Advertisement

Pixar ဟာ ၁၉၈၀ ၀န်းကျင်ကတည်းက animated ရုပ်ရှင်ကားတိုလေးတွေရိုက်ကူးပြီး သူတို့ရဲ့ရုပ်ရှင်ကားတွေမပြခင်မှာပြလေ့ရှိပါတယ်။ Feature film တွေနဲ့ဆက်စပ်ပြီးရိုက်ကူးတဲ့ short film တွေရှိသလို standalone short film တွေလည်းရှိပါတယ်။ ဒီအထဲမှာ Bao ကတော့ပရိသတ်တွေတော်တော် အကြိုက်တွေ့ခဲ့ကြတဲ့အပြင် အကောင်းဆုံး animated short story အော်စကာဆုပါရခဲ့တယ်။ ဒီဆောင်းပါးမှာ Pixar ရဲ့ standalone short film ကား ၂၀ ထဲက ၁၀ကားအကြောင်းပြောပြထားပါတယ်။ Facebook ပေါ်မှာလည်း ဇာတ်ကားနာမည်နဲ့ အနောက်ကေ pixar လို့ရိုက်ထည့်ပြီး ရှာကြည့်လို့ရပါတယ် (ဥပမာ – bao pixar)။ Copyright ငြိမှာစိုးတဲ့အတွက်ဇာတ်ကားတွေမတင်ပေးနိုင်တာကိုတော့သည်းခံပါနော့်။

Bao (2018)

Incredibles 2 မလာခင်ပြသသွားတဲ့ Bao ဟာမိဘမေတ္တာအကြောင်းဖြစ်ပြီး ပရိသတ်တွေသဘောအကျဆုံး Pixar short တခုလို့ပြောလို့ရပါတယ်။ ဒီအထဲမှာ အသက်ဝင်လာတဲ့ပေါက်စီလေးတလုံးကို သားတယောက်လိုကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ကောင်လေးတယောက်အကြောင်းပြောပြထားတယ်။ တရုတ်လူမျိုးမိဘတွေရဲ့သားသမီးကိုရင်အုပ်မကွာစောင့်ရှောက်ထိန်းသိမ်းလိုတဲ့ဆန္ဒကိုလည်း ပါးပါးလေးပြသွားပါသေးတယ်။ ဒါဟာအမျိုးသမီးရိုက်ကူးတဲ့ ပထမဆုံး Pixar short လည်းဖြစ်ပါတယ်။ 

Lou (2017)

Cars 3 နဲ့အတူတွဲပြတဲ့ Lou ဟာမေ့ကျန်ပစ္စည်းတွေစုထည့်ထားတဲ့သေတ္တာထဲကပစ္စည်းလေးတွေ အသက်ဝင်လာပြီး ကျောင်းသားဆိုးလေးတယောက်ကိုဘ၀သင်ခန်းစာပေးတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ မြှုပ်ကွက်လေးတွေနဲ့ရိုက်သွားတဲ့အတွက်ကြည့်ပျော်တဲ့ဇာတ်လမ်းလေးပါ။

Piper (2016)

ကျနော်အကြိုက်ဆုံး Pixar short ဖြစ်ပါတယ်။ ဒီကားတိုလေးကို Finding Dory ရုပ်ရှင်ရဲ့အရှေ့မှာပြသွားတာဖြစ်ပြီး ငှက်ပေါက်လေးတကောင်ကသူ့ရဲ့ရေကြောက်တတ်တဲ့စိတ်ကို သူ့မိတ်ဆွေဂဏန်းလေးရဲ့အကူအညီနဲ့ဖြေဖျောက်တဲ့ဇာတ်လမ်းပါ။ အလွန်အနုစိတ်တဲ့ animation လက်ရာကိုမြင်နိုင်ပြီး ကြောက်စိတ်နဲ့စိတ်ပိုင်းဆိုင်ရာကန့်သတ်ချက်တွေကိုဖြတ်ကျော်ရမယ်ဆိုတဲ့ Pixar ရုပ်ရှင်တွေရဲ့အာဘော်ကို မိနစ်ပိုင်းလေးအတွင်းပြသွားနိုင်ပါတယ်။ Best Animated Short Film အော်စကာဆုလည်းရသွားခဲ့တယ်။

Sanjay’s Super Team (2015)

ဇာတ်လမ်းရဲ့အစမှာ superhero တွေကိုအရမ်းအားကျတဲ့ Sanjay နဲ့ သူ့ရဲ့ဘာသာရေးကိုင်းရှိုင်းတဲ့ ဟိန္ဒူဘာသာဝင်ဖခင်တို့အမြင်မတူကြတာကိုအရင်ပြတယ်။ နောက်ပိုင်းမှာတော့ Sanjay ဟာသူအထင်ကြီးတဲ့ superhero တွေနဲ့ သူ့ဖခင်ကိုးကွယ်တဲ့နတ်ဘုရားတွေကြားကတူညီမှုကိုနားလည်သွားပြီးနောက် ဖခင်ဖြစ်သူနဲ့ဆက်ဆံရေးအဆင်ပြေသွားတဲ့အကြောင်းပြထားပါတယ်။ ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် သူတို့လေးစားအားကျရတဲ့ idol တွေရှိကြောင်း၊ တယောက်နဲ့တယောက်အပြန်အလှန်နားလည်မှုရှိမှ လူငယ်နဲ့လူကြီးကြားအသိပညာကွာဟချက်တွေပျောက်ကွယ်သွားမှာဖြစ်ကြောင်းစကားတလုံးမှမပါဘဲပြနိုင်တဲ့အတွက်သဘောကျတယ်။ သူနဲ့တွဲပြတဲ့ The Good Dinosaur ကတော့သိပ်မအောင်မြင်ခဲ့ပါဘူး။

Lava (2014)

မီးတောင် ၂ခုရဲ့ချစ်ခြင်းကိုသီချင်းလေးတပုဒ်နဲ့ music video ဆန်ဆန်ပြသွားတဲ့ဒီ short film လေးကတော့ Pixar ရဲ့တခြားဖန်တီးမှုတွေနဲ့မတူ ကွဲထွက်နေတယ်။ သီချင်းစာသားထဲမှာ Lava ဆိုတဲ့စကားလုံးကိုလည်း pun (သံတူအဓိပ္ပာယ်ကွဲစကားလုံး) အဖြစ်ဖော်ဖော်သီသီသုံးသွားပါသေးတယ်။ သူ့ကိုလူသိနည်းပေမယ့် သူနဲ့အတူတွဲပြခဲ့တဲ့ Inside Out ကတော့ဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။

The Blue Umbrella (2013)

Monster University နဲ့တွဲပြတဲ့ဒီ short လေးမှာအနက်ရောင်ထီးတွေကြားထဲ ထီးပြာနဲ့ထီးနီလေးရွေ့နေတာကို ကြည့်ရတာကမျက်စိပသာဒဖြစ်တယ်။ ဇာတ်လမ်းကတော့သိပ်ထူးထူးခြားခြားမရှိပါဘူး။

La Luna (2011)

အဘိုး၊ အဖေနဲ့ သားဖြစ်သူတို့ ၃ယောက်သားလပေါ်မှာတင်နေတဲ့ကြယ်သေတွေကိုသန့်ရှင်းရေးလုပ်တဲ့ အကြောင်းရိုက်ပြထားတဲ့ ဒီဇာတ်လမ်းတိုလေးဟာ Pixar ရဲ့သူမတူတဲ့တီထွင်ဖန်တီးမှုစွမ်းရည်ရဲ့ ပြယုဂ်တခုလို့ဆိုနိုင်တယ်။ လှပတဲ့ရုပ်ပုံတွေနဲ့ငြိမ့်ညောင်းတဲ့နောက်ခံတေးသွားက ဇာတ်လမ်းကိုပိုအရသာရှိစေပါတယ်။ သူနဲ့တွဲပြတဲ့ Brave ကလည်းပရိသတ်အားပေးမှုရခဲ့ပါတယ်။

Day and Night (2010)

2D နဲ့ 3D ပေါင်းစပ်ထားတဲ့ဒီဇာတ်ကားတိုလေးဟာ Pixar ကပန်းချီဆရာတွေရဲ့ပန်းချီစွမ်းရည်ကိုပီပီပြင်ပြင် တွေ့နိုင်တဲ့လက်ရာတခုဖြစ်တယ်။ နေ့နဲ့ညကိုသက်ရှိလူတွေအဖြစ်ပုံဖော်ထားပြီး သူတို့ရဲ့ဝိသေသလက္ခဏာတွေကိုပါတပြိုင်တည်းပြထားတာကထူးခြားတဲ့စိတ်ကူးပါ။ သူတို့အငြင်းပွားကြပြီး နောက်ဆုံးဘယ်လိုဇာတ်လမ်းပြီးသွားသလဲဆိုတာကိုတော့ ကိုယ့်ဘာသာကိုယ်ပဲကြည့်လိုက်ပါတော့နော်။ သူကတော့ Toy Story 3 နဲ့အတူပွဲထွက်ခဲ့တာပါ။

Partly Cloudy (2009)

ငှက်ကျားလေးတွေဟာမွေးကင်းစကလေးလေးတွေကို ခိုလှုံရာအိမ်ရှာပေးတယ်ဆိုတဲ့ ဥရောပဒဏ္ဍာရီကိုအခြေခံထားတဲ့ဒီဇာတ်ကားတိုလေးဟာဘယ်လောက်ပဲအကြည့်ရဆိုးတဲ့သတ္တ၀ါတွေဖြစ်နေပါစေ၊ ခိုလှုံရာမိသားစုတခုရှိသင့်တယ်ဆိုတဲ့အကြောင်းပြောပြထားတယ်။ ၁၉ရာစုမှာ Hans Christian Andersen ကလည်း The Storks ဆိုတဲ့ပုံပြင်လေးရေးခဲ့ဖူးပါတယ်။ Partly Cloudy နဲ့တွဲပြတဲ့ Up ကလည်းပရိသတ်ကို မျက်ရည်ကျအောင်ကိုဆွဲဆောင်နိုင်စွမ်းရှိခဲ့ပါတယ်။

Presto (2008)

WALL-E မလာခင်ပြတဲ့ဒီဇာတ်ကားတိုလေးကတော့ Pixar short တွေထဲမှာအရယ်ရဆုံးပါပဲ။ မျက်လှည့်ဆရာတယောက်နဲ့သူ့ယုန်လေးတို့ကြားကအလွဲလေးတွေကိုပြထားတယ်။ ဇာတ်လမ်းရယ်လို့မရှိဘဲဟာသသက်သက်အဖြစ်သာရိုက်ထားတာမို့ ကိုယ့်ဘာသာပဲကြည့်လိုက်ပါတော့နော်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here