အခုရက်ပိုင်းအတွင်းကတော့ COVID-19 ကပ်ရောဂါဆက်စပ်သတင်းတွေချည်းတွေ့နေ၊ ကြားနေရလို့ ဘယ်သူမဆို ငြီးငွေ့နေလောက်ပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေ စိတ်ပြေလက်ပျောက်နဲ့ စိတ်ပျော်စရာဖြစ်ရစေမယ့်တင်ဆက်မှုတစ်ခုကို ဒီနေ့ ဖော်ပြပေးပါရစေ။
ပရိသတ်အားလုံးလိုလို အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေရဲ့ portrait ဓာတ်ပုံတွေကို မြင်ဖူးနေကြမှာပါ။ တချို့ပုံတွေဆိုရင် လုံးဝအံ့ဩမင်သက်သွားရလောက်တဲ့အထိလည်း လက်ရာမြောက်ပီပြင်နေတတ်ပါတယ်။ ဂျပန်လူမျိုးဓာတ်ပုံဆရာ Hisakata Hiroyuki ကတော့ဟန်ပန်အမျိုးမျိုးလှုပ်ရှားနေတဲ့ကြောင်လေးတွေရဲ့ပုံရိပ်တွေကို သူ့ရဲ့ ပြောင်မြောက်လှတဲ့ဓာတ်ပုံပညာနဲ့ အမိအရဖမ်းယူနိုင်ခဲ့ပါတယ်။ သူက ကြောင်လေးတွေကို ninja cats လို့ခေါ်ဆိုထားပြီး martial art လေ့ကျင့်နေဟန်ပေါက်နေတဲ့ သူတို့လေးတွေရဲ့လှုပ်ရှားမှုအမျိုးမျိုးကို ချိန်သားကိုက်ရိုက်ကူးယူခဲ့တာပါ။
Hiroyuki ဟာ ဒီပုံတွေအားလုံးကို မွေးပွကြောင်ရုပ်တစ်ရုပ်နဲ့ high-speed photography technique တချို့ကိုသာအသုံးပြုရိုက်ကူးထားတာဖြစ်ပြီး ကြောင်လေးတွေကို အရုပ်နဲ့ ခုန်ပေါက်ပျံလွှားကစားနေအောင် သူက ဖန်တီးပြီးမှ ရိုက်ခဲ့ရတာလည်းဖြစ်ပါတယ်။ ရိုက်ကူးပြီးတဲ့နောက်ပုံတွေထဲကနေ ကြောင်အရုပ်ကို ဖယ်ထုတ် ပြင်ဆင်တည်းဖြတ်လိုက်တဲ့အခါမှာတော့ တစ်ကောင်နဲ့တစ်ကောင် အကြိတ်အနယ်တိုက်ခိုက်သတ်ပုတ်နေဟန်ရှိတဲ့ ကြောင်လေးတွေရဲ့ပုံတွေကိုရလာခဲ့ပါတယ်။ အကယ်၍ Hiroyuki သာ shutter အဖွင့်အပိတ်လုပ်ဖို့ တစ်စက္ကန့်လောက်နောက်ကျနေခဲ့မယ်ဆိုရင် ရလဒ်က အခုမြင်ရတာနဲ့ လုံးဝကိုခြားနားသွားမှာအသေအချာပါပဲ။
Source: Hisakata Hiroyuki’s Instagram
Thiha