Advertisement

ဒီဆောင်းပါးဟာ Washington Post ရဲ့ Coronavirus is mysteriously sparing kids and killing the elderly ဆိုတဲ့သတင်းဆောင်းပါးကိုဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါတယ်။ မူရင်းဆောင်းပါး ကိုဒီ link မှာဖတ်နိုင်ပါတယ်။

Coronavirus (COVID-19) ဟာကလေးငယ်တွေကိုသက်ကြီးရွယ်အိုတွေလောက်ထိခိုက်မှုမရှိတာကို တွေ့ရတယ်။ World Health Organisation ရဲ့ကိန်းဂဏန်းတွေအရ တရုတ်ပြည်မှာ COVID-19 ကူးစက်ခံရတဲ့လူနာတွေထဲ ကလေးငယ်ပါဝင်မှုနှုန်းဟာ ၂ ဒသမ ၄ ရာခိုင်နှုန်းသာရှိပြီး အဲ့ဒီထဲမှာအပြင်းအထန်ဖျားနာတဲ့ကလေးဟာ ၀ ဒသမ ၂ ရာခိုင်နှုန်းပဲရှိပါတယ်။ တရုတ်မှာ COVID-19 ကြောင့်သေဆုံးရတဲ့ကလေးငယ်မရှိဘူးလို့သိရပါတယ်။

ဒါပေမယ့်သက်ကြီးရွယ်အိုတွေကတော့ ရောဂါပိုးဒဏ်ကိုခံနိုင်ရည်မရှိကြပါဘူး။ တရုတ်ပြည်မှာ အသက် ၈၀ ကျော်ဘိုးဘွားတွေရောဂါကူးစက်ခံရတဲ့အခါ သေဆုံးနိုင်ချေ ၂၁ ဒသမ ၉ရာခိုင်နှုန်းရှိပါတယ်။ အသက် ၁၀နှစ်ကနေ ၃၉နှစ်အတွင်းရှိတဲ့သူတွေကတော့ သေဆုံးနိုင်ချေ ၀ ဒသမ ၂ရာခိုင်နှုန်းပဲရှိတယ်။ WHO က ဒီစစ်တမ်းကို လူနာ ၄၄၆၇၂ မှာအခြေခံပြုစုထားတာပါ။ ကလေးသူငယ်တွေမှာရောဂါလက္ခဏာ ဆိုးဆိုးဝါးဝါးဖြစ်တာမျိုး မရှိသလောက်ပါပဲ။ ဒီအခြင်းအရာကိုကြည့်ခြင်းဖြင့် Coronavirus ဟာတခြားသော virus တွေနဲ့မတူတာကိုတွေ့နိုင်ပါတယ်။ ပုံမှန်တုတ်ကွေး virus တွေဆိုရင်အသက်ကြီးသူနဲ့ကလေးငယ်တွေကိုအညီအမျှအန္တရာယ်ပြုလေ့ရှိတယ်။

University of Texas Medical Branch ကဗိုင်းရပ်စ်ကျွမ်းကျင်ပညာရှင် Vineet Menachery က Coronavirus ဖြစ်ပွားမှုနှုန်းတွေကိုကြည့်လိုက်ရင် အသက်ငယ်လွန်းသူတွေမှာဖြစ်တာအလွန်နည်းကြောင်းပြောပါတယ်။

Cleveland Clinic Children ကကလေးသူငယ်ကူးစက်ရောဂါဗေဒကျွမ်းကျင်သူ Frank Esper ကတော့ ဒီအကြောင်းရင်းဟာ Coronavirus အကြောင်းလေ့လာရာမှာအရေးပါတဲ့တွေ့ရှိချက်တခုဖြစ်လာလိမ့်မယ် လို့ဆိုတယ်။ Esper တို့သိချင်တဲ့မေးခွန်း ၃ခုရှိပါတယ်။

၁) Coronavirus ဟာရောဂါထူတဲ့သူတွေမှာပိုပြင်းထန်တတ်ပါသလား။
၂) အသက်အရွယ်အရပြောင်းလဲလာတတ်တဲ့ကိုယ်ခံအားစနစ်ပေါ်မူတည်ပြီး virus ရဲ့သက်ရောက်မှုပြောင်းလဲနိုင်သလား။
၃) သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ်တွေခံထားရတဲ့အဆုတ်ဟာ virus ရဲ့ဒဏ်ကိုပိုခံရသလား။

“အဆုတ်ရောဂါ၊ သွေးတိုး၊ ဆီးချိုလိုနာတာရှည်ရောဂါရှိတဲ့သူတွေကပိုခံရတာလည်းဖြစ်နိုင်ပါတယ်။ ၁၀နှစ်အောက်တွေ မွေးကင်းစတွေမှာသွေးတိုးရောဂါဖြစ်တယ်ဆိုတာမရှိသလောက်ရှားတယ်လေ” လို့ Esper ကပြောတယ်။

အရင်ကဖြစ်ပွားခဲ့တဲ့ Coronavirus ကူးစက်မှုတွေမှာလည်း ကလေးငယ်တွေချမ်းသာရာရခဲ့ဖူးပါတယ်။ ၂၀၀၂ ခုနှစ်ကဖြစ်ခဲ့တဲ့ SARS ရောဂါကြောင့် ၇၇၄ ဦးသေဆုံးခဲ့ပေမယ့် ကလေးငယ်တယောက်မှ အဖိတ်အစင်မရှိခဲ့ဘူး။ ၂၀၁၂ မှာ MERS ရောဂါဖြစ်ပွားတော့လည်း သေဆုံးသူ ၈၅၈ ယောက်ရှိခဲ့ပေမယ့် ကလေးငယ်တွေမှာရောဂါလက္ခဏာတောင်မပြခဲ့ပါဘူး။

Vineet Menachery ဟာ Texas မှာရှိတဲ့ဓာတ်ခွဲခန်းမှာကြွက်ကလေးတွေနဲ့စမ်းသပ်မှုတခုလုပ်ခဲ့တယ်။ COVID-19 နဲ့အမျိုးအစားတူတဲ့ SARS ရောဂါပိုးကိုကြွက်တွေရဲ့ကိုယ်ထဲထိုးသွင်းပေးလိုက်တဲ့အခါမှာ ကြွက်ပေါက်လေးတွေကခံနိုင်ရည်ရှိပေမယ့် အသက်အရွယ်ကြီးရင့်တဲ့ကြွက်တွေကတော့သေကုန်တာ တွေ့ရပါတယ်။

ဒါဟာကြွက်အိုတွေရဲ့ခုခံအားစနစ်ကျဆင်းမှုကြောင့်ဖြစ်သလို virus ပိုးကိုအလွန်အမင်းတုံ့ပြန်တဲ့ ကိုယ်ခံအားစနစ် (dysregulation) ကြောင့်လည်းဖြစ်တယ်လို့ Menachery ကကောက်ချက်ချတယ်။

“ရောဂါပိုးထက် ကိုယ်ခံအားစနစ်တုံ့ပြန်မှုလွန်ကဲခြင်း (overreaction) ကြောင့်သေကြတာများပါတယ်။ ဘာနဲ့တူလဲဆိုတော့အလစ်သုတ်သမားတွေကိုခြေမှုန်းဖို့ SWAT တပ်ဖွဲ့ကြီးတဖွဲ့လုံးရောက်လာလို့ ဆိုင်တဆိုင်လုံးပျက်ရသလိုပေါ့” လို့ Menachery ကဥပမာပေးတယ်။

ဒါပေမယ့်ရောဂါပိုးဒဏ်ကနေကြွက်ကလေးတွေဘာကြောင့်လျင်လျင်မြန်မြန်သက်သာသွားလဲဆိုတဲ့ မေးခွန်းကိုတော့အခုထိအဖြေရှာမရသေးပါဘူး။
တချို့ကလည်းကလေးငယ်တွေဟာ Coronavirus နဲ့ဆင်တူတဲ့တုတ်ကွေးပိုးတွေကိုကူးစက်ခံခဲ့ရပြီးဖြစ်လို့ ခုခံအားစနစ်ကအသင့်ဖြစ်နေတာလို့ပြောကြတယ်။ ဒါပေမယ့်တုတ်ကွေးပိုးကူးစက်ခံရပြီးတဲ့လူကြီးတွေကတော့ Coronavirus ရဲ့ဒဏ်ကိုခံနိုင်ရည်မရှိတာတွေ့ရတဲ့အတွက်ဒီအယူအဆကမခိုင်လုံပါဘူး။ ကိုယ်ခံအားစနစ်ကြောင့်မဟုတ်ဘဲကလေးငယ်တွေရဲ့အင်္ဂါအစိတ်အပိုင်းတွေက Coronavirus ကူးစက်မှုကနေခံနိုင်ရည်ရှိနေတာလည်းဖြစ်နိုင်တယ်လို့ Esper ကယူဆတယ်။

ရောဂါလက္ခဏာပြင်းပြင်းထန်ထန်မပြလို့ရောဂါကူးစက်နေမှန်းမသိနိုင်ပေမယ့် Coronavirus ဟာ ကလေးတွေကိုကူးစက်နိုင်စွမ်းရှိတယ်ဆိုတာကိုတော့မမေ့သင့်ပါဘူး။ တရုတ်ပြည်က ကလေးငယ်တွေမှာပြင်းထန်တဲ့ရောဂါလက္ခဏာတွေမတွေ့ရပေမယ့် ကူးစက်မှုကိုခြေရာခံကြည့်တဲ့အခါ COVID-19 လူနာတွေနဲ့ထိတွေ့ခဲ့ဖူးသူတွေဖြစ်ကြောင်းတွေ့ရပါတယ်။

Johns Hopkins Center for Health Security ကကူးစက်ရောဂါအထူးပြုပညာရှင် Caitlin Rivers ကတော့ ကျောင်းတွေပိတ်ထားခြင်းဖြင့် ကလေးတွေကတဆင့်တခြားသက်ကြီးရွယ်အိုတွေကိုကူးစက်နှုန်း နှေးကွေးသွားနိုင်ကြောင်းပြောပါတယ်။

ဆက်စပ်ဖတ်ရှုရန် – https://www.the-scientist.com/news-opinion/possible-biological-explanations-for-kids-escape-from-covid-19-67273

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here