၆ကြိမ်မြောက်မြန်မာ့စားသောက်ကုန်ပြပွဲနှင့် ၄ကြိမ်မြောက်မြန်မာ့လက်လီလုပ်ငန်းပြပွဲကို သြဂုတ်လ ၁၅ရက်နေ့မှ ၁၇ရက်နေ့အထိ တပ်မတော်ခန်းမမှာကျင်းပလျက်ရှိပါတယ်။
ပြပွဲမှာအစားအသောက်နဲ့အဖျော်ယမကာလုပ်ငန်းများအတွက် ကုန်ကြမ်း၊ ကုန်ချောတွေအပြင် အလှဆင်ပစ္စည်း၊ လက်လီလုပ်ငန်းများအတွက်နည်းပညာနဲ့ကုန်ပစ္စည်းများကိုလည်းပြသသွားမှာဖြစ်ပါတယ်။ ဒီပွဲကိုထိုင်းနိုင်ငံမှာကုန်စည်ပြပွဲများစီစဉ်ကျင်းပတဲ့ Index Creative Village ရဲ့ကုမ္ပဏီခွဲ ICVeX နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (MRA) နဲ့ မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း (MMRA) တို့ကပူးပေါင်းစီစဉ်တာပါ။

ICVeX ရဲ့အထွေအထွေမန်နေဂျာ Mr. Chinakit Viphavakit က “ဒီနှစ်ပြပွဲကို လူဦးရေ ၅၀၀၀ကျော်လောက် လာရောက်လေ့လာမယ်လို့ခန့်မှန်းထားပါတယ်။ မနှစ်ကနဲ့ယှဉ်ရင် ၁၂ရာခိုင်နှုန်းလောက်ပိုများလာမယ့် အနေအထားပါ။ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့နည်းပညာသစ်တွေ၊ ထောက်ပံ့ပစ္စည်းသစ်တွေကို ရှာဖွေနိုင်မှာဖြစ်ပြီး သာမန်ပြည်သူတွေလည်းသူတို့စိတ်ကြိုက်ထုတ်ကုန်ပစ္စည်းတွေကို စုံစုံလင်လင်ဝယ်ယူနိုင်မှာမို့ အကျိုးကျေးဇူးတွေအများကြီးပေးနိုင်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်” လို့ပြောပါတယ်။
ပြပွဲ ၃ရက်တာအတွင်း ထိုင်း၊ မလေးရှား၊ ဟောင်ကောင်၊ ကိုရီးယား၊ စင်ကာပူနဲ့ ဆော်ဒီအာရေဗျတို့မှ ခင်းကျင်းပြသသူ ၆၀ကျော်တို့က အစားအသောက်၊ အဖျော်ယမကာနှင့် လက်လီလုပ်ငန်းဆိုင်ရာ နည်းပညာများကိုပြသသွားမှာပါ။

MRA ဥက္ကဌ ဦးနေလင်းကလည်း “အရင်တုန်းကစားသောက်ဆိုင်ပိုင်ရှင်တွေ လုပ်ငန်းစတော့မယ်ဆိုရင် နိုင်ငံခြားကပစ္စည်းတွေသွားရှာရတယ်။ အခုတခြားနိုင်ငံက supplier တွေကဒီပွဲမှာလာရောက်ပြသတယ် ဆိုတော့ နည်းပညာအသစ်တွေလည်း လေ့လာမေးမြန်းလို့ရလာပါပြီ။ MRA အနေနဲ့လည်း မြန်မာနိုင်ငံကနာမည်ကြီးစားသောက်ဆိုင်ပိုင်ရှင်တွေရဲ့အတွေ့အကြုံမျှဝေပေးမယ့်ဆွေးနွေးပွဲကို စီစဉ်သွားဖို့ရှိပါတယ်” လို့ပြောခဲ့ပါတယ်။
ဒီပြပွဲမှာ MRA ရဲ့ Waste Management in Restaurant Business ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲအပြင် မြန်မာ့ရိုးရာအစားအသောက်ပြင်ဆင်ခြင်းဆိုင်ရာပြိုင်ပွဲလည်းပါဝင်သွားမှာပါ။ ဒါ့အပြင် MMRA ကလည်း How Franchise Business Works ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲ၊ business matching လုပ်တဲ့ပွဲတို့ကိုလည်း စီစဉ်ကျင်းပမှာဖြစ်ကြောင်းသိရပါတယ်။

Kasikornbank ရဲ့လေ့လာဆန်းစစ်ချက်တွေအရ မြန်မာနိုင်ငံရဲ့လူလတ်တန်းစားဦးရေဟာ ၂၀၁၀ခုနှစ်မှာ ၂ ဒသမ ၅သန်းသာရှိပေမယ့် ၂၀၃၀မှာ ၁၉သန်းအထိတိုးလာနိုင်တယ်လို့သိရတယ်။ မြန်မာနိုင်ငံရဲ့စားသုံးသူ အသုံးစရိတ်ဟာလည်း ၃ဆခန့်မြင့်တက်လာပြီး ၂၀၃၀ခုနှစ်မှာ ကန်ဒေါ်လာ ၁၀၀ဘီလျံအထိဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။