Advertisement

အခုအချိန်မှာအလုပ်ခွင်တော်တော်များများက work from home စနစ်ကျင့်သုံးနေကြတာမို့ အိမ်နေရင်းအပျင်းပြေကြည့်ဖို့ ရောဂါကပ်ဘေးတွေအကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်တွေတချို့ကိုတင်ပြပေးလိုက်ပါတယ်။ ရောဂန္တရကပ်တခုကျရောက်တဲ့အခါ ဘယ်သူတွေကအသိဉာဏ်ရှိရှိရင်ဆိုင်ပြီး ဘယ်သူတွေက လက်လွတ်စပယ်ပြုမူကြသလဲဆိုတာ ဒီရုပ်ရှင်တွေမှာမြင်ရမယ်။ ဇာတ်ကောင်တွေရဲ့တုံ့ပြန်မှုတွေက အခုလိုအချိန်မှာကျနော်တို့ကို အသိပညာတွေအများကြီးပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။

Contagion

ဒီ list ကိုစဉ်းစားတော့ပထမဆုံးကျနော့်ခေါင်းထဲရောက်လာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့ပြီး Jude Law, Gwyneth Paltrow, Matt Damon တို့လိုထိပ်တန်းသရုပ်ဆောင်တွေပါတယ်။ ဇာတ်လမ်းအစ ဟောင်ကောင်မှာလင်းနို့တကောင်ဆီကကျလာတဲ့အသီးလေးကိုကောက်စားမိတဲ့ဝက်၊ အဲ့ဒီဝက်ကိုကိုင်တွယ်၊ ချက်ပြုတ်၊ စားသောက်မိတဲ့သူတွေကိုပြရင်း ရောဂါပိုးစတင်ပုံကိုမိတ်ဆက်တယ်။ အဲ့ဒီနောက်မှာတော့ ဒီပိုးအမေရိကကိုရောက်လာပုံ၊ စတင်ပျံ့နှံ့ပုံ၊ သန်းနဲ့ချီတဲ့သူတွေသေဆုံးရပုံ၊ ဆရာဝန်တွေ၊ အစိုးရတာဝန်ရှိသူတွေ ဒီပိုးရဲ့ဇစ်မြစ်ကိုရှာဖွေကြပုံကို ရိုက်ပြထားတဲ့အတွက် ရောဂါပိုးတခုပံျ့နှံ့တဲ့အချိန်မှာဘယ်လို action တွေယူကြသလဲဆိုတာလက်တွေ့ကျကျမြင်ရပါလိမ့်မယ်။

Outbreak

၁၉၉၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီကားဟာ ကပ်ရောဂါရုပ်ရှင်တွေထဲမှာ contemporary classic လို့ပြောရမယ်။ Dustin Hoffman, Morgan Freeman နဲ့ Kevin Spacey တို့လိုမင်းသားကြီးတွေအပြိုင်ကြဲထားတယ်။ Ebola နဲ့ခပ်ဆင်ဆင်တူတဲ့ Motaba ဆိုတဲ့စိတ်ကူးယဉ်ရောဂါပိုးတမျိုးအာဖရိကကနေ အမေရိကဆီကူးစက်လာပုံကို မြင်ရမယ်။ ဒီရောဂါပိုးဟာလေကနေကူးစက်ပြီး မျောက်ကလေးတကောင်ကနေစတင်တာဖြစ်တဲ့အတွက် တရားမဝင်တိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုရဲ့အကျိုးဆက်တွေကိုမီးမောင်းထိုးပြရာရောက်ပါတယ်။

The Flu

ဒီကိုရီးယားရုပ်ရှင်ကတော့ ၂၀၁၃ခုနှစ်ကထွက်ရှိခဲ့ပြီး H5N1 virus အမျိုးအစားတခုကိုအခြေခံတယ်။ တောင်ကိုရီးယားကိုရောက်လာတဲ့တရားမဝင်ရွှေ့ပြောင်းအခြေချသူတွေဆီကနေတဆင့် ဒီရောဂါပိုးဟာ ဆိုးလ်မြို့ဆီကူးစက်လာပါတယ်။ ဒီပိုးကူးစက်ခံရတဲ့သူတွေဟာနေမကောင်းဖြစ် သွေးမည်းတွေအန်ပြီး ၃၆နာရီအတွင်းသေဆုံးရတယ်။ ဒီပိုးစတင်ပျံ့နှံ့ရာ Bundang မြို့နယ်ကိုအစိုးရက quarantine သတ်မှတ်လိုက်တဲ့အချိန်မှာတော့ ပြည်သူတွေဟာရောဂါပိုးအပြင်တခြားလူမှုရေးပြဿနာတွေနဲ့ပါ ရင်ဆိုင်လာရပါတော့တယ်။

Containment

ဒီဗြိတိသျှရုပ်ရှင်ကတော့ရောဂါပိုးထက် ကပ်ဘေးတခုကြောင့်အချုပ်အနှောင်ခံရတဲ့အခါမှာ ဖြစ်ပေါ်လေ့ရှိတဲ့လူတွေရဲ့အမူအကျင့်တွေကိုအဓိကဇောင်းပေးထားတယ်။ ဒီထဲကဇာတ်ကောင်တွေဟာ တိုက်ခန်းထဲမှာပိတ်မိနေပြီး လျှပ်စစ်မီးလည်းမရ၊ ရေလည်းမရ၊ ပြင်ပကမ္ဘာနဲ့လည်းဘာအဆက်အသွယ်မှမရဘူး။ Intercom ထဲကနေ “မစိုးရိမ်ပါနဲ့ အခြေအနေကိုထိန်းချုပ်နိုင်ပါပြီ” ဆိုတဲ့စာသားကိုပဲမပြတ်ကြားနေရပြီး ပြတင်းပေါက်ကကြည့်လိုက်ရင် လမ်းပေါ်မှာရောဂါပိုးမကူးအောင်ကာကွယ်တဲ့ Hazmat ဝတ်စုံတွေဝတ်ထားတဲ့လူတွေ စစ်တပ်စခန်းတွေကိုသာတွေ့ရတယ်။ ရောဂါပိုးတခုခုပျံ့နှံ့လာတယ်လို့ယူဆရပေမယ့် ဘာမှအကျိုးအကြောင်းမသိရတဲ့အခါ အကျဉ်းကျနေတဲ့လူတစုဘယ်လိုတုံ့ပြန်ကြမလဲ။ “Containment (Infected) 2015 Full Movie” ဆိုပြီး YouTube မှာရှာကြည့်လို့ရပါတယ်။

Virus

၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့အိန္ဒိယရုပ်ရှင်ဖြစ်ပြီး ၂၀၁၈ ခုနှစ်က Kerala ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ Nipah virus ကိုအခြေခံရိုက်ကူးထားတာပါ။ ဒီပိုးဟာအသီးစားလင်းနို့တွေကနေတဆင့်လူဆီကိုကူးစက်ပြီး ၁၇ယောက်အသက်ဆုံးရှုံးခဲ့ရတယ်။ ဒီပိုးကဦးနှောက်ကိုရောင်ရမ်းစေပြီး မူးဝေ၊ ဖျားနာစတဲ့ရောဂါလက္ခဏာတွေပြပြီး ၂၄နာရီကနေ ၄၈နာရီအတွင်း coma ဖြစ်ခြင်း အသက်ဆုံးရှုံးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒီရုပ်ရှင်ထဲကဇာတ်ကောင်တွေအားလုံးလိုလိုဟာ ဒီပိုးကိုတကယ်ကြုံတွေ့ခဲ့ရတဲ့ ဆရာဝန်တွေ၊ လူနာတွေကိုအခြေခံထားတာပါ။

The Painted Veil

Somerset Maugham ရဲ့ဝတ္ထုကိုအခြေခံထားတဲ့ဒီရုပ်ရှင်မှာ Edward Norton နဲ့ Naomi Watts တို့ဦးဆောင်ပါဝင်ထားတယ်။ ၁၉၃၀ ဝန်းကျင်က တရုတ်ပြည်က ရွာလေးတရွာမှာကာလဝမ်းရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ကုသပေးဖို့ ရောက်လာတဲ့ဗြိတိသျှဆရာဝန်နဲ့ သူ့ဇနီးသည်တို့ရဲ့အိမ်ထောင်ရေးအဆင်မပြေမှုတွေ ရွာသူရွာသားတွေရဲ့ယုံကြည်မှုရဖို့ ဆရာဝန်ကြိုးစားအားထုတ်ပုံတွေကိုကြည့်ရမယ်။ ရောဂါပြန့်ပွားမှုထက် ရောဂါကပ်ကိုနောက်ခံထားထားတဲ့အချစ်ဇာတ်လမ်းဆိုရင်ပိုမှန်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here