Home See Television ကြမ္မာဆိုး

ကြမ္မာဆိုး

0

AMC ရုပ်သံလိုင်းဆိုရင် Walking Dead ကိုပြေးမြင်ကြမှာပါ။ ဒါပေမယ့် သူ့ရဲ့ရုပ်သံမှာ Walking Dead လိုပဲကြည့်လို့ကောင်းတဲ့ဇာတ်လမ်းတွဲတွေအများကြီးရှိပါသေးတယ်။ ဒီအထဲက The Terror ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲ ၂ခုနဲ့မိတ်ဆက်ပေးချင်တယ်။ ဇာတ်လမ်းတွဲ ၂ခုလုံးက သမိုင်းနောက်ခံစိတ်ကူးယဉ်ဇာတ်တွေဖြစ်ပြီး သဘာဝလွန်အဖြစ်အပျက်တွေ၊ လူမှုရေးပြဿနာနဲ့ လူ့စိတ်သဘောပြောင်းလဲမှုတွေကိုတင်ဆက်ထားတယ်။ Season 1 နဲ့ 2 ကဇာတ်လမ်းအရသီးခြားစီဖြစ်တာမို့ Season 1 မကြည့်ရသေးလည်း 2 ကိုတိုက်ရိုက်ကြည့်နိုင်ပါတယ်။

The Terror

၂၀၁၈ခုနှစ် မတ်လမှာထုတ်လွှင့်ခဲ့ပြီး ၁၀ပိုင်းပါပါတယ်။ သူ့ကိုစာရေးဆရာ Dan Simmons ရဲ့ The Terror ၀တ္ထုပေါ်အခြေခံထားတာပါ။ ဇာတ်လမ်းထဲကဇာတ်ကောင်တွေနဲ့အဖြစ်အပျက်တွေက သမိုင်းမှာတကယ်ရှိခဲ့ပါတယ်။

၁၈ရာစုနှောင်းပိုင်းမှာဗြိတိသျှသင်္ဘောနှစ်စီးဖြစ်တဲ့ Erebus နဲ့ Terror တို့ဟာ အိန္ဒိယကနေတရုတ်ပြည်ကိုတိုက်ရိုက်ဆက်သွယ်ထားတဲ့ရေကြောင်းလမ်းရှိမရှိရှာဖွေဖို့ အာတိတ်ဒေသကိုခရီးထွက်လာခဲ့ပါတယ်။ Commander ဖြစ်သူ Sir John ရဲ့ဆုံးဖြတ်ချက်အမှားတွေနဲ့ ဆိုးဝါးလှတဲ့ရာသီဥတုကြောင့် သင်္ဘောနှစ်စီးလုံးဟာရှေ့ဆက်ခရီးသွားလို့မရတော့ဘဲ ရေခဲပြင်တွေကြားတဲပိတ်မိသွားခဲ့တယ်။

၂နှစ်ကနေ ၅နှစ်အထိခံတဲ့စားနပ်ရိက္ခာတွေပါလာတဲ့အတွက်သိပ်စိတ်မပူကြပေမယ့် နှင်းထုထဲကသတ္တ၀ါဆိုးကြီးတကောင်နဲ့ရင်ဆိုင်ရတဲ့အခါမှာတော့ ထိတ်လန့်ခြောက်ခြားဖွယ်အဖြစ်ဆိုးတွေ ဆက်တိုက်ကြုံလာရပါတယ်။ အက်စကီးမိုးလူမျိုးတွေက Tuunbaq (တွန်းဘက်) လို့ခေါ်ကြတဲ့ဒီသတ္တ၀ါကြီးက ၀က်ဝံ ၃ကောင်စာလောက်အရွယ်အစားနဲ့ခွန်အားရှိပြီး လူတယောက်လိုအသိဥာဏ်ရှိတယ်။ သဘာဝအလျောက်ဖြစ်တည်လာတာမဟုတ်ဘဲ အက်စကီးမိုးနတ်ဆရာတွေရဲ့မှော်ပညာနဲ့ဖန်တီးထားတာလို့ ပြောတယ်။ ဒီသတ္တ၀ါကြီးကဘာလို့သင်္ဘောသားတွေကိုရန်ပြုရတာလဲဆိုတာကိုတော့ ကိုယ့်ဘာသာပဲကြည့်လိုက်ကြပါတော့နော်။

ဒီဇာတ်လမ်းကကြောက်ဖို့ကောင်းတယ်ဆိုတာထက် စိတ်ဓာတ်ကျအားငယ်စရာကောင်းတာလို့ပြောရမယ်။ သင်္ဘောသားတွေဟာမှောင်မှောင်မဲမဲနှင်းတောထဲမှာ ဘယ်ကပေါ်လာမှန်းမသိတဲ့သတ္တ၀ါကြီးနဲ့ တိုက်ပွဲဆင်နေရသလို သဘောဝဘေး၊ အငတ်ဘေး၊ ရောဂါဘယတွေအပြင် အချင်းချင်းစိတ်ဝမ်းကွဲတဲ့ပြဿနာတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။ 

သမိုင်းထဲမှာလည်း Erebus နဲ့ Terror တို့ဟာ King William’s Land အလွန် အာတိတ်ဒေသတနေရာမှာ ရေခဲပြင်ထဲပိတ်မိပြီး သင်္ဘောသားတွေအကုန်သေဆုံးသွားပါတယ်။ ဗြိတိသျှအစိုးရနဲ့ Sir John ရဲ့ဇနီးသည် Jane တို့ဟာငွေကြေးအမြောက်အများစိုက်ထုတ်ပြီး သင်္ဘောသားတွေကိုရှာဖွေကယ်တင်ဖို့ကြိုးစားခဲ့ပေမယ့် အချည်းနှီးသာဖြစ်ခဲ့ရတယ်။ အက်စကီးမိုးဒေသခံတွေရဲ့အပြောအရ သင်္ဘောသားတွေဟာရေခဲပြင်ထဲလျှောက်သွားရင်းလွတ်လမ်းရှာခဲ့ပေမယ့် ကြမ်းတမ်းတဲ့ရာသီဥတု၊ ရောဂါဘယအမျိုးမျိုးတို့ကြောင့်သေဆုံးခဲ့ကြောင်းသိရပါတယ်။ အငတ်ဘေးကိုမခံနိုင်တော့ဘဲ သင်္ဘောသားအချင်းချင်းသတ်ဖြတ်စားသောက်ခဲ့တယ်လို့လည်းသိရတယ်။ အစောပိုင်းမှာဒီအပြောတွေကို ဗြိတိသျှတွေမယုံခဲ့ကြပေမယ့် သင်္ဘောပျက်သွားတဲ့ဒေသတ၀ိုက်မှာရှာဖွေတွေ့ရှိခဲ့တဲ့ လူ့အရိုးတွေမှာ တွေ့ရတဲ့ဓားရာတွေ၊ ရေနွေးနဲ့ပြုတ်ခံထားရတဲ့အရိုးအကျေတွေက လူလူချင်းသတ်ဖြတ်စားသောက်ခံထားရတာဖြစ်ကြောင်းသတ်သေခံလျက်ရှိပါတယ်။

The Terror: Infamy

Season 2 ကတော့ဒီနှစ်သြဂုတ်လကမှစလွှင့်တာဖြစ်ပြီး အခုထိ အပိုင်း ၅ပိုင်းထုတ်လွှင့်ပြီးသွားပါပြီ။ ဂျပန်လူမျိုးတွေရဲ့တစ္ဆေပွဲတော် Obon ကျင်းပတဲ့သြဂုတ်လမှာပဲစတင်ထုတ်လွှင့်တာပါ။ သူကတော့ဒုတိယကမ္ဘာစစ်နောက်ခံဖြစ်ပြီး အမေရိကမှာနေကြတဲ့ဂျပန်လူ့အဖွဲ့အစည်းကိုအခြေခံထားတယ်။

အမေရိကန်နိုင်ငံအနောက်ဘက်ကမ်းခြေတွေမှာနေထိုင်ကြတဲ့ဂျပန်လူမျိုးတွေဟာ ရှင်းပြရခက်တဲ့အဖြစ်အပျက်တွေနဲ့ ထူးဆန်းတဲ့လူသေဆုံးမှုတွေကိုဆက်တိုက်ကြုံနေရပါတယ်။ ရွာထဲကတိုင်းရင်းဆေးဆရာမတယောက်ဟာ မနက်စောစောနေထွက်ရာကိုမျက်နှာမူပြီး ဆံထိုးကိုနားထဲထိုးထည့်ရင်းကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတယ်။ ရက်အနည်းငယ်အကြာမှာ သူမခင်ပွန်းသည်ဟာမျက်စိကွယ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာပဲငါးအ၀ယ်တော်လူဖြူတယောက်ဟာ ပင်လယ်ထဲကျပြီးရေနှစ်သေသွားတယ်။

ရှေးလူကြီးတွေကတော့သူတို့မွေးရပ်မြေကရုပ်ပြောင်းရုပ်လွှဲတတ်တဲ့တစ္ဆေ (bakemono) ရဲ့ပယောဂကြောင့်လို့ ထင်ပေမယ့် ခေတ်လူငယ်တွေကတော့ဒါတွေကိုအယူသည်းမှုလို့သာထင်ကြပါတယ်။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေအလစ်အငိုက်ဗုံးကြဲတိုက်ခိုက်မှုအပြီးမှာတော့ လူဖြူအမေရိကန်တွေနဲ့ဂျပန်လူမျိုးတွေကြား လူမျိုးရေးပြဿနာနဲ့ ခွဲခြားဆက်ဆံမှုတွေစတင်လာပါတော့တယ်။

သူလျှိုဖြစ်မှာစိုးရိမ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အမေရိကန်အစိုးရဟာ ဂျပန်လူမျိုးတွေအားလုံးကို ကယ်လီဖိုးနီးယားတောင်ပိုင်းက ထိန်းသိမ်းရေးစခန်းတွေမှာပြောင်းရွှေ့နေထိုင်စေခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်လူမျိုးတွေကိုခြောက်လှန့်နေတဲ့တစ္ဆေကတော့ ထိန်းသိမ်းရေးစခန်းအထိလိုက်ပါလာခဲ့တဲ့အခါ…။

ဂျပန်ရိုးရာပုံပြင်တွေမှာတော့ yurei လို့လည်းခေါ်တဲ့ bakemono တွေဟာလူ့ပြည်မှာအစွဲအလမ်းတခုခုကြောင့် သေသွားပြီးသည့်တိုင်အောင်ကျွတ်လွတ်ခြင်းမရှိဘဲ လူတွေကိုခြောက်လှန့်ပြုစားတတ်တဲ့တစ္ဆေတွေဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့တစ္ဆေဟာအဓိကဇာတ်လိုက်ဖြစ်သူ Chester နဲ့သူ့ဇနီးသည် Luz တို့နောက် တကောက်ကောက်လိုက်နေတယ်။ သူရဲ့ရည်ရွယ်ချက်ကဘာလဲ၊ ချောမောလှပတဲ့မိန်းမပျိုအသွင်ယူလေ့ရှိတဲ့ ဒီတစ္ဆေကကောဘယ်လိုဖြစ်တည်လာတာလဲ။ ကိုယ်တိုင်ပဲကြည့်ပြီးအဖြေရှာလိုက်ပါနော်။

ကျနော့်သုံးသပ်ချက်ကိုပြောရမယ်ဆိုရင်တော့ Season 2 ကိုပိုကြိုက်ပါတယ်။ Season 1 မှာကျတော့ သင်္ဘောသားတွေအားလုံးဟာတကယ့်အပြင်မှာလည်းနှင်းတောထဲသေဆုံးခဲ့ပြီးဖြစ်တာကြောင့် အဆုံးသတ်ကိုကြိုသိနေတဲ့အတွက် သိပ်စိတ်လှုပ်ရှားစရာမကောင်းလှဘူး။ ဘယ်ဇာတ်ကောင်က ဘယ်ပယောဂနဲ့သေမလဲဆိုတာကိုပဲကြည့်ရသလိုဖြစ်နေတယ်။ နှင်းတောထဲကအဖြစ်အပျက်တွေ သတ္တ၀ါဆိုးကြီးနဲ့ရင်ဆိုင်ရပုံတွေကိုတော့ ရင်တထိတ်ထိတ်ဖြစ်အောင်ရိုက်ပြနိုင်စွမ်းရှိတယ်။ Season 2 ကတော့အဆုံးသတ်ကိုကြိုမသိသလို တစ္ဆေရဲ့ရည်ရွယ်ချက်ကိုလည်းမသိရသေးတဲ့အတွက် ပိုပြီးစိတ်ဝင်စားစရာကောင်းတယ်လို့မြင်မိပါတယ်။

For more info: https://www.imdb.com/title/tt2708480/

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here