စက်တင်ဘာ ၅ရက်နေ့ည Rosewood Yangon မှာ ထူးခြားတဲ့အခမ်းအနားတစ်ခုကိုကျင်းပခဲ့ကြပါတယ်။ နယ်ပယ်အသီးသီးမှာအောင်မြင်နေကြတဲ့ အမျိုးသမီးစွမ်းဆောင်ရှင် ၁၃၀ဟာ Women of Vision Gala Dinner (အောင်မြင်ကျော်ကြားအမျိုးသမီးများဂုဏ်ပြုညစာစားပွဲ) ကိုတက်ရောက်ခဲ့ပြီး သူတို့ရဲ့အတွေ့အကြုံနဲ့ အတွေးအမြင်တွေကိုဆွေးနွေးဖလှယ်ကြရင်း ပျော်ပျော်ပါးပါးညစာစားခဲ့ကြပါတယ်။ ဒီညစာစားပွဲကို Myanmar Women Leaders Program ရဲ့ဦးဆောင်သူ ဒေါ်ပြည့်သီရိသော်ကစီစဉ်ကျင်းပခဲ့ပြီး ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူရဲ့ဇနီးသည် ဒေါက်တာအန်နာရွှေလွှမ်းကအထူးဧည့်သည်တော်အဖြစ် တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
ဒေါက်တာအန်နာရဲ့ခွန်အားရှိလှတဲ့မိန့်ခွန်းအပြီးမှာ အဆိုတော်ဇော်ပိုင်နဲ့ ဆုန်သင်းပါရ်တို့ကတေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ပါတယ်။ ဒေါက်တာအန်နာဟာညီမဖြစ်သူ ဆုန်သင်းပါရ်နဲ့အတူတူ “ချင်းတောင်တန်းမှကြိုဆိုလျက်” သီချင်းကိုမြူးမြူးကြွကြွသီဆိုဖျော်ဖြေသွားခဲ့ပါသေးတယ်။ ဧည့်သည်တော်တွေအားလုံးတေးသီချင်းတွေနဲ့ မြူးထူးကခုန်နေကြတဲ့အထိ အခမ်းအနားကတက်ကြွပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ ဒေါ်ပြည့်သီရိသော်ဟာ လူမှုအဖွဲ့အစည်းထဲမှာရှိတဲ့အမျိုးသမီးတွေအားလုံးအတွက်ကြိုးစားဖို့လိုအပ်ကြောင်း၊ သူတို့ဘ၀တိုးတက်အောင်မြင်ဖို့ကူညီခြင်းဟာ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်ကြောင်း သူမရဲ့မိန့်ခွန်းထဲမှာထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာပထမဦးဆုံးသောနိုင်ငံတကာအသိအမှတ်ပြုခံရတဲ့ ဦးနှောက်နှင့်အာရုံကြောပါမောက္ခ ဒေါက်တာဝင်းမင်းသစ်ကလည်းသူမရဲ့မိန့်ခွန်းထဲမှာ ခေါင်းဆောင်ဆိုတာရာထူးသက်သက်သာမဟုတ်ကြောင်း၊ အနာဂတ်အတွက် မျှော်မြင်စဉ်းစားအလုပ်လုပ်ရင်း တခြားသူများကိုလည်းခေါင်းဆောင်နိုင်စွမ်းရှိသည်အထိ လမ်းညွှန်ပေးဖို့လိုကြောင်းထည့်သွင်းပြောကြားသွားပါတယ်။ တချိန်ကကြက်တောင်ရိုက်အားကစားသမားဖြစ်ခဲ့သူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်ဟာလည်း အခမ်းအနားကိုတက်ရောက်ခဲ့ပြီး ကျန်းမာကြံ့ခိုင်တဲ့ဘ၀တစ်ခုကိုထူထောင်နိုင်ဖို့အရေးကြီးပုံကိုပြောခဲ့သလို သူမအနေနဲ့တခြားသူတွေကိုကူညီပေးဖို့အမြဲတံခါးဖွင့်ထားပါကြောင်းပြောကြားခဲ့ပါတယ်။
ဒီအခမ်းအနားရဲ့ main sponsor ဖြစ်တဲ့ AIA အသက်အာမခံလုပ်ငန်းရဲ့ CEO Nhon Ly ကလည်း သူတို့အဖွဲ့အစည်းရဲ့ဆောင်ပုဒ်ဖြစ်တဲ့ Healthier, Longer, Better Lives နဲ့အညီဒီနှစ်အတွင်းမှာပဲ သူတို့ရဲ့လုပ်ငန်းတွေကိုစတင်လည်ပတ်တော့မှာဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ်။ Dulwich College Yangon မှ Director of Business Administration အဖြစ်တာဝန်ယူထားသူ Lorna Wilson ကလည်းအမျိုးသမီးများဘ၀အောင်မြင်တိုးတက်ရေးအတွက် ပညာရေးရဲ့အရေးပါပုံနဲ့ပတ်သက်ပြီး ရှင်းလင်းခဲ့ပါတယ်။
ဒီအခမ်းအနားဖြစ်မြောက်အောင်ကူညီပံ့ပိုးပေးခဲ့တဲ့အဖွဲ့အစည်းတွေကတော့ AIA, Rosewood Yangon, Dulwich College Yangon, Alpine and Volvo Cars Myanmar တို့ပဲဖြစ်ပါတယ်။
Myanmar Women Leaders Program ရဲ့လက်အောက်ကနေပြီးတော့ နောက်ထပ်အစီအစဉ်တစ်ခုဖြစ်တဲ့ မြန်မာ့ပထမဆုံး International Women Congress ကိုကျင်းပဖို့ရည်မှန်းရင်း ညစာစားပွဲအခမ်းအနားကို အဆုံးသတ်ခဲ့ကြပါတယ်။