ဆူးလေဘုရားနားက Tourist Burma Building ကို Turquoise Mountain ကုမ္ပဏီကပြုပြင်ထိန်းသိမ်းမှုတွေလုပ်နေပါတယ်။ ပြည်သူနဲ့နှစ်ပေါင်းများစွာကင်းကွာနေခဲ့တဲ့ ဒီအဆောက်အအုံကြီးဟာ အရင်လမှာပဲ Building Bridge Yangon ဆိုတဲ့ခေတ်ပြိုင်အနုပညာပြပွဲကနေတဆင့် ပြည်သူနဲ့ပြန်လည်တွေ့ခွင့်ရခဲ့ပါပြီ။ Issy D’Arcy Clarkရဲ့ Rebuilding for the Future ထဲမှ Tourist Burma Building ပြုပြင်ရေးအကြောင်း မြန်မာလိုဘာသာပြန်ဆိုဖော်ပြလိုက်ပါတယ်။
၂၀၀၆ခုနှစ်မှစတင်တည်ထောင်ခဲ့တဲ့ Turquoise Mountain ဟာ အာဖဂန်နစ္စတန်က Institute of Afghan Arts and Architecture တို့လိုပျက်စီးနေတဲ့အဆောက်အအုံ တွေကိုပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ဆောင်နေပါတယ်။
မြန်မာနိုင်ငံဆီချဲ့ထွင်လာပြီးနောက်ပထမဆုံးအတွေ့အကြုံအဖြစ်ကုန်သည်လမ်းပေါ်မှာ ၂၀၁၅ခုနှစ်ကနေစတင်တဲ့ ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းတစ်ခုကိုလုပ်ဆောင်ခဲ့ပါတယ်။ အဆောက်အအုံမှာနေထိုင်သူတွေရှိနေတာမို့ သူတို့ပြောင်းရွှေ့စရာမလိုဘဲ အဆောက်အအုံကိုပြင်ဆင်တဲ့နည်းကိုသုံးခဲ့ပါတယ်။ ခေါင်မိုးလဲတဲ့အချိန်မှာတောင် နေထိုင်သူတွေပြောင်းရွှေ့စရာမလိုခဲ့ပါဘူး။

အဲ့ဒီစီမံကိန်းအောင်မြင်စွာပြီးဆုံးသွားတော့ Turquoise Mountain ဟာရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ငွေကြေးထောက်ပံ့မှုနဲ့ ဗမာ့ခရီးသွားလုပ်ငန်းအဆောက်အအုံ (Tourist Burma Building) ကိုထိန်းသိမ်းရေးလုပ်ဖို့တာဝန်ပေးခံရပါတယ်။ အဆောက်အအုံဟာ ဆူးလေဘုရားအနီးမှာရှိပြီးမြို့လယ်ကောင်နဲ့လည်းနီးတဲ့အတွက်ဦးစားပေးပြင်ဆင်ရမယ့်အဆောက်အအုံ တစ်ခုလည်းဖြစ်ပါတယ်။ ဒီအဆောက်အအုံကို ၁၉၀၅ခုနှစ်မှာတည်ဆောက်ခဲ့ပြီး မူလက Fytche Square Building လို့ခေါ်ပါတယ်။ The Burmese Favourite (ဗမာ့အဆွေ) Company ကပိုင်ဆိုင်ပြီးမြန်မာနိုင်ငံမှာ ပထမဦးဆုံးသော နိုင်ငံသားပိုင်ကုန်တိုက်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ ၁၉၄၇မှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လွှဲပြောင်းယူခဲ့ပြီးနောက် Tourist Burma Building ဆိုပြီးဖြစ်လာတာပါ။ ၂၀၀၅ခုနှစ်ကတည်းကလူနေထိုင်အသုံးပြုခြင်းမရှိတော့ဘဲ ၂၀၁၇ခုနှစ် နိုဝင်ဘာလကျမှ Turquoise Mountain အဖွဲ့ဟာပြုပြင်ထိန်းသိမ်းရေးတွေ စတင်လုပ်ဆောင်ခဲ့တယ်။ ၂၀၁၉နှစ်လယ်ပိုင်းလောက်မှာပြီးစီးမယ်လို့သိရပါတယ်။
Tourist Burma Building နဲ့ပတ်သက်ပြီးအဓိကအစီအစဉ်တစ်ခုကတော့ ပြည်သူတွေကိုလေ့လာခွင့်ပေးဖို့ပါ။ မြေညီထပ်မှာရှိတဲ့ခန်းမကို ပြပွဲခန်းမအဖြစ်ပြုပြင်ပြောင်းလဲမှာဖြစ်ပြီး တခြားသောခန်းမတွေမှာတော့ အစားအသောက်အရောင်းဆိုင်တွေကိုနေရာချထားမှာပါ။ အလယ်ကနှစ်လွှာနဲ့ခေါင်မိုးမှာရုံးခန်းတွေဖွင့်လှစ်မှာဖြစ်တယ်လို့သိရပြီး အများပြည်သူအပန်းဖြေနိုင်တဲ့ဥယျာဉ်တစ်ခုကိုလည်း တိုက်ခေါင်မိုးမှာဖွင့်လှစ်သွားမှာပါ။

“ဦးစားပေးအစီအစဉ်ကတော့ ပြည်သူတွေကိုလေ့လာခွင့်ပေးဖို့နဲ့ ခေါင်မိုးဧရိယာပါပဲ” လို့ Turquoise Mountain ရဲ့ Country Director Harry Wardill ကဆိုပါတယ်။ “ပြည်သူတွေအားလုံးသက်တောင့်သက်သာနဲ့လာရောက်နိုင်ဖို့အရေးကြီးပါတယ်။ ဒီအဆောက်အအုံကိုရုံးအဖြစ်ပဲမြင်နေကြတော့တချို့ကလာလည်ချင်စိတ်မရှိတာမျိုးဖြစ်မှာ စိုးရိမ်ရတယ်။ အဲ့ဒီအတွက်ကြောင့် စားသောက်ဆိုင်တန်းကိုထည့်သွင်းပြီး လူတွေကိုလာလည်ချင်စိတ်ပေါက်အောင်ဆောင်ရွက်ရပါတယ်။”
Turquoise Mountain အဖွဲ့ဟာအဆောက်အအုံကိုသာမက အနီးအနားကနေရာတွေကိုလည်း လမ်းလျှောက်သူတွေနှစ်သက်ဖို့ကြိုးစားနေပါတယ်။ “ရန်ကုန်မှာသာမကဘဲအာရှတိုက်ကနိုင်ငံအတော်များများ အဆောက်အအုံတွေနဲ့ပြည်သူပိုင်နေရာတွေကြားကဆက်နွယ်မှုကိုနားမလည်ကြဘူးဗျ။ ဒီမှာဆိုပြည်သူပိုင်နေရာတော်တော်များများ ကားပါကင်ဖြစ်နေတယ်။ ကျွန်တော်တို့ကတော့လူမှုရပ်ဝန်းလေးတွေဖန်တီးပေးဖို့ ကြိုးစားနေပါတယ်” လို့ Mr. Wardill ကပြောပါတယ်။
အဆောက်အအုံမျက်နှာစာကိုပြင်ဆင်နေတုန်းမှာ Turquoise Mountain အဖွဲ့ဟာ အဆောက်အအုံရှေ့မှာ အပြာရောင်နဲ့ရေးထားတဲ့ “Myanmar Welcome” ဆိုတဲ့စာသားကိုသွားတွေ့တယ်။ အဲ့ဒါဟာကုန်တိုက်အဖြစ်ရှိနေတဲ့အချိန်က ရေးသားထားတာပါ။ ဒီစာလုံးတွေကိုပြုပြင်ထိန်းသိမ်းမှုလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာကိုကြည့်တာနဲ့ ဒီအဖွဲ့ရဲ့စီမံကိန်းအပေါ်ထားတဲ့စေတနာကိုသိနိုင်ပါတယ်။
အဆောက်အအုံတစ်ခုလုံးပြုပြင်ပြီးစီးခြင်းဟာ Turquoise Mountain အတွက်တော့စီမံကိန်းရဲ့အစပဲရှိပါသေးတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ဟာ ဆောက်လုပ်ရေးလုပ်ငန်းထဲက ဗိသုကာပညာရှင်တွေအင်ဂျင်နီယာတွေရဲ့ စွမ်းဆောင်ရည်နဲ့ပညာရှင်ပီသမှုကိုပါတည်ဆောက်ဖို့ကြိုးစားနေတာပါ။ လေ့ကျင့်ရေးအစီအစဉ်တွေဖွင့်လှစ်ပေးသလို ပြုပြင်ထိန်းသိမ်းရေး၊ မြို့ပြတည်ဆောက်ရေးနဲ့ပတ်သက်တဲ့ အခမ်းအနားတွေကိုလည်းကျင်းပပေးပါတယ်။”
မြန်မာနိုင်ငံဆောက်လုပ်ရေးကဏ္ဍအတွက်အကျိုးရှိရုံသာမကဘဲ အဆောက်အအုံတစ်ခုပြုပြင်ထိန်းသိမ်းခြင်းဟာ အဓိပ္ပာယ်တစ်ခုရှိနေပါသေးတယ်။ “ဒီလိုစီမံကိန်းတွေဆောင်ရွက်ရင်းနဲ့ဒီအဆောက်အအုံတွေရဲ့အသုံးဝင်မှုကိုတွေ့နိုင်ပါတယ်။ ဒီအဆောက်အအုံတွေဟာဝန်ထုပ်ဝန်ပိုးတွေမဟုတ်ဘူး၊ တန်ဖိုးရှိတဲ့အရာတွေဆိုတာ မြင်ရပါလိမ့်မယ်။ ရည်ရွယ်ချက်တစ်ခုနဲ့ပြန်လည်ပြုပြင်ပြီးသုံးလို့ရသေးတယ်ဆိုတာ အားလုံးကိုပြချင်ပါတယ်” လို့ Mr. Wardill ကဆိုပါတယ်။