အပျော်ခရီးထွက်မယ်ဆိုရင် နေပြည်တော်ကိုသိပ်စဉ်းစားလေ့မရှိကြပါဘူး။ ဒါပေမယ့် မတ်လ ၃၁ရက်နေ့အထိ ကျင်းပလျက်ရှိတဲ့ပန်းပွဲတော်ကြောင့် နေပြည်တော်ဟာရက်တိုခရီးထွက်လို့ကောင်းတဲ့နေရာတခုဖြစ်နေပါပြီ။ ပန်းပွဲတော်အကြောင်း Myanmore ရဲ့ Megan Clark ရေးထားတာကိုဘာသာပြန်ဆိုဖော်ပြပေးလိုက်ပါတယ်။
နေပြည်တော်ကရေပန်းဥယျာဉ်ဟာအိုအေစစ်လေးတခုလိုပါပဲ။ ဘယ်အချိန်ကြည့်ကြည့်ပန်းပင်တွေ ရေပန်းအလှပြကွက်တွေနဲ့သာယာနေလေ့ရှိတယ်။ ဒီလမှာတော့ပန်းပွဲတော်ကျင်းပနေတဲ့အတွက် အရင်ကထက်ပိုပြီးလှပနေပါတယ်။ စနစ်တကျပြင်ဆင်လိုက်ရင်နေပြည်တော်ကဘယ်လောက်လှတယ်ဆိုတာ ပြည်တွင်းပြည်ပခရီးသွားတွေကိုပြလိုက်သလိုပါပဲ။
ဖေဖော်ဝါရီ ၁၄ရက်နေ့ကနေ မတ်လ ၃၁ရက်နေ့အထိ ကျင်းပလျက်ရှိတဲ့ပန်းပွဲတော်မှာ ပန်းပင်ပေါင်း ၂သိန်းခန့်တွေ့မြင်ရမှာဖြစ်ပြီး လဟာပြင်မှာလုပ်တဲ့အနုပညာပြပွဲတခုကိုရောက်နေသလိုခံစားရမယ်။ အသည်းပုံပုံစံလုပ်ထားတဲ့ပန်းဥမင်လေးရှိတယ်။ ပန်းတွေနဲ့အလှဆင်ထားတဲ့ခေတ်ဟောင်းတယ်လီဖုန်းရုံလေး လည်းရှိတယ်။ Selfie ပဲရိုက်ရိုက် ဓာတ်ပုံဆရာနဲ့ပဲရိုက်ရိုက် ပုံတိုင်းကကြည့်ကောင်းနေတော့တာ။ ပုသိမ်ထီးတွေနဲ့လုပ်ထားတဲ့အမိုးအောက်မှာထိုင်ရင်းနေဝင်ချိန်ကြည့်ရတာကိုတော့အကြိုက်ဆုံးပဲ။ သတိထားကြည့်ရင်နေထိုးတဲ့အပေါ်မူတည်ပြီးထီးအရောင်လေးတွေပြောင်းသွားတာကိုတွေ့ရမယ်။ လှေလှော်တတ်ရင် ငန်းပုံစံဆင်ထားတဲ့လှေအသေးလေးကိုတနာရီ ၂၀၀၀ကျပ်နဲ့ငှားရမ်းနိုင်တယ်။ ဆည်းဆာချိန်မှာကန်ထဲလှေစီးရတာလည်းအရသာတမျိုးပါပဲ။
ညရောက်ရင်တော့ရေပန်းအလှပြပွဲစပါပြီ။ နေ့တိုင်းကြည့်ဖြစ်ရင်တော့ performance မပြောင်းတာကို သတိထားမိလိမ့်မယ်။ ဒါပေမယ့်နောက်ခံထားပြီးဓာတ်ပုံရိုက်လို့တော့ကောင်းပါတယ်။ ပိတ်ရက်တွေမှာဆို Myanmar Idol ကအဆိုတော်တွေကဖျော်ဖြေလေ့ရှိတယ်။ အနီးအနားကဆိုင်တွေမှာမုန့်ဝယ်စားလို့ရသလို ပန်းတွေလည်းဝယ်လို့ရပါတယ်။

ရေပန်းဥယျာဉ်ကိုအငှားယာဉ်မောင်းသူတိုင်းလိုလိုသိကြတဲ့အတွက်သွားရတာတော့အခက်အခဲမရှိဘူး။ ရာဇသင်္ဂဟလမ်းဝင်ပေါက်နဲ့ သပြေကုန်းဈေးအစွန်ကဝင်ပေါက်ဆိုပြီး ၂ခုရှိတယ်။ သပြေကုန်းလမ်းကနေသွားပြီး တံတားပေါ်ကကူးလိုက်မယ်ဆိုရင်တော့ ပွဲတော်ရဲ့ဗဟိုချက်နေရာကို တန်းရောက်နိုင်ပြီး လူလည်းရှင်းပါတယ်။ ရောက်ပြီဆိုတာနဲ့ I Love Naypyitaw ဆိုတဲ့ဆိုင်းဘုတ်ဆီရောက်အောင်သွားပြီး ပန်းတွေထီးတွေနဲ့ဓာတ်ပုံရိုက်ပါ။ ဗိုက်ဆာရင်တော့ ဘီယာနဲ့ street food လေးစားပေါ့နော်။
လက်မှတ်နဲ့ဝင်ရမှာဖြစ်ပြီး လက်မှတ်တစောင် ၁၅၀၀ ကျပ်ကျသင့်ပါတယ်။ နိုင်ငံခြားသားတွေကတော့ ၂၄၀၀ ကျပ်ပါ။ လက်မှတ်ဝယ်ရ လူတိုးရပေမယ့် မမေ့နိုင်စရာအမှတ်တရတွေရမှာဖြစ်လို့ ရုံးပိတ်ရက်တွေခရီးတိုထွက်မယ်စိတ်ကူးရင် နေပြည်တော်ရေပန်းဥယျာဉ်ကပန်းပွဲတော်ကို ရောက်အောင်သွားကြပါလို့…။