Advertisement

သူငယ်ချင်းတွေနဲ့ night out ထွက်တာပဲဖြစ်ဖြစ်၊ စီးပွားဘက်တွေနဲ့အလုပ်ကိစ္စဆွေးနွေးဖို့ပဲဖြစ်ဖြစ် ဘားတခုခုမှာထိုင်မိကြတဲ့အခါဘာမှာရမှန်းမသိဖြစ်နေပြီလား။ အရက်ပြင်းတွေမသောက်ချင်ဘူး၊ ဘီယာလည်းမကြိုက်ဘူးဆိုရင်တော့ ကော့တေးကအသင့်လျော်ဆုံးရွေးချယ်မှုဖြစ်လိမ့်မယ်။ အထူးသဖြင့်လက်ထဲမှာကော့တေးခွက်လေးတွေနဲ့စမတ်ကျကျဝတ်စားထားတဲ့မိန်းကလေးတွေဟာ ယနေ့ခေတ်ဘားတိုင်းလိုလိုမှာမြင်ရတဲ့ဆွဲဆောင်မှုတခုဖြစ်နေပါပြီ။ နောက်ပြီးဘီယာတို့ အရက်ပြင်းတို့ဆိုတာ ဆိုင်တွေမှာဝယ်လို့ရပေမယ့် ကော့တေးကောင်းကောင်းတခွက်ကတော့ အရည်အချင်းရှိတဲ့ bartender တယောက်ကသာဖျော်စပ်ပေးနိုင်တာမျိုးပါ။ ဘားထိုင်ရင်ကော့တေးမှာဖို့စဉ်းစားရင်း တိုင်ပတ်နေတယ်ဆိုရင်တော့ဒီဆောင်းပါးကိုဖတ်ကြည့်ဖို့လိုပါပြီ။

Sangria (Spain)

စပိန်နိုင်ငံကဒီကော့တေးဟာ ဖျော်စပ်နည်းအမျိုးမျိုးရှိပေမယ့် အခြေခံအားဖြင့်ဝိုင်နီနဲ့ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီးလိုအချဉ်ဓာတ်ပါတဲ့သစ်သီးတွေရောစပ်ထားတာပါပဲ။ အနီရောင်ရင့်ရင့်ရှိတဲ့အတွက် သွေး (sangre) ဆိုတဲ့စပိန်စကားကဆင်းသက်လာတာပါ။ စပိန်က Rioja ၀ိုင်နီကတော့စစ်မှန်တဲ့ Sangria တခွက်ရဖို့အတွက်အဓိကလိုအပ်တဲ့ပါဝင်ပစ္စည်းဖြစ်ပါတယ်။ ချဉ်ပြုံးပြုံးအရသာရှိပြီးခံတွင်းရှင်းတဲ့အတွက် အသားကင်လိုအစားအစာတွေနဲ့လိုက်ဖက်တယ်။

Mojito (Cuba)

ဟားဗားနားဆေးလိပ်နဲ့ဖီဒယ်ကတ်စထရိုပြီးရင် ကျူးဘားနိုင်ငံရဲ့အထင်ရှားဆုံးထွက်ကုန်က Mojito ဖြစ်ပါလိမ့်မယ်။ ဖန်ခွက်ရှည်နဲ့သောက်သုံးရတဲ့ highball drink တမျိုးဖြစ်ပါတယ်။ အခြေခံအားဖြင့် white rum၊ ပူစီနံ၊ သကြားရည်၊ ဆိုဒါနဲ့ သံပုရာရည်တို့ပါဝင်တယ်။ ကျူးဘားက Mojito စစ်စစ်ကတော့သကြားရည်အစား ကြံရည်နဲ့ဖျော်လေ့ရှိပါတယ်။

Sex on the Beach (USA)

ခပ်လန်းလန်းနာမည်နဲ့ဒီကော့တေးကတော့ ဖလော်ရီဒါမှာအစပြုတဲ့ဖန်တီးမှုဖြစ်ပါတယ်။ မက်မွန်သီးနဲ့လုပ်ထားတဲ့အရက်ဖြူ (peach schnapps) ကိုရောင်းအားမြှင့်ဖို့ bartender တွေဟာအဲ့ဒီအရက်ကိုအခြေခံတဲ့ကော့တေးတမျိုးဖန်တီးဖျော်စပ်ရတဲ့ပြိုင်ပွဲကျင်းပတယ်။ ဆုကြေးအဖြစ် နိုင်တဲ့ဘားက ဒေါ်လာ ၁၀၀၀ရမယ်၊ bartender က ဒေါ်လာ ၁၀၀ရမယ်။ Bartender တယောက်ကမက်မွန်သီးအရက်ဖြူ၊  ဗော့ဒ်ကာ၊ လိမ္မော်ရည်နဲ့ သလဲသီးသကာရည်တို့ကိုရောစပ်ပြီး Sex on the Beach လို့နာမည်ပေးလိုက်ရာကနေ ဒီကော့တေးဖြစ်လာတာပါ။

Babett Yangon

Babett Yangon မှာအနောက်တိုင်းအစားအစာတွေစားရင်း သောက်ဖို့ကော့တေးကောင်းကောင်းလေးတွေရှိတာ သင်သိပါသလား။ Funky Thing၊ Mandalay is Calling၊ Spicy G နှဲ့Secret Garden တို့ကတော့ သူ့ရဲ့ signature တွေပါ။ ပုံထဲကကော့တေးကတော့ ဂျင်၊ မာလကာဖျော်ရည်၊ ဂရိတ်ဖရုသီးနဲ့ အနက်ရောင်ဘယ်ရီသီး (blackcurrant) တို့နဲ့ဖျော်စပ်ထားတဲ့ Funky Thing ဖြစ်ပါတယ်။ ကော့တေးတွေအားလုံးတခွက်ကို ၈၀၀၀ကျပ်ပါ။

Burma Bistro

မြန်မာအစားအစာနဲ့ fusion cocktail အသစ်အဆန်းလေးတွေမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ Burma Bistro သာသွားလိုက်ပါ။ အအီပြေချိုချဉ်အရသာကြိုက်ရင် ဇီးဖြူသီး၊ ကြံရည်၊ dry gin တို့ပါဝင်တဲ့ Bistro Cockcane ကိုညွှန်းပါတယ်။ Espresso coffee နဲ့ ၀ီစကီရောနှောဖျော်စပ်ထားတဲ့ Mandalay Club ကတော့ ကော်ဖီခါးခါးအရသာနဲ့ ခပ်ပြင်းပြင်းလေးပါ။ ရွှေရောင်ဖလားလေးနဲ့လာလို့ဓာတ်ပုံရိုက်လို့လည်းအရမ်းလှတယ်နော့်။ ကော့တေးတခွက် ၇၀၀၀ ကျပ်ပတ်လည်ရှိပါတယ်။

Piña Colada (Puerto Rico)

နာနတ်သီးဖျော်ရည်လို့အဓိပ္ပာယ်ရတဲ့ဒီကော့တေးဟာ white rum၊ နာနတ်သီးဖျော်ရည်၊ အုန်းရည်၊ ရေခဲခြစ်တို့နဲ့ဖျော်စပ်ရတာဖြစ်ပြီး ခွက်ပေါ်မှာနာနတ်သီးစိတ်လေးတခုနဲ့အလှဆင်ပေးလေ့ရှိတယ်။ ကမ်းခြေတွေမှာနေပူဆာလှုံရင်းသောက်လေ့ရှိတဲ့ beach drink တမျိုးဖြစ်ပါတယ်။ If you like Piña Coladas, and getting caught in the rain ဆိုတဲ့ ၁၉၈၀ခုနှစ်များဆီကနာမည်ကြီးသီချင်းတောင်ရှိပါသေးတယ်။

Irish Coffee (Ireland)

ဒါကတော့ဝီစကီရောထားတဲ့ကော်ဖီလေးပါ။ St. Patrick’s Day လိုနေ့မျိုးပြီးရင်သောက်ကြတဲ့အပန်းပြေ drink လို့လည်းပြောလို့ရပါတယ်။ ကော်ဖီ၊ သကြားညို၊ အိုင်းရရှ်ဝီစကီ (Jameson’s ကိုအသုံးများ) တို့ကိုရောစပ်ပြီး အပေါ်က whipped cream များများထည့်လိုက်တာနဲ့ Irish Coffee လေးတခွက်ရပါပြီ။

Negroni (Italy)

ချိုချိုမွှေးမွှေးကော့တေးခပ်ပြင်းပြင်းသောက်ချင်တယ်ဆိုရင်တော့ Negroni ကိုစဉ်းစားသင့်ပါတယ်။ အီတလီနိုင်ငံ ဖလောရင့်မြို့မှာ ၁၉၁၉ခုနှစ်ကစတင်ခဲ့တယ်လို့ပြောကြတယ်။ မြို့စားကြီး Camilio Negroni က bartender တယောက်ကိုသူ့စိတ်ကြိုက် ingredient တွေနဲ့ဖျော်စပ်ခိုင်းရာကနေဖြစ်လာတဲ့ကော့တေးမို့ Negroni လို့ခေါ်တာဖြစ်ပါတယ်။ ဂျင်၊ Campari၊ vermouth တို့ကိုသတ္တုဘူးထဲထည့် shake လုပ်ပြီးခွက်ထဲလိမ္မော်ခွံလေးနဲ့ရောထည့်ပြီးသုံးဆောင်ရတာပါ။

RedDot Brewhouse

အရင်ကဆရာစံလမ်းမှာပဲရှိတဲ့ Singapore franchise RedDot Brewhouse ဟာအခုဆိုရင် ကန်သာယာစင်တာမှာပါဖွင့်လှစ်ထားပါပြီ။ ဒီမှာတော့ ဘီယာအပြင် Daiquiri၊ Manhattan၊ Cosmopolitan တို့လိုဂန္ထ၀င်ကော့တေးတွေလည်းရှိတယ်။ ဒီ list ထဲမှာပါတဲ့ Sangria၊ Margarita စတဲ့ကော့တေးတွေကိုလည်းစုံစုံလင်လင်ရနိုင်ပါတယ်။

ဆိုင် ၁။          ။အမှတ် ၆၁၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
ဆိုင် ၂။          ။K-108၊ ပထမထပ်၊ ကန်သာယာစင်တာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

ပြီးတော့ Friend’s Fusion Sports Bar၊ White Cottage Restaurant and Nude Bar နဲ့ ထိုင်းစတိုင် တုန်ယမ်းနဲ့တုန်ခါကော့တေးတွေရနိုင်တဲ့ Royal Jasmine Authentic Thai Cuisine တို့ကိုညွှန်းပါတယ်။

Sake Bomb (Japan)

ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ကိုအမေရိကန်တပ်တွေဝင်သိမ်းထားစဉ်ကတီထွင်ခဲ့တဲ့ ဒီအတွဲအစပ်ကအူရိုင်းတွေအတွက်တော့ တခွက်သောက်ပြီးတာနဲ့ဥသြဆွဲသွားစေလောက်အောင်ပြင်းပါတယ်။ အအေးခံမထားတဲ့အမေရိကန်ဘီယာတမျိုးမျိုးကိုခွက်ထဲထည့်ပြီး အပေါ်ကတူနှစ်ချောင်းကို ကန့်လန့်ဖြတ်တင်ပါ။ ပြီးရင်အဲ့ဒီအပေါ်မှာဆာကေးထည့်ထားတဲ့အကြမ်းပန်းကန်လုံးကိုတင်ပါ။ သောက်ခါနီးကျရင် ichi…ni…san လို့အော်ပြီးစားပွဲကိုအားပြင်းပြင်းနဲ့ရိုက်လိုက်တဲ့အခါ တူပေါ်ကဆာကေးခွက်ကဘီယာခွက်ထဲပြုတ်ကျသွားပါလိမ့်မယ်။ ပြီးတာနဲ့တကျိုက်ထဲမော့သောက်ပါ။ ပြီးရင်တော့အိမ်သာထဲပြေးပြီးဆန်ပြုတ်ချက်ပါ။ 😀

Margarita (Mexico)

အမေရိကမှာလူကြိုက်အရမ်းများတဲ့ဒီကော့တေးအစပြုရာဒေသက မက္ကဆီကိုဖြစ်ပါတယ်။ တကီလာ၊ လိမ္မော်သီးအခြေခံတဲ့ Cointreau အရက်နဲ့ သံပုရာရည်ကိုရောစပ်ဖျော်တဲ့ဒီကော့တေးဟာ နှုတ်ခမ်းမှာ ဆားတင်ထားတဲ့ဖန်ခွက်ထဲထည့်ပြီးသောက်သုံးရပါတယ်။ အရက်ရဲ့အခါးဓာတ်ကိုသက်သာစေပြီး လိမ္မော်နဲ့သံပုရာရဲ့အချဉ်ဓာတ်ကိုပိုကောင်းအောင်လုပ်ပေးပါတယ်။

Pimm’s Cup (Britain)

၁၈၄၀ပြည့်နှစ်များဆီကလန်ဒန်မှာရှိတဲ့ပင်လယ်စာအရောင်းဆိုင်တဆိုင်ရဲ့ပိုင်ရှင် James Pimm ဟာအစာကြေလွယ်အောင်သောက်ဖို့ ဂျင်ကိုအခြေခံတဲ့ကော့တေးကိုစရောင်းခဲ့ပါတယ်။ အဲ့ဒီကော့တေးဟာအရမ်းလူကြိုက်များသွားပြီး Pimm’s No. 1 ဆိုတဲ့အမှတ်တံဆိပ်နဲ့ ယမကာထုတ်ရောင်းရတဲ့အထိအောင်မြင်ခဲ့တယ်။ Pimm’s အရက်ကို လိမ္မော်သီး၊ သံပုရာသီး၊ သခွားသီးတစိတ်စီထည့်ပြီး သံပုရာရည်နဲ့ပူစီနံတွေထည့်ပြီး tonic ဒါမှမဟုတ် ginger beer နဲ့ရောသောက်လေ့ရှိပါတယ်။

Ember

သိပ်မပြင်းဘဲ ဆာကေးကိုအခြေခံတဲ့ကော့တေးကိုလည်းမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ Essence of Thyme ကိုညွှန်းပါတယ်။ ဆာကေး၊ yuzu လို့ခေါ်တဲ့ချဉ်ပြုံးပြုံးအရသာရှိတဲ့အသီးနဲ့ စပ်ထားတဲ့ဂျင်၊ ကြက်ဥအကာအရည်ကြည် စတာတွေကို စမုံဖြူနဲ့ရောစပ်ပြီးဖျော်ထားတာမို့ အချဉ်အရသာနဲ့အအီပြေတယ်။ ဆူရှီနဲ့တွဲသောက်လို့ကောင်းပါတယ်။ Berry သီးတွေအစုံအလင်ကိုမက်မွန်အရက်နဲ့ဖျော်ထားတဲ့ Kajitsu Bellini ကတော့ ဖန်ခွက်ရှည်နဲ့ highball drink ပါ။ ပုံထဲမှာဖန်ခွက်ရှည်နဲ့လိမ္မော်ခွံတင်ထားတာ Bellini ဖြစ်ပါတယ်။

ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
09 777 178630
Opens at 12pm until late

Tipsy

Democracy နဲ့ Walk like an Egyptian ဆိုပြီးနာမည်ဆန်းဆန်းလေးတွေပေးထားတဲ့ ကော့တေးတွေကတော့နာမည်ကြီးတယ်။ တခွက်ကို ၈၅၀၀ကျပ်ကျသင့်ပါတယ်။ စတီးဘူးထဲထည့်ထားတဲ့ ဒီမိုကရေစီဟာတော်တော်ပြင်းပြီး အီဂျစ်သားတယောက်လိုလမ်းလျှောက်ပါကတော့ပျော့ပါတယ်။ သူ့ကို Botanist gin, Aperol တို့ကိုစည်ထဲ ၂ပတ်လောက်ရောထည့်ထားပြီးဖျော်စပ်ထားတာပါ။ ပြီးတော့ Sunkist အအေးနဲ့ Mint နည်းနည်းထည့်ထားတယ်။

138C တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
09 9719 88897
5pm – 1am

Dark ‘n’ Stormy (Bermuda)

သင်္ဘောသားတွေသောက်လေ့ရှိတဲ့ဒီကော့တေးဟာ Bermuda ကျွန်းနိုင်ငံမှာအစပြုခဲ့တာဖြစ်ပါတယ်။ တချိန်ကဗြိတိသျှရေတပ်သားတွေဟာသူတို့ရရှိတဲ့ရမ်အရက်ခွဲတမ်းကို တတ်နိုင်သလောက်ကြာကြာသောက်လို့ရအောင် ginger beer၊ သံပုရာရည်တို့နဲ့ရောစပ်သောက်ရင်း ဒီကော့တေးဖြစ်ပေါ်လာတာပါ။ ရမ်ကို ရွှေရောင်ရှိတဲ့ရမ်ပဲဖြစ်ဖြစ် အမွှေးအကြိုင်ခတ်ထားတဲ့ရမ်ဖြစ်ဖြစ် ကိုယ်ကြိုက်တာသုံးလို့ရပါတယ်။

Chile: Flaming Volcano

ဒီကော့တေးကတော့အိုးတအိုးထဲဖျော်စပ်ထည့်ထားပြီး လူအများကြီးပိုက်နဲ့စုဝေးသောက်ရတာပါ။ ရမ်၊ ဘရန်ဒီ၊ ရမ်အဖြူ၊ လိမ္မော်ရည်၊ သံပုရာရည်နဲ့ အယ်မွန်သီးနံ့ထည့်ထားတဲ့သကာရည်တွေကို ရေခဲတုံးတွေနဲ့ blender ထဲမွှေပါ။ ပြီးရင် volcano လို့ခေါ်တဲ့အိုးထဲထည့်ပြီးအလယ်ကမီးလေးမြှိုက်လိုက်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here