Advertisement

အနက်ရောင်တီရှပ်၊ လက်မောင်းအပြည့်ထိုးထားတဲ့တက်တူးတွေနဲ့ R ဇာနည်ဟာ စကားပြောနူးညံ့ပြီး တည်ငြိမ်အေးဆေးတဲ့သူဖြစ်ပါတယ်။ တာမွေမြို့နယ်မှာမွေးဖွားကြီးပြင်းခဲ့ပြီး ဆယ်စုနှစ်များစွာကြာအောင် အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်တဲ့ရော့ခ်အဆိုကျော်တယောက်ဖြစ်ပါတယ်။ အနောက်တိုင်းယဉ်ကျေးမှုနဲ့ မြန်မာနိုင်ငံစတင်ထိတွေ့စဉ်ကတည်းက Rock and Roll ဂီတမှာပါဝင်ခဲ့သူဖြစ်ပြီး ယနေ့အချိန်ထိ အရွယ် ၃ပါးသောပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေဆဲပါ။

R ဇာနည်ဟာဖော်ရွေတယ်၊ စကားပြောနူးညံ့ပြီး ဓာတ်ပုံဆရာတောင်းဆိုသမျှကိုယ်နေဟန်အတိုင်းရအောင် မငြီးမငြူကြိုးစားပေးပါတယ်။ သူနဲ့အတူဇနီးသည် ”၀မ်း” လည်းကျွန်တော်တို့ရိုက်ကွင်းမှာရှိပါတယ်။ ၀မ်းဟာတချိန်ကမော်ဒယ်တစ်ယောက်ဖြစ်ပေမယ့် အခုအချိန်မှာတော့ မော်ဒယ်လောကကအနားယူထားပြီး The Lace အမည်ရတဲ့အထည်ဆိုင်ဖွင့်ထားပါတယ်။ အင်တာဗျူးမေးခွန်းတွေဖြေရာမှာလည်း တချို့အသေးစိတ်အကြောင်းအရာတွေနဲ့ပတ်သက်ပြီး R ဇာနည်ကိုကူညီပေးတာကိုကြည့်ခြင်းဖြင့် သူတို့နှစ်ယောက်ရဲ့လေးနက်ခိုင်မာတဲ့ဆက်ဆံရေးကိုသတိထားမိပါတယ်။

R ဇာနည်ဟာဝါသနာအရသီချင်းတွေဆိုရင်း အောင်မြင်မှုဆက်တိုက်ရလာတာကြောင့် ဂီတပညာနဲ့ပဲအသက်မွေးဖို့ဆုံးဖြတ်လိုက်တာပါ။ သူသီချင်းစဆိုတုန်းက Bon Jovi, Metallica, Guns N Roses တို့ရဲ့သီချင်းတွေကိုဝါသနာအရပြန်ဆိုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကမြန်မာနိုင်ငံဟာ ကမ္ဘာကြီးနဲ့အဆက်အသွယ်သိပ်မရှိသေးတာကြောင့် မြန်မာနိုင်ငံသားတွေဟာ သူ့ရဲ့ပြန်ဆိုတေးတွေကတဆင့် ပြည်ပဂီတရေစီးနဲ့ရင်းနှီးခွင့်ရခဲ့တယ်။

ဂီတနဲ့အသက်မမွေးခင်မှာ R ဇာနည်ဟာသင်္ဘောသားအဖြစ်အလုပ်လုပ်ဖို့ကြိုးစားခဲ့ဖူးပါတယ်။ အစစအရာရာအဆင်သင့်ဖြစ်နေပေမယ့် စိတ်ပြောင်းသွားပြီးသင်္ဘောသားအလုပ်ကိုစွန့်လွှတ်လိုက်တယ်။ မြန်မာနိုင်ငံအတွက်သင်္ဘောသားတစ်ယောက်ဆုံးရှုံးသွားပေမယ့် အဆိုကျော်တစ်ယောက် အစားပြန်ရလိုက်ခြင်းပါပဲ။

R ဇာနည်ဟာအင်္ဂလိပ်နဲ့တရုတ်သီချင်းတွေကိုလည်းမြန်မာစာသားနဲ့ပြန်ဆိုခဲ့ဖူးသလို ကိုယ်ပိုင်သီချင်းတွေလည်း အများအပြားရေးစပ်သီဆိုခဲ့သူပါ။ သူ့အနေနဲ့သီချင်းအပုဒ်ရေထောင်နှင့်ချီအောင်ဆိုခဲ့ဖူးပြီး သူ့သူငယ်ချင်းတေးရေးဆရာတွေ၊ သူ့တီးဝိုင်းနဲ့အတူဖျော်ဖြေခဲ့တဲ့အတွေ့အကြုံတွေကနေ သီချင်းစပ်ဖို့ စိတ်ကူးတွေအများကြီးရတယ်လို့ဆိုတယ်။ ဖျော်ဖြေပွဲတစ်ခုပြီးတာနဲ့ အနည်းဆုံးသီချင်း ၂ပုဒ် ၃ပုဒ်စာ စိတ်ကူးရတယ်လို့သူကပြောတယ်။ ဒါကြောင့်ပုံစံစုံလင်လှတဲ့သီချင်းအပုဒ်ရေအများကြီးရေးနိုင်စွမ်းရှိတာပါ။

သူ့အတွက်အမှတ်တရအဖြစ်ဆုံးဖျော်ဖြေပွဲတွေအကြောင်းမေးတော့ ၂၀၁၁ခုနှစ်ဝန်းကျင်ကပွဲတွေကို ရည်ညွှန်းပြောတာကိုကြည့်ခြင်းဖြင့် အဲ့ဒီကာလတ၀ိုက်ဟာသူ့အတွက်အောင်မြင်မှုအထွဋ်အထိပ်ရောက်ခဲ့တဲ့ ကာလတွေလို့ပြောရမယ်။ ရန်ကုန်ကသုဝဏ္ဏအားကစားရုံမှာတကိုယ်တော်ဖျော်ဖြေပွဲကျင်းပတော့ ပရိသတ်တွေနဲ့ပွဲခင်းတစ်ခင်းလုံးပြည့်သွားခဲ့တယ်။ သူ့ပရိသတ်တွေထဲမှာယောက်ျားလေးတွေသာမကဘဲ ကလေးတွေကနေ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတွေအထိပါဝင်ပါတယ်။ သူ့ဖျော်ဖြေပွဲတိုင်းမှာ သူ့ရဲ့ပီသပြောင်မြောက်တဲ့အသံကပရိသတ်တိုင်းကိုဖမ်းစားနိုင်ခဲ့ပြီး တခေတ်တယောက်ဆိုသလို အောင်မြင်မှုမျိုးရခဲ့တယ်။ အခုအချိန်အထိကီးအမြင့်တွေဆိုနိုင်သေးတာကြောင့် သူ့အသက်အရွယ်နဲ့ဆို အထင်ကြီးလောက်စရာစွမ်းဆောင်ရည်တစ်ခုပါ။

မြန်မာနိုင်ငံရဲ့ rock and roll ရေစီးကြောင်းနဲ့ပတ်သက်ပြီးသူ့အမြင်ကိုမေးကြည့်တဲ့အခါအခုလို တွေးတွေးဆဆဖြေပါတယ်။ “အခုအချိန်မှာတော့ ပရိသတ်တွေရဲ့အတွေးထဲနေရာယူထားတာအများကြီးပဲဗျ။ အရင်မျိုးဆက်တွေကော အခုမျိုးဆက်သစ်တွေပါကြိုးစားရုန်းကန်နေကြရတယ်။ အရင်ကလောက်ပျံ့နှံ့မှုအားကောင်းဖို့တော်တော်ခက်လာပြီ။ ပရိသတ်တွေမှာလည်း အခက်အခဲတွေနဲ့ကိုး။”

သူ့သီချင်းဆိုသက်ကာလတလျှောက်မှာတန်ဖိုးအထားဆုံးအရာတွေကိုမေးကြည့်တော့ အခုအချိန်ထိအားပေးနေဆဲဖြစ်တဲ့ပရိသတ်တွေလို့ဆိုပါတယ်။ အခုအသက်အရွယ်အထိလူငယ်တစ်ယောက်လို နုပျိုနေဆဲအသွင်အပြင်နဲ့ပိုင်နိုင်တဲ့အဆိုပညာကြောင့် အမာခံပရိသတ်တွေရနေဆဲပါ။

အနာဂတ်အစီအစဉ်တွေအကြောင်းမေးကြည့်တော့ ဖျော်ဖြေပွဲတွေပိုဆိုမယ်၊ သီချင်းတွေပိုဖန်တီးပြီး အနုပညာသည်တစ်ယောက်အနေနဲ့အစဉ်အမြဲတိုးတက်မှုရှိနေအောင်ကြိုးစားသွားမယ်လို့ဆိုပါတယ်။ သီချင်းအများကြီးဆိုနိုင် ထုတ်လုပ်နိုင်တဲ့စွမ်းရည်ဟာသူ့အောင်မြင်မှုရဲ့သော့ချက်လို့သူကပြောပါတယ်။ သူ့သီချင်းတွေထဲမှာ တစ်ပုဒ်မဟုတ်တစ်ပုဒ်ကတော့ ပရိသတ်တွေရဲ့ခံစားချက်နဲ့တိုက်ဆိုင်နေတတ်တယ်။ အထူးသဖြင့်လူတိုင်းမရိုးနိုင်တဲ့အချစ်သီချင်းတွေဟာပရိသတ်တွေအမြဲလိုလိုအကြိုက်တွေ့တတ်ပါတယ်။

မိသားစုဘ၀ကိုလည်းတန်ဖိုးထားသူဖြစ်ပြီး သားနှစ်ယောက်နဲ့ပတ်သက်တဲ့သူ့မျှော်လင့်ချက်တွေကိုလည်း ပြောသွားပါသေးတယ်။ သူတို့သာအဆိုတော်ဖြစ်ချင်ရင်သူ့အနေနဲ့ တတ်နိုင်သလောက်ကူညီမယ်လို့ပြောတယ်။ သူ့လေသံကိုနားထောင်ကြည့်တာနဲ့သားတွေကိုလည်း သူ့လိုဂီတသမားတွေဖြစ်စေချင်ပုံရပါတယ်။ မျိုးဆက်သစ်ဂီတသမားတွေကိုဘယ်လိုအကြံဥာဏ်မျိုးပေးချင်လဲလို့မေးကြည့်တဲ့အခါမှာတော့ အခုလိုချင့်ချင့်ချိန်ချိန်ပြောပါတယ်။

“အရမ်းမလောစေချင်ဘူးဗျ။ စာသင်ရမယ့်အချိန်မှာစာသင်ရမယ်။ မိုက်ရူးရဲဆန်ပြီးပညာရေးကို မစွန့်လွှတ်စေချင်ဘူး။ ဒါမြန်မာနိုင်ငံလေ၊ တခြားနိုင်ငံတွေလိုမဟုတ်ဘူး။ ကိုယ်စီစဉ်ထားတာတစ်ခုမအောင်မြင်ဘူးဆိုရင် ဒုတိယအစီအစဉ်တစ်ခုရှိနေသင့်တယ်။”

ရော့ခ်စတားတစ်ယောက်ရဲ့ရင့်ကျက်တဲ့ဘ၀အတွေ့အကြုံတွေကလာတဲ့အကြံပေးစကားပါ။

R ဇာနည်ဟာမေးခွန်းတွေကိုပြန်ဖြေရာမှာသတိထားတာကိုတွေ့ရတယ်။ ဘယ်အရာကိုအကြောက်ဆုံးလဲလို့ မေးတော့ ဘာမှမကြောက်ဘူးလို့ဖြေတယ်။ ဘယ်တီးဝိုင်းနဲ့အတူတွဲဖျော်ဖြေချင်လဲလို့မေးတော့ ဘယ်တီးဝိုင်းနဲ့မဆိုအဆင်ပြေပါတယ်လို့ဖြေပါတယ်။ ဘ၀အတက်အကျများစွာကိုဖြတ်သန်းလာခဲ့သူတစ်ဦးပီပီ သူ့တကိုယ်ရည်လွတ်လပ်ခွင့်ကိုကာကွယ်ဖို့အခုလိုသတိကြီးကြီးထားပြီးအင်တာဗျူးမေးခွန်းတွေကိုတုံ့ပြန်တာလို့ ယူဆရပါတယ်။

ဂီတအလုပ်တွေအပြင် လူကုန်ကူးမှုကိုဟန့်တားဖို့နဲ့ လူကုန်ကူးခံရသူတွေကိုကာကွယ်ဖို့ကျင်းပတဲ့ဖျော်ဖြေပွဲ Enslaved (MTV EXIT) ကိုလည်းဦးဆောင်ခဲ့ဖူးတယ်။ လူကုန်ကူးခံရသူတွေရဲ့ဇာတ်လမ်းကို သူ့ပရိသတ်တွေနဲ့ဝေမျှရင်း ဒီအန္တရာယ်ကနေဘယ်လိုကာကွယ်ရမလဲဆိုတာအသိပညာတွေပေးခဲ့ပါတယ်။ ဒါဟာသူ့ထမင်းရှင်ပရိသတ်တွေကိုကျေးဇူးပြန်ဆပ်ခြင်းပါပဲ။

သူ့သီချင်းတွေကိုအခုမှနားထောင်မယ့်သူတွေအနေနဲ့ဘယ်အယ်ဘမ်ကိုအရင်နားထောင်သင့်သလဲလို့မေးတော့ သူ့ရဲ့အခွေသစ် “ကမ္ဘာသား”ကိုနားထောင်ပါလို့ သူ့အမျိုးသမီးကအပြုံးနဲ့ဝင်ဖြေတယ်။

တချိန်ကသင်္ဘောသားတစ်ယောက်အနေနဲ့ရပ်တည်မယ်လို့စိတ်ကူးခဲ့ဖူးတဲ့ရော့ခ်ကြယ်ပွင့်ဟာ လင်းလက်တောက်ပနေဆဲပါ။ ကမ္ဘာသားကိုအွန်လိုင်းကနေတဆင့်နားထောင်နိုင်သလို သီချင်းခွေဆိုင်တွေမှာလည်း ၀ယ်ယူအားပေးနိုင်ပါပြီ။

Tom Sanders ၏ R Zarni: History of a rockster ဆောင်းပါးအားဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here