Advertisement

ကိုရီးယားလှိုင်းကတကမ္ဘာလုံးပျံ့နှံ့နေတယ်။ ကျနော်ကတော့ ကိုရီးယားဇာတ်လမ်းတွဲတွေထက် ကိုရီးယားရုပ်ရှင်တွေပိုကြည့်၊ ပိုကြိုက်ပါတယ်။

ကိုရီးယားရုပ်ရှင်ကားတွေမှာဆိုရင် ပရိသတ်အကြိုက်တွေ့စရာတခုမဟုတ်ခုရှိနေတတ်တယ်။ The Host တို့ Along with the Gods တို့လို blockbuster တွေဆို CGI တွေလှပသေသပ်တယ်။ Old Boy နဲ့ Silenced ဆိုလေးနက်တဲ့ဇာတ်လမ်းသွားနဲ့အတွေးတခုခုပေးနိုင်စွမ်းရှိတယ်။

အခုနောက်ဆုံးကြည့်ဖြစ်တဲ့ကိုရီးယားရုပ်ရှင်ကတော့ JCGV ရုံတွေမှာတင်နေပြီဖြစ်တဲ့ EXIT ပါ။ သူကတောင်ကိုရီးယားမှာ ဇူလိုင် ၃၁ကမှရုံတင်ခဲ့ပြီး box office မှာ တလလောက်စိုးမိုးထားနိုင်ခဲ့တယ်။ အင်္ဂလိပ်စာတန်းထိုးပါပြီး 2D ရုပ်ရှင်ပါ။

ဇာတ်လမ်းကတော့ အဓိကဇာတ်ကောင် Yong-Nam ဟာအသက် ၂၀ကျော်နေပေမယ့် အလုပ်လက်မဲ့တယောက်ဖြစ်ပြီး မိဘတွေနဲ့အတူနေထိုင်နေဆဲပါ။ သူဟာကျောင်းတုန်းကထူးချွန်တဲ့ တောင်တက်သမားတယောက်ဖြစ်ပြီး အခုထိလည်းလေ့ကျင့်ခန်းတွေပုံမှန်လုပ်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့်အလုပ်အကိုင်မရှိတဲ့သူ့ကိုအမျိုးတွေကသိပ်အထင်မကြီးကြသလို သူ့တူတောင်မောင်ဆိုစကားတောင် ကောင်းကောင်းမပြောပါဘူး။

Jo Jung‑suk as Yong-Nam.

Every dog has its day ဆိုတဲ့စကားအတိုင်းပဲ underdog Yong-Nam တယောက်လည်းတနေ့မှာ ကိုယ်စွမ်းကိုယ်စထုတ်ပြဖို့အခွင့်အရေးရလာပါတော့တယ်။ သူကျောင်းတုန်းက crush ခဲ့ရတဲ့ Eui-Ju ဆိုတဲ့ကောင်မလေးအလုပ်လုပ်နေတဲ့ convention hall မှာ Yong-Nam ဟာသူ့အမေရဲ့အသက် ၇၀ပြည့်မွေးနေ့ပွဲကိုစီစဉ်ပါတယ်။

အဲ့ဒီနေ့ညမှာပဲသိပ္ပံပညာရှင်တယောက်ဟာသူပူးတွဲတည်ထောင်ခဲ့တဲ့ကုမ္ပဏီကအထုတ်ခံရပြီး မူပိုင်ခွင့်တွေအကုန်ဆုံးရှုံးခဲ့ရတာကြောင့် စိတ်အချဉ်ပေါက်ပြီးအဆိပ်ဓာတ်ငွေ့တွေကို Seoul မြို့လယ်ကောင်မှာထုတ်လွှတ်လိုက်တယ်။ ဒီဓာတ်ငွေ့တွေဟာပျံ့နှံ့မှုအလွန်မြန်ပြီး လေထက်ပေါ့တာကြောင့် အထက်ကိုလည်းဆန်တက်နိုင်စွမ်းရှိတယ်။ ဓာတ်ငွေ့ကိုရှူမိ ထိတွေ့မိတာနဲ့ အရေပြားပေါ်မှာအနီကွက်တွေထပြီး ထိတွေ့မှုကြာရင်ချက်ချင်းအသက်ဆုံးရှုံးနိုင်ပါတယ်။

ဓာတ်ငွေ့တွေပျံ့နှံ့လာတာကိုပြေးရကောင်းမှန်းမသိဘဲ ဓာတ်ငွေ့တွေနဲ့နောက်ခံထားပြီး selfie အတူတူရိုက်နေကြတဲ့ဆယ်ကျော်သက်တွေကိုပြတဲ့ဇာတ်ကွက်ကိုမြင်တော့ “ဘေးအန္တရာယ်တခုခုဖြစ်နေရင် ဓာတ်ပုံမရိုက်ပါနဲ့ အရင်ပြေးပါ” ဆိုတဲ့ meme ကိုမြင်ယောင်ပြီးရယ်မိတယ်။ မြို့ထဲမှာရုန်းရင်းဆန်ခတ်တွေဖြစ်လာပြီး ယာဉ်တိုက်မှုကနေဂတ်စ်အိုးကြီးတလုံးလွင့်ထွက်လာပြီး Yong-Nam တို့မိသားစုရရှိနေတဲ့ convention hall ထဲရောက်လာပါလေရော။

Im Yoon‑ah as Eui-Ju.

အဲ့ဒါနဲ့သူတို့မိသားစုလည်းအခြေအနေကိုရိပ်စားမိပြီး အပြင်ထွက်နေဖို့ထက် တိုက်ခန်းထဲမှာနေတာကပိုအန္တရာယ်ကင်းလို့ convention hall ထဲမှာပဲတံခါးပိတ်နေလိုက်ကြတယ်။ Yong-Nam ရဲ့အစ်မတယောက်ဟာမတော်တဆဓာတ်ငွေ့အနည်းငယ်ကိုရှူမိသွားတော့ အရေးပေါ်ဆေးကုသမှုလိုအပ်လာတယ်။ သူတို့အနေနဲ့တိုက်ခေါင်မိုးပေါ်ကိုတက်ပြီး ရဟတ်ယာဉ်နဲ့လာတဲ့ကယ်ဆယ်ရေးတွေကိုစောင့်ဖို့ကလွဲပြီး တခြားရွေးချယ်စရာလမ်းမရှိတော့ဘူး။ ပြဿနာကတိုက်ခေါင်မိုးပေါ်သွားတဲ့တံခါးကသော့ခတ်ထားပြီး အဲ့ဒီသော့ကပျောက်နေတာပဲ။ ဒီတော့တံခါးကိုအပြင်ကဖွင့်မှရမယ့်အခြေအနေဖြစ်လာပါတယ်။ ဓာတ်ငွေ့တွေကလည်းတဖြည်းဖြည်းအပေါ်ဆန်လာတော့ တိုက်ခေါင်မိုးပေါ်တက်ပြီး တံခါးကိုအပြင်ကဖွင့်ဖို့အတွက် Yong-Nam ဟာသူ့ရဲ့တောင်တက်ပညာကိုထုတ်သုံးရပါတော့တယ်။

ကိုရီးယားဒါရိုက်တာတွေဟာ genre ၂မျိုး ၃မျိုးလောက်ရောစပ်တာမှာကျွမ်းကျင်တယ်။ ဥပမာ The Train to Busan ကသည်းထိတ်ရင်ဖိုဖုတ်ကောင်ဇာတ်လမ်းဆိုပေမယ့် တောင်ကိုရီးယားရဲ့မတူညီတဲ့အလွှာအသီးသီးက လူတွေရဲ့စိတ်နေစိတ်ထားတွေကိုပါပြနိုင်ခဲ့တယ်။ The Train to Busan မှာသည်းထိတ်ရင်ဖိုနဲ့ ဘ၀သရုပ်ဖော်ပေါင်းထားသလို၊ Exit မှာတော့စိတ်လှုပ်ရှားဖွယ် adventure တွေနဲ့ စိတ်ကြည်နူးဖွယ်ဟာသဇာတ်လမ်းကိုရောစပ်ထားပါတယ်။ Yong-Nam နဲ့ Eui-Ju တို့တိုက်တွေပေါ်တွယ်တက်ကြတာ၊ ခေါင်မိုးတခုကနေတခုခုန်ကူးကြတာတွေကိုရင်တမမနဲ့ကြည့်နေရမယ်။ ပြက်လုံးလေးတွေလည်းမကြာမကြာထည့်ပြထားတာမို့ စိတ်အပန်းပြေရပါလိမ့်မယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here