လာအိုနိုင်ငံမှာ ပထမဆုံး COVID-19 အတည်ပြုလူနာ (၂) ဦး စတင်တွေ့ရှိရကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနအရာရှိတွေက ဒီနေ့ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လူနာ ၂ ဦးစလုံးဟာ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာနေထိုင်သူတွေဖြစ်ပြီး ပြင်ပနိုင်ငံတွေဆီကနေ ကူးစက်ခံလာရတာလို့လည်း ဆိုထားပါတယ်။

Virus ကူးစက်ခံရသူ ၂ ဦးထဲက တစ်ဦးမှာ ခရီးသွားဧည့်လမ်းညွှန် အမျိုးသမီးဖြစ်ပြီး လာအိုနိုင်ငံမြောက်ပိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေဆီ သွားခဲ့သူဖြစ်ပါတယ်။ နောက်တစ်ဦးကတော့ နိုင်ငံတွင်းဟိုတယ်တစ်ခုကဝန်ထမ်းဖြစ်ပြီး ထိုင်းနိုင်ငံမှာ သင်တန်းသွားတက်ခဲ့ပြီးပြန်ရောက်လာချိန်မှာ ရောဂါပိုးကူးစက်ခံရကြောင်း စစ်ဆေးသိရှိလာခဲ့တာပါ။

လက်ရှိမှာ ၂ ဦးစလုံးရောဂါပြင်းထန်ခြင်းမရှိဘဲ Mittaphab ဆေးရုံမှာကုသမှုခံယူနေကြပြီး သူတို့ ၂ ဦးနဲ့ အနီးကပ် ထိတွေ့ဆက်ဆံခဲ့သူတွေကိုလည်း သီးခြားစောင့်ကြပ်ကြည့်ရှုမှုပြုလုပ်နေတဲ့အကြောင်း ဒုတိယဝန်ကြီးက ပြောဆိုထားပါတယ်။
Ref: TheStraitTimes
Thiha