Advertisement

တခေတ်တခါကဆိုရင် video game ကိုရုပ်ရှင်ပြန်ရိုက်တဲ့အခါအောင်မြင်မှုက ၅၀-၅၀ ပဲရှိတယ်။ Street Fighter franchise နဲ့ Mortal Kombat တို့လိုကွဲတဲ့ကားတွေရှိသလို Resident Evil နဲ့ Tomb Raider တို့လိုအောင်မြင်တဲ့ကားတွေလည်းရှိခဲ့တယ်။

ဒါပေမယ့် ၂၀၁၅နောက်ပိုင်းလောက်ကစပြီး video game ရုပ်ရှင်တွေခေတ်ကောင်းလာတယ်။ War of Warcraft ဆိုဝေဖန်ရေးဆရာတွေသိပ်မကြိုက်ပေမယ့် ရုံဝင်ငွေအရတော့အောင်မြင်ခဲ့တယ်။ အရင်နှစ်က Detective Pikachu နဲ့ ဒီနှစ်ထွက်ရှိထားတဲ့ Sonic the Hedgehog တို့ကအမြတ်အစွန်းများခဲ့ပြီး ရုပ်သံဇာတ်လမ်းတွဲထဲမှာဆိုရင်လည်း The Witcher ကအောင်မြင်ခဲ့တာမို့ ငါးပွက်ရာငါးစာချတတ်တဲ့ Hollywood ရဲ့ထုံးစံအတိုင်း video game အခြေခံရုပ်ရှင်တွေအများကြီးထွက်လာဖို့ရှိပါတယ်။

ဒီ list မှာ အသစ်ထွက်ရှိမယ့် video game နဲ့ပတ်သက်တဲ့ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေထဲက စိတ်ကြိုက်တချို့ကိုဖော်ပြပေးထားပါတယ်။ အခုမှစီစဉ်ဆဲအဆင့်ပဲရှိသေးပြီး မင်းသားမင်းသမီးတောင်မရွေးရသေးတဲ့ဇာတ်လမ်းတွေလည်းပါပါတယ်။

Monster Hunter (September)

Capcom ရဲ့နာမည်ကျော်ဂိမ်း Monster Hunter ထဲကသတ္တဝါကြီးတွေကိုမှီငြမ်းရိုက်ကူးထားတဲ့ဒီရုပ်ရှင်ကို ဗီဒီယိုဂိမ်းတွေကိုရုပ်ရှင်အဖြစ်အသက်သွင်းရတာဝါသနာထုံတဲ့ ဒါရိုက်တာ Paul W.S. Anderson ကရိုက်ကူးထားပြီး သူ့ဇနီး Mila Jovovich ကခေါင်းဆောင်ပါဝင်ထားပါတယ်။ Tony Jaa နဲ့ Ron Perlman တို့ကလည်းအားဖြည့်ပေးထားပါသေးတယ်။ Lieutenant Artemis နဲ့သူမရဲ့စစ်သားတွေဟာ ကမ္ဘာသစ်တခုကိုပို့ဆောင်ခံခဲ့ရပြီး အဲ့ဒီမှာရှိတဲ့သတ္တဝါဆိုးကြီးတွေကို ဧရာမဓားကြီးတွေနဲ့နှိမ်နင်းကြတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Resident Evil ရုပ်ရှင်တွေလိုအောင်မြင်မှုရဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ စက်တင်ဘာလောက်မှာ ရုံတင်ပါလိမ့်မယ်။

Without Remorse (September)

စုံထောက်နဲ့စပိုင်ဇာတ်လမ်းတွေနဲ့နာမည်ကြီးတဲ့ Tom Clancy ရဲ့ ၁၉၉၃ခုနှစ်ထုတ်ဝတ္ထုကိုအခြေခံထားတာပါ။ Clancy ရဲ့ဝတ္ထုတွေက Jack Ryan နဲ့ Rainbow Six တို့ဟာ video game တွေအဖြစ်အောင်မြင်ခဲ့ပြီး Without Remorse ထဲက Michael B Jordan ရဲ့ဇာတ်ကောင် John Clark ဆိုရင်လည်းဒီဂိမ်းတွေထဲက ဇာတ်ကောင်တကောင်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ Navy SEAL တယောက်ဖြစ်တဲ့ John Clark ဟာသူ့အမျိုးသမီးကိုသတ်သွားတဲ့သူတွေကိုစုံစမ်းလက်စားချေရင်း ရှုပ်ထွေးလှတဲ့လုပ်ကြံမှုတခုထဲပါဝင်ပတ်သက်မိသွားပုံကိုရှုစားရပါလိမ့်မယ်။ Without Remorse ဟာ Rainbow Six ရုပ်ရှင်ရဲ့ရှေ့ပြေးလည်းဖြစ်ပါတယ်။

Mortal Kombat (January 2021)

Warner Bros ကထုတ်တဲ့ Mortal Kombat reboot မှာ James Wan က producer အဖြစ်ပါဝင်ထားတော့ သူ့ရှေ့က Mortal Kombat: Annihilation လိုမ fail လောက်ဘူးလို့မျှော်လင့်ရပါတယ်။ Mortal Kombat ဂိမ်းတွေလိုပဲသွေးရဲရဲသံရဲရဲပြကွက်တွေပါလို့ R-rate အဆင့်ရှိတယ်။ Sub-Zero၊ Liu Kang၊ Scorpion တို့လို fan favourite character တွေပါမယ်။ ဒါပေမယ့် ဇာတ်လမ်းနဲ့ပတ်သက်ပြီးဘာမှမသိရသေးတဲ့အတွက် ကောင်းမကောင်းခန့်မှန်းရခက်ပါတယ်။ Mortal Kombat ဟာ Realm တခုဆီကလက်ရွေးစင် fighter တွေယှဉ်ပြိုင်သတ်ပုတ်ကြတဲ့ multi-dimensional tournament ပေါ်မှာအခြေခံထားတာဖြစ်လို့ ဒီအပေါ်မှာဘယ်လိုဖြန့်ကျက်ရိုက်ကူးမလဲဆိုတာစောင့်ကြည့်ရဦးမှာပါ။ Mortal Kombat ပရိသတ်တွေအတွက် အနီးစပ်ဆုံးအဖြစ် Mortal Kombat Legends: Scorpion’s Revenge ဆိုတဲ့ animated film တခု April ထဲထွက်ဖို့ရှိပါတယ်။

Mortal Kombat Legends: Scorpion’s Revenge (April)

နောက်လ ၁၂ရက်နေ့မှာ DVD အဖြစ်ထွက်ရှိမယ့် Mortal Kombat animation ရုပ်ရှင်ဟာ ဒီ franchise ရဲ့ပထမဆုံး animated movie ဖြစ်ပါတယ်။ အရင်ကတော့ animated series ထွက်ရှိခဲ့ဖူးတယ်။ ဒီဇာတ်ကားမှာတော့မှော်ဆရာ Shang Tsung ဟာ Realm တခုချင်းစီက အတော်ဆုံး fighter တွေကိုဖိတ်ပြီး ယှဉ်ပြိုင်တိုက်ခိုက်ခိုင်းတယ်။ အဲ့ဒီမှာမှော်ဆရာ Quan Chi က Netherrealm မှာငရဲခံနေရတဲ့ Hanzo ကို Scorpion အဖြစ်ပြန်လည်မွေးဖွားပေးပြီး Hanzo ရဲ့မိသားစုကိုသတ်သွားတဲ့ Sub-Zero ကိုလက်စားချေခွင့်ပေးလိုက်ပါတယ်။ ဒါပေမယ့်ဒီအကူအညီအတွက် Scorpion ကဘာတွေပြန်ပေးဆပ်ရမလဲ… ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ တစစီပြတ်တောက်သွားတဲ့ပြကွက်မျိုး၊ အရိုးတွေကွဲအက်ကြေမွသွားတဲ့ ပြကွက်မျိုးတွေကို trailer မှာမြင်ရတဲ့အတွက် Mortal Kombat ဂိမ်းတွေရဲ့ထုံးစံအတိုင်း graphic ဖြစ်လိမ့်မယ်လို့ယူဆရပါတယ်။

Uncharted (March 2021)

Sony ရဲ့နာမည်ကျော်ဂိမ်းစီးရီးတွေထဲက အဓိကဇာတ်ကောင် Nathan Drake အဖြစ် Tom Holland ပါဝင်သရုပ်ဆောင်မယ့် Uncharted ဟာ ၂၀၂၁ ခုနှစ်မှာထွက်ရှိလာမယ်လို့မျှော်လင့်ရပါတယ်။ Drake ရဲ့ဆရာ Victor Sullivan အဖြစ် Mark Wahlberg ကသရုပ်ဆောင်ထားပြီး Antonio Banderas (Desperado, Puss in Boots) နဲ့ Tati Gabrielle (Chilling Adventures of Sabrina) တို့လည်းပါဝင်မယ်လို့သိရတယ်။ Uncharted ဟာရတနာသိုက်ရှာဖွေသူ Nathan Drake ရဲ့စွန့်စားခန်းတွေကိုအခြေခံထားတဲ့ဂိမ်းစီးရီးဖြစ်တဲ့အတွက် Indiana Jones ဆန်ဆန်ဇာတ်လမ်းမျိုးကြည့်ရဦးမလားမသိပါဘူး။

Tomb Raider 2 (March 2021)

၂၀၁၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ Tomb Raider reboot အပြီး ၃နှစ်အကြာမှာနောက်ဆက်တွဲရုပ်ရှင်ကို ကြည့်ရပါတော့မယ်။ Alicia Vikander က Lara Croft အဖြစ်ပြန်လည်ပါဝင်လာမှာဖြစ်ပြီး ပထမရုပ်ရှင်က Kristin Scott Thomas လည်း Ana Miller အဖြစ်ပြန်လာမှာပါ။ ဒီတခါတော့အတွေ့အကြုံရင့်ကျက်သွားပြီဖြစ်တဲ့ ရတနာသိုက်မုဆိုး Lara ဟာ Trinity အဖွဲ့အစည်းကိုနှိမ်နင်းဖို့ကြိုးစားပါလိမ့်မယ်။ Tomb Raider 1 ရဲ့မပြီးပြတ်သေးတဲ့ဇာတ်လမ်းကို ပြန်ဆက်မယ်လို့ယူဆရပါတယ်။

စီစဉ်ဆဲရုပ်ရှင်နှင့်ဇာတ်လမ်းတွဲများ

ဒါတွေကတော့ release date အတိအကျမထွက်သေးဘဲအခုမှရိုက်ကူးဖို့စီစဉ်ဆဲရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေ ဖြစ်ပါတယ်။

Super Mario Bros – သူကတော့ animated feature အဖြစ်ထွက်လာမယ်လို့ကြားတယ်။ Despicable Me နဲ့ Secret Life of Pets ကိုအသက်သွင်းခဲ့တဲ့ Illumination Entertainment ကဖန်တီးမယ်လို့ ၂၀၁၈ခုနှစ်ကတည်းကကြေညာထားပြီး ၂၀၂၂ မှာထွက်ရှိမယ်လို့ပြောပါတယ်။

Mega Man – 20th Century Fox က Capcom ရဲ့နာမည်ကြီးဂိမ်းဇာတ်ကောင်ကိုရိုက်ကူးဖို့စီစဉ်နေတာ ကြာပါပြီ။ Disney က Fox ကိုဝယ်ယူအပြီးမှာလည်းဒီ project ကိုဆက်လက်အကောင်အထည်ဖော်သွားမယ်လို့သိရပါတယ်။

Call of Duty – ဒီစစ်ဆင်ရေးဂိမ်းကိုအခြေခံထားတဲ့ရုပ်ရှင်အကြောင်းသတင်းတွေထွက်နေတာ ၂၀၁၇ခုနှစ်ကတည်းကပါ။ Sicario: Day of the Soldado ကိုရိုက်ကူးခဲ့တဲ့ Stefano Solima ကဒါရိုက်တာအဖြစ်တာဝန်ယူထားပါတယ်။

Metal Gear Solid – Sony က ဒီဂိမ်းကိုရုပ်ရှင်အဖြစ်အသက်သွင်းဖို့စီစဉ်နေတာ ၁၀နှစ်လောက်ရှိပါပြီ။ Kong: Skull Island ရဲ့ဒါရိုက်တာ Jordan Vogt-Roberts ကရိုက်ကူးမှာဖြစ်ပြီး ဇာတ်ညွှန်းက ၂၀၁၈မှာအပြီးသတ်တယ်လို့သိရတယ်။ Oscar Isaac ကအဓိကဇာတ်ကောင် Solid Snake နေရာမှာသရုပ်ဆောင်ချင်တယ်လို့ပြောခဲ့ဖူးပေမယ့် သရုပ်ဆောင်ရွေးချယ်မှုနဲ့ပတ်သက်ပြီးဘာသတင်းမှ ထပ်မကြားရသေးပါဘူး။

The Last of Us – ရုပ်ရှင်မဟုတ်ဘဲ ဇာတ်လမ်းတွဲအဖြစ်ထွက်ရှိလာမှာဖြစ်ပြီး HBO ကထုတ်လွှင့်မှာပါ။ Hit series တခုဖြစ်ခဲ့တဲ့ Chernobyl ကိုစီစဉ်သူ Craig Mazin ကတာဝန်ယူမယ့် project ဖြစ်ပါတယ်။

Resident Evil – Netflix ကထုတ်လွှင့်မယ့်စီးရီးဖြစ်ပြီး ၂၀၂၁ ကျရင်ထွက်လာမယ်လို့သိရတယ်။ ဇာတ်လမ်းပိုင်းကတော့မူရင်းရုပ်ရှင်ကိုအခြေခံမှာဖြစ်ပြီး သရုပ်ဆောင်တွေကိုတော့မကြေညာသေးပါဘူး။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here