တရုတ်နိုင်ငံကနေစတင်ခဲ့ပြီး ကမ္ဘာအနှံ့ကိုပျံ့နှံ့သွားခဲ့တဲ့ COVID-19 ကတော့ WHO က Pandemic အဖြစ်ကြေညာရတဲ့ထိအောင် ထိတ်လန့်တုန်လှုပ်စရာကောင်းလာခဲ့ပါပြီ။ အမေရိကန်၊ အီတလီ၊ တရုတ်၊ ဂျပန်နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံအများစုမှာတော့ Coronavirus ကူးစက်ခံရသူနဲ့ virus ကူးစက်ခံရမှုကြောင့်သေဆုံးရသူဦးရေက ကြောက်ခမမ်းလိလိကို တိုးပွားလာနေပါတယ်။

မြန်မာနိုင်ငံမှာတော့ မတ်လ ၁၁ နဲ့ ၁၂ ရက်တွေအတွင်း COVID-19 သံသယရှိသူ (၁၄) ဦးထပ်မံတွေ့ရှိခဲ့တာကြောင့် အဲဒီလူတွေကို ရောဂါခြေချုပ်ထားပြီးစောင့်ကြည့်စစ်ဆေးနေပြီး (အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ယမန်နေ့ည (၁၁း၃၀) နာရီမှာပေးပို့လိုက်တဲ့ သံသယလူနာတွေကို ဓာတ်ခွဲစစ်ဆေးထားမှုအဖြေဇယားကိုလည်း ထည့်သွင်းဖော်ပြပေးထားပါတယ်*)



လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်း Coronavirus ကူးစက်ခံထားရသူ (၁) ဦးမှမရှိသေးကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ ကြိုတင်ကာကွယ်မှုအနေနဲ့ မြန်မာ-အိန္ဒိယနယ်စပ်ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်လိုက်ပြီဖြစ်သလို နှစ်စဉ်ကျင်းပပြီး အမြဲလူစည်ကားလေ့ရှိတဲ့ ရွှေစက်တော်ဘုရားပွဲကျင်းပဖို့ကိုလည်း ဆိုင်းငံ့လိုက်ပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အစိုးရအနေနဲ့ လူစုလူဝေးဖြစ်စေတဲ့ပွဲအခမ်းအနားတွေအတွက် စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်ဖို့လိုအပ်လာပြီဖြစ်ကြောင်း WHO က Corona Virus ကို Pandemic အဖြစ်သတ်မှတ်လိုက်တဲ့သတင်းထွက်ပေါ်လာပြီး မကြာမီမှာပဲ ပြောဆိုခဲ့ပါတယ်။ ယမန်နေ့မွန်းလွဲပိုင်းကပြုလုပ်ခဲ့တဲ့ UPDJC အစည်းအဝေးမှာ အဲဒီကိစ္စနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီး အဲဒီအထူးအစည်းအဝေးမှာ ဆွေးနွေးခဲ့တာတွေကတော့
- အစိုးရကကျင်းပဖို့စီစဉ်ထားတဲ့ လူထုစုဝေးပွဲနဲ့ အခမ်းအနားအားလုံးကို ကျင်းပချိန်ပြန်လည်စိစစ်သတ်မှတ်ဖို့
- စေတီပုထိုးတွေကို လာရောက်ဖူးမြော်တဲ့ဘုရားဖူးတွေရဲ့ ကျန်းမာရေးအခြေအနေကို ကြပ်မတ်စစ်ဆေးဖို့
- Virus ကူးစက်ပျံ့နှံ့မှုရှိတဲ့နိုင်ငံတွေကနေလာသမျှခရီးသွားတိုင်းကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်စစ်ဆေးဖို့
- ရောဂါဖြစ်ပွားသူရှိလာခဲ့ရင် သီးသန့်ထားရှိကုသမယ့်နေရာထိုင်ခင်းကို ကြိုတင်ပြင်ဆင်ထားဖို့
- ပြည်သူတွေအနေနဲ့ COVID-19 နဲ့ပတ်သက်ပြီး ကြားရသမျှကောလာဟလသတင်းတွေကို အလွယ်မယုံကြည်သင့်ဘဲ မှန်၊ မမှန် စိစစ်နိုင်အောင် အစိုးရရဲ့တရားဝင်ထုတ်ပြန်ကြေညာချက်တွေကို အချိန်နဲ့အမျှစောင့်ကြည့်ကြဖို့
- Virus ကူးစက်ပျံ့နှံ့မှုဖြစ်စဉ်ကြောင့် ထိခိုက်နစ်နာရတဲ့စီးပွားရေးလုပ်ငန်းတွေကိုကူညီဖေးမပေးနိုင်ရေး အဖြေရှာဖို့နဲ့
- စက်ရုံတွေပိတ်သိမ်းလိုက်တာကြောင့် အလုပ်လက်မဲ့ဖြစ်သွားကြတဲ့ တရုတ်နိုင်ငံကမြန်မာလုပ်သားတွေကို အားပေးထောက်ပံ့ကူညီဖို့ စတာတွေပဲဖြစ်ပါတယ်။
COVID-19 နဲ့ ဆက်စပ်သတင်းသစ်တွေကို Myanmore + က အချိန်နဲ့တပြေးညီ ဖော်ပြပေးနေမှာပါ။ စာဖတ်ပရိသတ်တွေအနေနဲ့လည်းCorona Virus ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး ကိုယ်ကြားမိထားတဲ့သတင်းတွေကို ဒီ Post ရဲ့ Comment Box မှာ ပြောပြခဲ့လို့ရပါတယ်။
Ref: Ministry of Health and Sports, WHO
Thiha