညအိပ်လောက်ဖိထားရပါသတဲ့။ ပြီးတော့မချက်ခင်ခေါင်ရည်နဲ့လည်းနှပ်ထားသေးတဲ့အတွက် များများစားရင်ရီဝေေ၀လေးတောင်ဖြစ်လာမယ်လို့ စားဖိုမှူးကြီးကပြောတယ်။
နောက်တမျိုးကတော့ကြက်နဲ့ကင်းမုန်သီးချက်ပါ။ ကြက်သားတုံးကအတုံးကြီးတယ်။ ခပ်သေးသေးတုံးရင်တော့ ပိုနူးညံ့မယ်လို့ထင်ပါတယ်။ ကင်းမုန်သီးကအအီပြေစေတယ်။ ဒီမော့ဆိုကလာတဲ့ကင်းမုန်သီးတွေလို့ပြောတာပဲ။ ကျနော်ကတော့ကင်းမုန်သီးကိုဒါပထမဆုံးစားဖူးတာ။ ဟင်းတိုင်းရဲ့ပူစပ်စပ်အရသာလေးက မက်ခါသီးမှုန့်ကလာတာပါ။ သူကငရုတ်ကောင်းလောက်မပူဘူး၊ အနံ့လည်းသိပ်မမွှန်ပါဘူး။ ဖယ်ခုံကမက်ခါသီးကိုမှာတယ်လို့ပြောပါတယ်။ ပူပူစပ်စပ်အရသာကို ဂျူးဖူးကြော်ချိုချိုလေးကဖြေပေးတယ်။
အချိုပွဲအတွက် သရက်သီးချက်ကိုမှာလိုက်တယ်။ ဟုတ်တယ်ဗျ၊ သရက်သီးချက်လို့ပဲခေါ်လို့ရမယ်။ သီးသန့်နာမည်မရှိဘူး။ ကျေးလတ်နေကယန်းတိုင်းရင်းသားတွေဟာသရက်သီးတွေပေါတဲ့အချိန်ဆို အသားတွေကိုအိုးကင်းပူနဲ့တိုက်၊ အနှစ်လုပ်ပြီးသွားရည်စာအဖြစ်အိုးထဲထည့်လှောင်ထားလေ့ရှိတယ်။ အခုသရက်သီးချက်ဆိုလည်း သရက်နှစ်နဲ့နွားနို့ကို ပြောင်းဖူးစေ့၊ ကန်စွန်းဥတို့နဲ့ရောချက်ထားတာပါ။ သရက်သီးနဲ့နွားနို့ဓာတ်မတည့်တာမျိုးမဖြစ်အောင် မက်ခါသီးမှုန့်လေးခပ်ထားတယ်ပြောမှ မက်ခါသီးဟာအစာအဆိပ်မဖြစ်အောင်ကာကွယ်ပေးမှန်းသိရတယ်။
သူငယ်ချင်းတယောက်ကတော့လက်ဘက်ရည်ချိုကျတခွက်မှာသောက်တယ်။ သူ့လက်ဘက်ရည်ကအရသာပြင်းပြီး မဆလာနံ့လေးနည်းနည်းရတယ်လို့ပြောပါတယ်။ Tea menu မှာတော့ လက်ဘက်ရည်တခွက်ဆီမှာပါဝင်တဲ့နို့ဆီပမာဏကိုရေးပြထားတဲ့အတွက် ကိုယ်ကြိုက်တဲ့အချိုအရသာကိုတွက်ပြီးမှာလို့ရတာလေးကအဆင်ပြေတယ်။
ပြီးတော့ကြက်သားအစာသွပ်ကယန်းထမင်းလုံးမှာပါတယ်။ သူကတော့ထမင်းနဲ့လည်းရသလို ကောက်ညှင်းဆန်နဲ့လည်းရတယ်။ အချိုအစပ်အရသာ ၂မျိုးရှိပြီး ကြက်သား အမဲသားရွေးလို့ရပါတယ်။ သူကတလုံး ၇၀၀။ ဟင်းပွဲတွေကအများအားဖြင့် ၃၅၀၀လောက်ပဲရှိပြီး ဟင်းရည်တွေအားလုံးတပွဲ ၂၀၀၀တည်းမို့ စားပျော်ပါတယ်။
နောက်ပိုင်းကျရင်ညနေခင်းတွေမှာ ခေါင်ရည်အပြင် drink လေးတွေပါတင်ဖို့ရှိတယ်လို့ဆိုင်ရှင်အစ်မကြီးက ပြောပါတယ်။ ကျနော်ကတော့ တိုင်းရင်းသားအစားအစာတွေစားရင်း ကယန်းခေါင်ရည်မြည်းစမ်းကြည့်ဖို့ Bawgawaddy ကိုထပ်သွားဖြစ်ဦးမှာပါ။
အမှတ် ၉၇၊ ဗိုလ်ရွဲလမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။
09 42108 7394
7:00 AM – 5:00 PM