Advertisement

မြို့ထဲမှာအတွင်းဝန်ရုံးနဲ့ Tourist Burma Building တို့လိုကိုလိုနီခေတ်ကအဆောက်အအုံတွေ ပြန်လည်ပြင်ဆင်ဖွင့်လှစ်ခဲ့တာ အများအသိပါပဲ။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရုံးအဆောက်အအုံကိုအမျိုသားစာကြည့်တိုက်အဖြစ်ပြင်ဆင်ဖွင့်လှစ်မယ့်သတင်းကတော့ ရန်ကုန်သူရန်ကုန်သားတွေစိတ်ဝင်အစားဆုံးသတင်းတခုဖြစ်ပါလိမ့်မယ်။

၂၀၁၆ခုနှစ်က ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ကရန်ကင်းကအမျိုးသားစာကြည့်တိုက်ကို ပြည်သူတွေသွားလာရလွယ်ကူတဲ့မြို့လယ်ကောင်မှာထားရှိဖို့နဲ့ MOGE အဆောက်အအုံကိုအမျိုးသားစာကြည့်တိုက်အဖြစ်ပြင်ဆင်ပြောင်းလဲခွင့်ပေးဖို့ သမ္မတဦးထင်ကျော်ကိုခွင့်တောင်းခဲ့ပါတယ်။

အစိုးရရုံးတွေရန်ကုန်ကနေ နေပြည်တော်ကိုပြောင်းရွှေ့ပြီးတဲ့အချိန်ကစလို့ MOGE အဆောက်အအုံကို အသုံးပြုခြင်းမရှိခဲ့ပါဘူး။ ၂၀၀၈ခုနှစ်က နာဂစ်မုန်တိုင်းကြောင့်အဆောက်အအုံရဲ့ခေါင်မိုးနဲ့ အပေါ်ထပ်ထိခိုက်ပျက်စီးသွားခဲ့တဲ့အတွက် ပြင်ဆင်မှုတွေပြုလုပ်ခဲ့ရတယ်လို့သိရပါတယ်။

“၂၀၁၁ ခုနှစ်လောက်မှာကျမအနေနဲ့ မြန်မာနိုင်ငံဗိသုကာအသင်း ရဲ့အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေစဉ်တုန်းက MOGE အဆောက်အအုံပြင်ဆင်ရေးလုပ်ငန်းမှာပါဝင်ခဲ့ပါတယ်။ အဲ့ဒီတုန်းကတော့အမိုးတခုလုံးကပျက်စီးနေတဲ့အတွက် တချပ်စီခွာပြီးပြန်လဲရတာပေါ့နော်။ တော်တော်လေးအန္တရာယ်များတဲ့အလုပ်ပါ” လို့ YHT ရဲ့ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာညွှန်ကြားရေးမှူး ဒေါ်မိုးမိုးလွင်ကသူ့အတွေ့အကြုံကိုပြန်ပြောင်းပြောပြပါတယ်။

သမ္မတဦးထင်ကျော်ရဲ့ခွင့်ပြုချက်ရပြီးနောက် ၂၀၁၇ခုနှစ်လောက်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေစတင်ခဲ့ပြီး ၂၀၁၉နှစ်ကုန်ပိုင်းမှာပြီးစီးသွားခဲ့တယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကပြင်ဆင်မှုတွေကိုအဓိကတာဝန်ယူပြီး YHT ကအကြံပေးအဖြစ်ပါဝင်ခဲ့ပါတယ်။

အဆောက်အအုံမြေညီထပ်မှာစာအုပ်တွေသိမ်းဆည်းမှာဖြစ်ပြီး အပေါ်ထပ်အခန်းတွေကိုတော့ ဘက်စုံသုံးခန်းမ (multi-purpose hall) တွေအဖြစ်အသုံးပြုမယ်လို့ ဒေါ်မိုးမိုးလွင်ကဆိုတယ်။

“အဓိကစိန်ခေါ်မှုကတော့အဆောက်အအုံကိုမီးဘေးခံနိုင်အောင်ကာကွယ်ရတာပါပဲ။ စာအုပ်တွေထားမှာဆိုတော့ ရေနဲ့မီးသတ်လို့ကလည်းမဖြစ်တော့ ဓာတ်ငွေ့သုံးပြီးမီးသတ်တဲ့စနစ်တွေတပ်ရတယ်။ နောက်ပြီး digital library အဖြစ်အသုံးပြုနိုင်အောင် data centre တွေတည်ဆောက်ရတယ်။”

မြန်မာ့သမိုင်းတလျှောက်မှာ MOGE အဆောက်အအုံဟာပုံစံအမျိုးမျိုးအသုံးတော်ခံခဲ့ပါတယ်။ ၁၉၀၈ ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့ပြီး စကော့ကုမ္ပဏီ Finlay, Fleming & Co ရဲ့ရုံးချုပ်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ ဗမာ့ရေနံကုမ္ပဏီ (Burmah Oil Company) ရဲ့ဌာနချုပ်ဖြစ်လာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးမှာအဆောက်အအုံမှာ စံပြဆေးခန်းဆိုတဲ့ဘိုးဘွားရိပ်သာဖွင့်လှစ်ခဲ့ပါသေးတယ်။ ၁၉၆၃ခုနှစ်မှာ အစိုးရက Burmah Oil ကိုပြည်သူပိုင်သိမ်းခဲ့ပြီးနောက် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းရုံးဖြစ်လာခဲ့တာပါ။

ထိုနည်းတူပဲ မြန်မာအမျိုးသားစာကြည့်တိုက်ဟာလည်း လွတ်လပ်ရေးရစဉ်ကစပြီး အပြောင်းအရွှေ့တော်တော်များခဲ့ပါတယ်။

မြန်မာနိုင်ငံအောက်ပိုင်းဒေသကိုဗြိတိသျှတွေသိမ်းပိုက်ထားချိန် ၁၈၈၃ခုနှစ်မှာ Chief Commissioner Sir Charles Edward Bernard ဟာသူ့ကိုယ်ပိုင်စာအုပ်တွေနဲ့ မြန်မာ့ပထမဆုံးအခမဲ့စာကြည့်တိုက် Bernard Free Library ကိုစတင်ခဲ့ပါတယ်။ အဲ့ဒီစာကြည့်တိုက်ဟာအခုလက်ရှိ လသာ (၁) အထက်တန်းကျောင်းတည်နေရာမှာရှိခဲ့ပြီး အမျိုးသားစာကြည့်တိုက်မြစ်ဖျားခံရာလည်းဖြစ်တယ်။

လွတ်လပ်ရေးရပြီးနောက် ၁၉၅၂ မှာအစိုးရကစာကြည့်တိုက်ကို ရွှေတိဂုံဘုရားလမ်းပေါ်က ဂျူဘလီဟောကိုပြောင်းရွှေ့ခဲ့ပြီး နိုင်ငံတော်စာကြည့်တိုက် (State Library) လို့အမည်ပြောင်းလဲခဲ့ပါတယ်။ ၁၉၆၂ မှာပန်းဆိုးတန်းလမ်းပေါ်ကအဆောက်အအုံတခုကိုပြောင်းရွှေ့ခဲ့ပြီး ၁၉၆၄ နောက်ပိုင်းမှသာအမျိုးသားစာကြည့်တိုက်လို့ခေါ်တွင်ခဲ့တာပါ။

အမျိုးသားစာကြည့်တိုက်ဟာ ၁၉၆၅ ခုနှစ်မှာမြို့တော်ခန်းမကိုထပ်မံပြောင်းရွှေ့ရပြီး လုံခြုံရေးအကြောင်းပြချက်ကြောင့် ပြည်သူတွေအသုံးပြုခွင့်မရှိခဲ့ပါဘူး။ နောက်ထပ် ၂ကြိမ်နေရာပြောင်းခဲ့ပြီး တာမွေကအဆောက်အအုံတခုကိုရောက်သွားပြန်ပါတယ်။ ၂၀၀၈ခုနှစ် မေလမှာနာဂစ်မုန်တိုင်းကြောင့်အဆောက်အအုံထိခိုက်သွားတဲ့အတွက် အဲ့ဒီနှစ်အောက်တိုဘာမှာ အမျိုးသားစာကြည့်တိုက်ဟာရန်ကင်းကအဆောက်အအုံဆီပြောင်းရွှေ့ခဲ့ရပါတယ်။

အမျိုးသားစာကြည့်တိုက်နဲ့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တို့ဟာရန်ကုန်မှာသုတေသနလုပ်ငန်းတွေအတွက် အားထားရတဲ့စာကြည့်တိုက်တွေပါ။ အခုလတ်တလောအမျိုးသားစာကြည့်တိုက်မှာ စာအုပ်၊ စာနယ်ဇင်း၊ ရှေးဟောင်းမှတ်တမ်းမှတ်ရာ စုစုပေါင်း ၆သိန်းကျော်လောက်ရှိနေပြီလို့သိရပါတယ်။

MOGE အဆောက်အအုံပြင်ဆင်မှုအပြီးသတ်သွားပြီဖြစ်တဲ့အတွက် အခုအချိန်မှာစာအုပ်တွေကိုမှတ်တမ်းတင် ပြောင်းရွှေ့တဲ့လုပ်ငန်းတွေစတင်နေပါပြီ။ ဒီနှစ် ဧပြီမှာအများပြည်သူအတွက်ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။ အခုအဆောက်အအုံကတော့ အမျိုးသားစာကြည့်တိုက်အတွက်ထာဝရနားခိုရမယ့်နေရာဖြစ်ပါစေလို့ မျှော်လင့်မိပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here