Urban Asia Center မြေညီထပ်မှာ BKK Night Market လေးကိုစက်တင်ဘာလ ၁ရက်နေ့အထိ နေ့လယ် ၂နာရီကနေ ည ၁၀နာရီအထိကျင်းပသွားမှာပါ။ Night Market ကိုသွားခဲ့တဲ့အတွေ့အကြုံတွေကိုပြန်ဖောက်သည်ချချင်လို့ဗျ။
ပေါပေါများများတွေ့ရတာကတော့ ထိုင်းစတိုင်အကင်ဆိုင်လေးတွေပဲ။ ၀က်အူချောင်း၊ ကြက်အူချောင်းနဲ့ အသားပြားလေးတွေကို ထိုင်းစတိုင်ကင်ပေးထားပြီး ထိုင်းအချဉ်ရည်တွေကလည်း တော်တော်လေးကောင်းပါတယ်။ တခုကို တထောင်ဝန်းကျင်လောက်နဲ့ အရသာရှိတဲ့ အကင်ချောင်းလေးတွေကို ခုံပေါ်မှာထိုင်စားရင်းဖြတ်သွားဖြတ်လာတွေကို ငေးကြည့်နေရတာကလည်းစည်းစိမ်တခုပါ။
ထိုင်းသင်္ဘောသီးထောင်းကတော့ အထွေအထူးပြောစရာမလိုအောင် အစပ်အဟပ်ထည့်လို့ လူကြိုက်များပါတယ်။ ဒါပေမဲ့ ဒီဈေးလေးမှာတော့ သင်္ဘောသီးထောင်းဆိုင်တွေများတော့ ကိုယ်တိုင်ပဲ လာစားကြည့်ပြီး ဘယ်ဆိုင်လက်ရာအကောင်းဆုံးလဲဆိုတာဆုံးဖြတ်ကြည့်ပေါ့နော်။ တစ်ပွဲကို ၂၀၀၀ လောက်ရှိပြီး ပင်လယ်စာနဲ့ဆိုရင် ၅၀၀၀ ဝန်းကျင်ကျသင့်မှာပါ။
ဒီမှာ ပုရစ်ကြော်တွေ၊ ပိုးတုံးလုံးကြော်တွေကိုလည်းဝယ်လို့ရပါဦးမယ်။ မြည်းကြည့်ခဲ့တော့ တော်တော်လေးကြွပ်တာကိုတွေ့ရတယ်။ ကြိုက်တဲ့သူတွေအဖို့တော့ စားစရာတွေ ထပ်တိုးတာပေါ့။
ပြီးတော့ ဒီပွဲကို အချိုကြိုက်သူတွေလာကိုလာသင့်တယ်။ Juice တွေနဲ့ bubble tea တွေကစလို့ ထိုင်းစတိုင်ဖျော်ရည်တွေကိုခပ်ဆန်းဆန်းလေးရောစပ်ထားတဲ့ Drinks လေးတွေအဆုံး၊ ဒါ့အပြင် ရေခဲမုန့်၊ toast မျိုးစုံနဲ့ ကိတ်မုန့် စသဖြင့်ရွေးချယ်စရာတော်တော်များပါတယ်။ အအီပြေ၊ အမောပြေအစားအသောက်လေးတွေပေါ့ဗျာ။ အ၀တ်အစားနဲ့အိမ်သုံးပစ္စည်းလေးတွေရောင်းတဲ့ဆိုင်တွေလည်းရှိသေးတယ်။
ကလေးအပြင် လူကြီးတွေပါပျော်လို့ရတဲ့ Momo Play ကလည်း အစားတလိုင်းအပြင် အပျော်တလိုင်းတွေအတွက် အဆင်သင့်စောင့်နေပါတယ်။ အရုပ်ကောက်ပြီးကံစမ်းနိုင်သလို ကလေးတွေစီးဖို့ ကားသေးသေးလေးတွေလည်းရှိတယ်။ ပိတ်ရက်မှာဘယ်သွားရမလဲမသိဖြစ်နေရင်တော့ မိုးလုံလေလုံတိုက်ခန်းထဲမှာဈေးဝယ်လို့ရတဲ့အပြင်ပျော်စရာတွေအစုံရှိတဲ့ BKK Night Market ကိုသာသွားလိုက်နော့်။
Urban Asia Center (မြေညီထပ်)၊ ၄၈လမ်းနှင့်မဟာဗန္ဒုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်။
2pm – 10pm
Aug 28 – Sep 1