ရန်ကုန်မိုးတွေနဲ့ကင်းဝေးရာ တည်ငြိမ်အေးချမ်းတဲ့နေရာလေးတခုမှာအနားယူချင်ပါသလား။ ဟိုတယ်တွေနဲ့ဝေးရာ၊ မော်တော်ဘုတ်သံတွေနဲ့ဝေးရာရေကန်လေးတခုမှာအနားယူဖို့ စိတ်ကူးဖူးပါသလား။ ဒါဆိုရင်တော့ ဆမ်ကာကန်ဟာသင့်အိပ်မက်ထဲကနိဗ္ဗာန်ဘုံလေးဖြစ်မှာပါ။ ဒီကန်အနားမှာနေရင်း ပိုးစုန်းကြူးလေးတွေကိုကြည့်ရင်းအိပ်စက်ရမယ်၊ ငှက်လေးတွေရဲ့တွန်ကျူးသံနဲ့နိုးထရမယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုပြောင်းလဲလုပ်ကိုင်နေတဲ့ အနီးအနားကတံငါရွာလေးတွေကိုလည်းလေ့လာခွင့်ရဦးမှာပါ။

ဆမ်ကာကန်ကိုအင်းလေးကန်ကတဆင့်သွားရပါတယ်။ အင်းလေးကနေလှေနဲ့ထွက်လာတာနဲ့ ရေကြောင်းတွေကျဉ်းမြောင်းသွားပြီးတောင်ကုန်းတွေမှာကွေ့ကွေ့ကောက်ကောက်ပေါက်ရောက်နေတဲ့ သင်ပင်ချုံပင်တွေကိုမြင်ရမယ်။ လမ်းတလျှောက်ဟာသောင်ပြင်တွေ ၀ါးရုံတွေနဲ့ပြည့်နေပြီး နွားတွေနဲ့လယ်ထွန်နေတဲ့မြင်ကွင်းကိုလည်းတွေ့နိုင်တယ်။ သစ်သားအိမ်လေးတွေကို ဘေးတဘက်တချက်မှာတွေ့နိုင်ပြီး သောင်ပြင်မှာရေချိုးနေကြတဲ့မိသားစုတွေကိုလည်း မကြာမကြာမြင်ရပါလိမ့်မယ်။ ဒီကျေးရွာလေးတွေဟာ အချိန်ကာလရဲ့တိုက်စားမှုကကင်းလွတ်နေပြီး ခေတ်စနစ်ရဲ့လွှမ်းမိုးမှုကိုမခံရဘဲ သီးသန့်တည်ရှိနေသလိုပါပဲ။
ဘုရားစေတီတော်တော်များများတွေ့နိုင်ပြီး ဘုရားထီးတော်တွေနဲ့အပြိုင်မြင့်မားစွာပေါက်ရောက်နေတဲ့ သစ်ပင်ကြီးတွေလည်းတော်တော်ပေါတယ်။ လေတိုက်လိုက်တိုင်းစေတီပုထိုးတွေက ဆည်းလည်းသံတွေကိုလည်းကြားရမယ်။ စေတီပုထိုးအပျက်တခုစီမှာလည်း သူတို့ကိုယ်ပိုင်ရာဇ၀င်တွေရှိတယ်လို့သိရပါတယ်။ ဒီခရီးလမ်းကိုလှေနဲ့သွားလို့ရသလို ညောင်ရွှေကနေကားနဲ့သွားရင်းလည်း ဘုရားတွေဖူးလို့ရပါတယ်။ ညောင်ရွှေက ဆမ်ကာကန်ကိုကားနဲ့သွားရင်တော့ ၂နာရီလောက်ကြာမယ်။

ဘုရားတောင်ရွာရောက်တော့ လှေပေါ်ကနေဆင်းပြီး လျှောက်ကြည့်ကြတယ်။ ကန်ဘေးမှာအိမ်လေးတွေစုဖွဲ့တည်ဆောက်ထားတာဖြစ်ပြီး တောင်ကုန်းလေးပေါ်မှာလည်း ဘုန်းကြီးကျောင်းလေးတကျောင်းရှိပါတယ်။ ပန်းတွေအလှဆင်ထားတဲ့သစ်သားတံတားလေးဟာ ဒီရွာလေးမှာတည်းလှည့်ပါလို့ဖိတ်ခေါ်နေသလိုပါပဲ။ ကျမတို့တည်းခဲ့ကြတဲ့အိမ်လေးမှာ ဆိုလာစွမ်းအင်သုံးလျှပ်စစ်မီးစနစ်ရှိပြီး ပြတင်းပေါက်ကကြည့်လိုက်ရင် ရေကန်နဲ့ရှမ်းတောင်ကုန်းတွေကိုမြင်ရပါတယ်။ ဒီဝင်းထဲမှာ ဘန်ဂလို ၆လုံးရှိပြီး လူမှုအသိုင်းအ၀ိုင်းအကျိုးပြုခရီးသွားလာရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ဇနီးမောင်နှံနှစ်ဦးကပိုင်ပါတယ်။ ဘန်ဂလိုတွေမှာသုံးတဲ့ပစ္စည်းတွေအားလုံးက အနီးအနားကျေးရွာက၀ယ်ယူထားတာဖြစ်ပြီး အမြတ်ထဲကတချို့တ၀က်ကိုဘုန်းကြီးကျောင်းလှူပါတယ်။ အဲ့ဒီဘုန်းကြီးကျောင်းက ကလေးငယ် ၁၀၀၀ကျော်ပညာဆည်းပူးရာလည်းဖြစ်တယ်။
အနောက်ပိုင်းရှမ်းကုန်းပြင်မြင့်ဒေသဟာ လည်ပတ်စရာနဲ့ လုပ်စရာတွေပေါများလှပါတယ်။ တောင်တက်လို့ရတယ်၊ စက်ဘီးစီးလို့ကောင်းတဲ့နေရာတွေရှိတယ်၊ မြင်းစီးမလား ရသေးတယ်၊ ခြေထောက်တဘက်တည်းနဲ့လှေလှော်နည်းလည်းသင်လို့ရတယ်၊ ငါးမျှားလို့ရတယ်၊ အနီးအနားကရေပူစမ်းမှာလည်းရေချိုးလို့ရပါတယ်။ မိုးကလည်းနည်းနည်းနဲ့ခဏပဲရွာလို့ သင့်ခရီးစဉ်ကိုအနှောင့်အယှက်ဖြစ်စေမှာမဟုတ်ပါဘူး။

အနီးအနားကဒေသခံတွေမှာ ပအို့ဝ်လူမျိုးတွေအဓိကပါဝင်ကြပြီး သူတို့ရဲ့ဘ၀နေထိုင်မှုပုံစံကိုလည်း လေ့လာနိုင်ပါတယ်။ ပအို့ဝ်တွေကအင်္ကျီအနက်နဲ့ တောက်ပတဲ့ခေါင်းပေါင်းတွေဝတ်ဆင်လေ့ရှိတယ်။ လူနည်းစုဖြစ်တဲ့လီဆူးတွေကတော့ အရောင်စုံအ၀တ်အစားတွေဝတ်လေ့ရှိပါတယ်။ တချိန်ကငါးဖမ်းရင်းအသက်မွေးကြတဲ့ရွာလေးတွေဖြစ်ပေမယ့် အခုချိန်မှာကန်ရေနည်းသွားပြီ ဖြစ်တဲ့အတွက် လယ်ယာစိုက်ပျိုးရေးကိုပြောင်းလဲလုပ်ကိုင်နေကြပါတယ်။
ဆမ်ကာကန်မှာ ၅ရက်တဈေးကလည်းနာမည်ကြီးတယ်။ ဒီဈေးဟာဒေသခံတွေဈေးဝယ်ရာလည်းဖြစ်သလို တွေ့ဆုံစကားပြောရာနေရာလည်းဖြစ်ပါတယ်။ အင်းလေးနဲ့မတူတာက ဆမ်ကာကန်မှာကမ္ဘာလှည့်ခရီးသွားတွေသိပ်မများတာပဲ။ ဈေးသွားရင်လည်း ဈေးဝယ်သူအဖြစ်မသွားဘဲ ဧည့်သည်အဖြစ်သာသွားပါ။ ကိုယ်ရောက်တဲ့အချိန်နဲ့တိုက်ဆိုင်ရင်တော့ တည်းခိုခန်းရှိတဲ့နေရာကနေ ခဲတပစ်လောက်သာဝေးတဲ့ဈေးကိုအရောက်သွားကြည့်ပါ။ ကြာကြာနေမယ်ဆိုရင်တော့ အနားကဘုန်းကြီးကျောင်းလေးမှာကုသိုလ်ဖြစ်စာသင်ပေးလို့ရပါတယ်။
အစားအသောက်နဲ့ပတ်သက်လာရင်တော့ အိမ်ချက်လတ်လတ်ဆတ်ဆတ်ဟင်းလျာတွေကိုစားရမယ်။ ရှမ်းရေနွေးကြမ်းလေးသောက်ပြီးတည်းခိုခန်းပိုင်ရှင်တွေနဲ့ရင်းရင်းနှီးနှီးစကားပြောဖြစ်ခဲ့ပါသေးတယ်။ ဒီထက်ပိုပြီးအေးချမ်းတဲ့နေရာမရှိနိုင်တော့ပါဘူး။
လီဆူး ပအို့ဝ်
Khiri Travel
01 375 577
[email protected]
khiri.com